တစ်ဒေါ်လာ ကျပ် ၂၀၀၀ ဝန်းကျင် အရှိန်ပြင်းပြင်းနဲ့ ဘာကြောင့် တက်နေတာလဲ။ သွင်းကုန်လိုအပ်ချက် ကြီးမားနေလို့လား။ ကျပ်အပေါ် ယုံကြည်မှုကြောင့်လား။ တခြားပစ္စည်းတွေ ဝယ်စရာရှိလို့လား။ ဘဏ်တွေမှာ ကျပ်ငွေ မရှိတော့လို့လား။ စျေးကစားနေလို့လား။ ဘာလား။ ညာလားစတဲ့ ထင်မြင်ချက်တွေ အမျိုးမျိုး မြင်နေ၊ တွေ့နေ၊ ဖတ်နေရပေမဲ့ တိကျတဲ့သတင်းမှန် သိရဖို့ကတော့ ခက်ခဲနေပါတယ်။ ဒါပေမဲ့ အဲဒီသို့ လောသို့လောတွေကြောင့် အထွေထွေကုန်စျေးနှုန်း တက်ခြင်းကို ဦးတည်နေတာကတော့ ဒက်ထိ မှန်နေပါတယ်။
သို့လောသို့လောတွေ စျေးကွက်မှာဖြစ်ပေါ်နေတာကစပြီး ကျပ်တန်ဖိုးကျဆင်းနေတာပါ။ သို့လောသို့ လောတွေ၊ မဖြေရှင်းနိုင်တာကပဲ အထွေထွေကုန်စျေးနှုန်းတက်ခြင်းကို ဦးတည်နေတာပါ။
အမှန်တော့ လောင်စာလိုအပ်ချက်ကြောင့် ဒေါ်လာစျေးတက်၊ အဲဒီကနေ အထွေထွေကုန်စျေးနှုန်း တက်ခြင်းဟာ အစောကတည်းက ကိုင်တွယ်ထားသင့်ပါတယ်။ ကျဆင်းနေတဲ့ ကျပ်တန်ဖိုး ဖြစ်နိုင်ခြေ၊ အများစုတွေးဆချက်ကနေ အဖြေထုတ်ကြည့်မယ်ဆိုရင်-
(၁) လောင်စာဆီ တင်သွင်းနေရခြင်း။ (အများစုထောက်ပြတဲ့အချက်ဖြစ်ပါတယ်)
(၂) ကျပ်ငွေ တောင်လိုပုံရှိနေသူတွေက ကျပ် လက်ထဲမကိုင်ထား လိုတာကြောင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံ မြေ ဝယ်လိုအားတက်နေခြင်း။
(၃) ဘာကြောင့်ညာကြောင့် မှန်းမသိတဲ့အတွက် ဖြစ်ပေါ်လာရတဲ့ စိုးရိမ်ထိတ်လန့်မှု၊ ထိုစိုးရိမ်ထိတ်လန်မှုမှ စျေးကွက်မရေမရာ ဖြစ်ပေါ်လာခြင်း။
(၄) စျေးကစားမှုနှင့် အရန် နိုင်ငံခြားငွေ။
(၁) လောင်စာဆီ တင်သွင်းနေရခြင်း
ပထမ လောင်စာဆီတင်သွင်းနေရလို့ ဒေါ်လာလိုအပ်ချက်ရှိပါတယ်။ ဒါဟာ တွေးဆချက်ဖြစ်သလို လက်တွေ့အချက်အလက်နဲ့ ရှင်းပြရင် ရနိုင်ပါတယ်။ လောင်စာလိုအပ်ချက်ကြောင့် ဒေါ်လာတွေ လိုက်ဝယ်နေရလို့ ကျပ်တန်ဖိုးကျတယ်ဆိုရင် အချက်အလက်ဒေတာနဲ့ ရှင်းပြသင့်ပါတယ်။
