အာဆီယံပြင်ပအသိုက်အဝန်းများ၏ ဖိအားပေး၊ သွေးထိုး၊ သပ်လျှိုမှုနှင့်အတူ အာဆီယံနိုင်ငံ အချင်းချင်းမျက်နှာထက် ကျော်လွန်ကြည့်ရသည့် သက်ရောက်မှုများရှိလာနိုင်သည်ကို သတိပြုရန် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောကြား

အာဆီယံပြင်ပအသိုက်အဝန်းများ၏ ဖိအားပေး၊ သွေးထိုး၊ သပ်လျှိုမှုနှင့်အတူ အာဆီယံနိုင်ငံ အချင်းချင်းမျက်နှာထက် ကျော်လွန်ကြည့်ရသည့် သက်ရောက်မှုများရှိလာနိုင်သည်ကို သတိပြုရန် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောကြား
Published 13 November 2021

အာဆီယံပြင်ပ အသိုက်အဝန်း၏ ဖိအားပေး၊ သွေးထိုး၊ သွေးခွဲ၊ သပ်လျှိမှုနှင့်အတူ စည်းလုံးညီညွတ်သော အာဆီယံအဖွဲ့အတွင်း ဝင်ရောက်စွက်ဖက်မှုများနှင့် အာဆီယံနိုင်ငံ အချင်းချင်း မျက်နှာထက်ကျော်လွန်ကြည့်ရသည့် သက်ရောက်မှုများရှိလာနိုင်သည်ကို သတိပြုရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

(၂၂) ကြိမ်မြောက် အာဆီယံ ကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်က Virtual Conferencing ဖြင့်ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။ 

ကိုဗစ်-၁၉ ကပ်ရောဂါကို ကမ္ဘာ့နိုင်ငံများအားလုံး လူသားများ၏အသက်ခန္ဓာကိုယ်နှင့်ရင်း၍ ကျော်လွှားနိုင်ရန် အရေးကြီးဆောင်ရွက်နေချိန်တွင် အင်အားကြီးနိုင်ငံအချို့၏ မဟာဗျူဟာ အားပြိုင်မှုများသည် အာဆီယံ အပါအဝင် ဒေသအသီးသီးအပေါ် ရိုက်ခတ်မှုများ ရှိလာခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

အာဆီယံဗဟိုပြုမှု၊  အာဆီယံစုစည်းညီညွတ်မှုနှင့် အာဆီယံလမ်းကြောင်းတို့သည် မည်သည့်အချိန်နှင့်မျှမတူအောင် ခြိမ်းခြောက်ခံနေရပြီ ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး ယခင်ကထက်ပို၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှုမပြုခြင်းဆိုသည့် အခြေခံမူသည် အခြားဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်မတူကွဲပြားပြီး ထူးခြားလှသည့် အာဆီယံ၏ အမှတ်လက္ခဏာ တစ်ခုဖြစ်သည်ကို အလေးအနက်ထား ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာကို အမြဲတစေလေးစားခဲ့သလိုမည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းလည်းမရှိခဲ့ကြောင်း၊ သို့သော် ယနေ့အာဆီယံ ထိပ်သီးအစည်းအဝေးတွင်မက ဆွေးနွေး ဖက်နိုင်ငံများနှင့် အစည်းအဝေးများတွင်ပါ မြန်မာနိုင်နှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကို ကြည့်ပါက ASEAN Centrality ၊ ASEAN Unity နှင့် ASEAN Way ကို ထိခိုက်လာပြီလားဆိုသည်ကို သံသယဖြစ်စရာ တွေ့ရှိလာရကြောင်း ၎င်းက ဆိုသည်။

အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့လာရောက်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် အလေးထား ဆောင်ရွက်ခဲ့သော်လည်း အမျိုးမျိုးသော ညှိနှိုင်းမှုများနှင့် ပြောင်းလွယ် ပြင်လွယ် တောင်းဆိုမှုများအပြင် နိုင်ငံ၏တည်ဆဲဥပဒေဖြစ်သည့် တရားရင်ဆိုင်ဆဲပုဂ္ဂိုလ်တစ်ဦးကို မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းကမျှ တွေ့ခွင့်မရှိသည့်အချက်ကို ကျော်လွန်၍ တွေ့ခွင့်ရရန်မဖြစ်နိုင်သည့် တောင်းဆိုချက်များပါ ကြုံတွေ့ခဲ့ရကြောင်း၊ ၎င်းကိစ္စရပ်များနှင့်ပတ်သက်၍ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဘရူနိုင်းနိုင်ငံ၏ အောက်တိုဘာ ၁၆ ရက် ကြေညာချက်သည် အာဆီယံ၏ ပဋိညာဉ်အပိုဒ် ၂၀(၁) ဖြစ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဆွေးနွေးတိုင်ပင်ခြင်းနှင့် တူညီဆန္ဒကို အခြေခံရမည်ဆိုသည့်အချက်၊ အပိုဒ်၂ (၂) (က)၊ (င) နှင့် (စ) ပါ အဖွဲ့ဝင် နိုင် ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားရန်၊ ပြည်တွင်းရေး မစွက်ဖက်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားရေးတည်ရှိမှုကို ပြင်ပမှမစွက်ဖက်ရေး စသည့်မူများနှင့် ဆန့်ကျင်နေသည်ကို တွေ့ရှိရသဖြင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ရှင်းလင်းပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် တာဝန်အား စတင်တာဝန်ယူသည့်ကာလမှစ၍ ချမှတ်ထားပြီး အာဆီနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၌လည်း ရှင်းလင်းတင်ပြခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်အတိုင်း ခိုင်မာတိကျစွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အာဆီယံ၏ သဘောတူညီချက် ငါးရပ်အတိုင်း လုပ်ငန်းစဉ်များအား အတတ်နိုင်ဆုံးပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ‘နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုသည်။ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည်’ ဆိုသည့် နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်လက်လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း သဘောထားထုတ်ပြန် ကြေညာခဲ့သည်ကိုလည်း အဆွေတော်တို့မှတစ်ဆင့် နိုင်ငံ့ခေါင်းဆောင်အသီးသီးအား ပကတိအခြေအနေမှန်ကို အသိပေးတင်ပြနိုင်ရေးကိုလည်း ဆွေးနွေးလိုကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ယခုကဲ့သို့ ASEAN Centrality ၊ ASEAN Unity နှင့် ASEAN Way များကို ကျော်လွန်ဆောင်ရွက်လာသည်မှာ မြန်မာနိုင်ငံတစ်ခုတည်းအပေါ်ကိုသာ သက်ရောက်မည်မဟုတ်ဘဲ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးအပေါ်တွင်လည်း တစ်နည်းမဟုတ် တစ်နည်း မည်သည့် အချိန်မျိုးတွင်မဆို ယခုကဲ့သို့ အာဆီယံပြင်ပအသိုက်အဝန်းများ၏ အသွေးအရောင်စုံ ဖိအားပေး၊ သွေးထိုး၊ သွေးခွဲ၊ သပ်လျှိုမှုနှင့်အတူ စည်းလုံးညီညွတ်သော အာဆီယံအဖွဲ့အတွင်း ဝင်ရောက်စွက်ဖက်မှုများ၊ တစ်နည်းအားဖြင့် အာဆီယံနိုင်ငံ အချင်းချင်း မျက်နှာထက်ကျော်လွန်ကြည်ရသည့် သက်ရောက်မှုများရှိလာနိုင်သည်ကိုလည်း သတိပြုကြစေလိုကြောင်း၊ ပိုမိုစည်းလုံးညီညွတ်သည့်အာဆီယံ အသိုက်အဝန်းဖြစ်လာရန်အတွက် အာဆီယံကြည်းတပ်များ အဆင့်မှသည်နိုင်ငံအဆင့်အထိ ယခင်ထက်ပို၍ နားလည်မှုရှိရန်၊ ယုံကြည်မှုရှိရန်၊ အပြန်အလှန်လေးစားရန်လိုအပ်သည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

Most Read

Most Recent