မြန်မာပြည်ရဲ့ လောင်စာဆီ တစ်ရက် သုံးစွဲမှုပမာဏ၊ ကားအစီးအရေအတွက်၊ Private Transportation အခြေအနေ၊ အရန်နိုင်ငံခြားငွေ၊ လောင်စာဆီတင်သွင်းမှု လိုအပ်ချက် (သုံးလ၊ ခြောက်လ၊ တစ်နှစ်စသည်) နဲ့ လောင်စာဆီ အော်ဒါ မှာထားမှုအခြေအနေ၊ ထိုမှ နိုင်ငံခြားငွေလိုအပ်ချက်၊ ပို့ကုန်ဒေါ်လာ ရရှိနိုင်တဲ့ နည်းလမ်းများ စတဲ့အချက်တွေနဲ့ရှင်းပြပြီး သို့လောသို့လောတွေကို ဖြေရှင်းရပါမယ်။
လောင်စာလိုအပ်ချက်ကြောင့် ဒေါ်လာတက်တယ်ဆိုရင်၊ လောင်စာဆီစားသုံးမှုကို လျှော့ချတဲ့နည်း လမ်းရှာရပါလိမ့်မယ်။ လောင်စာလိုအပ်ချက် ဖြုန်းအားကြီးမားတဲ့ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးစနစ်ကနေ Public Transportion ကို အားပြုရပါမယ်။ (မီးရထား၊ သင်္ဘော စသည်ဖြင့်) လောင်စာ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး၊ ကုန်စျေးနှုန်းက ချိတ်နေတာဖြစ်တဲ့အတွက်ပါ။
ကျပ်တောင်လိုပုံရှိနေသူတွေရဲ့ ဝယ်လိုအားမြင့်တက်မှုကြောင့် ဒေါ်လာစျေး အဆမတန်တက်ခြင်း၊ ဒါကိုလည်း စနစ်တကျဆန်းစစ်ပြီး ကိုင်တွယ်သင့်ပါတယ်။ စိုးရိမ်ကြောင့် ကြမှုတွေ ဖြေလျော့သွားဖို့ ၂၀၀၈ ဖွဲ့စည်းပုံပုဒ်မ ၃၆ မှာ ကျပ်တွေ မသိမ်းဘူးဆိုတာ အာမခံတဲ့အကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုရှိကြောင်း၊ ပုဂ္ဂလိကဘဏ်တွေ၊ အစိုးရဘဏ်တွေ ကျပ်ကို အာမခံပေးနိုင်ကြောင်း၊ စျေးကွက်ထဲမှာရှိတဲ့ ကျပ်ငွေ၊ ဘဏ်မှာရှိတဲ့ကျပ်ငွေ စသည်ဖြင့် ကျပ် အပေါ်ယုံကြည်မှု ခိုင်မာအောင် ရှင်းပြသင့်ပါတယ်။
(၂) ကျပ်ငွေ တောင်လိုပုံရှိနေသူတွေက ကျပ်ငွေ လက်ထဲမကိုင်ထားလိုတာကြောင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ ဝယ်လိုအား တက်နေခြင်း
ကျပ်ငွေတန်ဖိုး ကျနေတယ်။ စျေးကွက်၊ ကုန်သွယ်မှုကြောင့် မဟုတ်တန်ဘူး။
ကျပ်ငွေ တောင်လိုပုံနေတဲ့သူတွေ ကျပ်အရည်ဖျော်နေတဲ့ သူတွေကြောင့် စျေးကွက်မှာ ကျပ်အပေါ် ယုံကြည်မှုနည်းပြီး ကြောက်အား လန့်အားဖြစ်ပြီး ကျပ်တန်ဖိုးက မောက်ကမဖြစ်နေတာပါ။
ကားပါမစ်တွေ ပိတ်တယ်။ Trade စိစစ်မယ်ဆိုပြီး လုပ်နေတာ တွေ့ရတယ်။
အဓိကကတော့ ကျပ်အပေါ် ယုံကြည်မှုကြောင့် စျေးကွက်ပျက်နေတာ။ ကျပ်ကို မယုံကြည်သူတွေ နဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲ ထိန်းမလဲ အဲဒါဖြေဆေးပါ။
ကျပ် မယုံကြည်သူတွေကို မဖြေရှင်းဘဲ ကားပါမစ်တွေ၊ ကုန်သွယ်မှုတွေ၊ ကိုယ်နိုင်တာကိုယ် ကိုင်တွယ်နေတာနဲ့တော့ ခုတ်ရာတခြား ရှရာတခြားဖြစ်နေမှာ စိုးရိမ်ပါတယ်။
FE ထုတ်ရောင်းရအောင်ကလည်း အရန်နိုင်ငံခြားငွေ ဘယ်လောက်များရှိလို့လဲ။ FDI က ကျ၊ လွှဲပြောင်းငွေက နည်း၊ အိတ်စပို့ပိုက်ဆံက နည်း၊ ဆင့်ပါးစပ်နှမ်းပက်သလို ဖြစ်နေပါပြီ။
နိုင်ငံတကာအတိုင်းအတာအရ လောင်စာအကျပ်အတည်းကြောင့်ဖြစ်နေတဲ့ စီးပွားရေးအကျပ်အတည်းဟာ ဖြေရှင်းဖို့ နည်းတွေရှိပါတယ်။
နိုင်ငံတကာမှာက လောင်စာကြောင့် အကျပ်အတည်းဖြစ်တာ။ သူတို့ကိုယ်ပိုင်ငွေအပေါ် ယုံကြည်မှုကျဆင်းလို့ အကျပ်အတည်းဖြစ်နေတာ မဟုတ်ဘူး။
လောင်စာနဲ့ စီးပွားရေးအကျပ်အတည်း ထိန်းတဲ့နည်းက တစ်မျိုး။ ကျပ် မယုံကြည်သူတွေ၊ ကျပ် တောင်လိုပုံနေသူတွေ၊ ကျပ်အရည် ဖျော်နေသူတွေကြောင့် ကစဉ့်ကလျားဖြစ်နေတဲ့ စျေးကွက်ကို ထိန်းဖို့ကျတော့ အရူးကွက်နင်းပြီး မသိချင်ယောင်ဆောင်နေတယ်။
ကြားက ပြည်သူတွေကတော့ အထွေထွေစျေးနှုန်းမြင့်မှုကြောင့် တိုင်ပတ်နေပြီ။ အခုအထိ ကျပ် အရည်ဖျော်နေသူတွေ မထိန်းကွပ်သေးဘူး။
ကျပ်ငွေ တောင်လိုပုံရှိနေသူတွေကို တခြားထုတ်လုပ်မှုကဏ္ဍ၊ လယ်ယာကဏ္ဍဆီ မြားဦးလှည့်လိုက်ပြီး ဖြေရှင်းလို့ရတဲ့နည်းတွေ မက်လုံးတွေ သုံးသင့်ပါတယ်။ ကျပ်ငွေ မရှိသူတွေအတွက်လည်း နည်းလမ်းရှာသင့်ပါပြီ။
(၃) ဘာကြောင့်ညာကြောင့်မှန်းမသိတဲ့အတွက် ဖြစ်ပေါ်လာရတဲ့ စိုးရိမ်ထိတ်လန့်မှု၊ ထိုစိုးရိမ်ထိတ်လန့်မှုမှ စျေးကွက်မရေမရာ ဖြစ်ပေါ်လာခြင်း
ဘာကြောင့်ညာကြောင့်မှန်းမသိ စိုးရိမ်ပူပန်မှု၊ ကြောင့်ကြမှုတွေကြောင့်ဖြစ်နေတဲ့ အထွေထွေကုန် စျေးနှုန်းတက်ခြင်းဟာလည်း အန္တရာယ်ရှိပါတယ်။ ဘာကြောင့်ညာကြောင့်၊ သို့လောသို့လော ကိစ္စကတော့ ထွက်ရှင်းလိုက်သင့်ပါတယ်။ သက်ဆိုင်ရာ Stakeholder များ စုပေါင်းပြီး မီဒီယာကနေ ထွက်ရှင်းပြီး စိုးရိမ်ကြောင့်ကြမှုကို လျှော့ချသင့်ပါတယ်။
အခုဖြစ်နေတာက သို့လောသို့လောအပေါ် ကိုင်တွယ်မှုနှောင့်နှေးခဲ့လို့ အထွေထွေကုန်စျေးနှုန်း တက်ခြင်းအပေါ် ဦးတည်နေတဲ့ သက်ရောက်မှုက ပိုကြီးနေတယ်လို့ထင်ပါတယ်။ လူတွေကလည်းတိတိကျကျ အချက်အလက်နဲ့ သိတဲ့လူနည်းလို့၊ သို့လောသို့လောကြောင့် ဒေါ်လာစျေး အရှိန်နဲ့တက်နေခြင်းဖြစ်တယ်လို့ မြင်ပါတယ်။
အများက လောင်စာကြောင့်၊ ဒေါ်လာကြောင့်၊ နိုင်ငံခြားအရန်ငွေနည်းခြင်းကြောင့် ဘယ်လိုပင် သတ်မှတ်ကြပေမဲ့ ကနဦးကတည်းက ရှင်းလင်းထားခဲ့ရင် အခုဖြစ်နေတဲ့ အထွေထွေကုန်စျေးနှုန်းတက်ခြင်း ဘက်လှည့်လာတဲ့မြားဦးကို ရွှေ့ပစ်လိုက်လို့ရပါတယ်။
(၄) စျေးကစားမှုနှင့် အရန်နိုင်ငံခြားငွေ
လူတွေရဲ့ သို့လောသို့လော စိုးရိမ်ပူပန်မှု၊ စိုးရိမ်ထိတ်လန့်မှုက ဗိုင်းရပ်စ်လိုကူးသွားပြီး သက်ရောက်မှုတွေ ဖြစ်လာတာပါ။ ဒေါ်လာလှောင်သူများရဲ့ စျေးကစားမှု။ ဒီအချက်ကတော့ အချိန်ကြာလာတာနဲအမျှ ဖြစ်နိုင်ခြေနည်းသွားပါတယ်။ အရန် နိုင်ငံခြားငွေကြေးနဲ့ပတ်သက်ပြီး ဖြည့်ရမယ့်ကိစ္စကတော့ ကြိုတင်လုပ်ထားဖို့ လိုအပ်ပါလိ့မ်မယ်။
အခုဖြစ်နေတဲ့ ဒေါ်လာစျေးနှုန်း အရှိန်နဲ့တက်နေခြင်း၊ ထိုမှ အထွေထွေကုန်စျေးနှုန်း တစ်ဟုန်ထိုး တက်နေခြင်းဟာ သို့လောသို့လောကြောင့်ဖြစ်တဲ့ ပမာဏကရာခိုင်နှုန်း ပိုများတယ်လို ယူဆပါတယ်။
ကိုယ့်ရှေ့က ထမင်းဝိုင်းမှာ အမည်စုံဖြစ်နေလို့ ပြည်သူတွေ ထမင်းကောင်း ဟင်းကောင်း စားနေရတယ်။ ကိုယ့်ပတ်ဝန်းကျင် လုံခြုံစိတ်ချရလို့ တစ်တိုင်းပြည်လုံး လုံခြုံစိတ်ချနေတယ်လို့တော့ မတွေးထင်စေချင်ဘူး။ ထင်မှတ်မထားစေချင်ပါဘူး။










