အတိုင်ပင်ခံပုဂ္ဂိုလ်အား ပေးအပ်ရန် ရွှေချောင်းနှင့် ဒေါ်လာများကို စီစဉ်ပေးခဲ့ရသည်ဟု ဦးဖြိုးမင်းသိန်း၏ ဇနီး ဒေါ်ခင်မိမိကြွယ်က တရားရုံး၌ ယနေ့ (နိုဝင်ဘာ ၁၂ ရက်) တွင် ထွက်ဆိုခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ ရုံးထုတ်စစ်ဆေး ခဲ့ကြောင်း သိရသည်။
ယနေ့ရုံးချိန်းတွင် ရာဇသတ်ကြီးအမှုအမှတ်(၂)ဖြစ်သော အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းမှ ရွှေနှင့် ဒေါ်လာများ လာဘ်ငွေအဖြစ် ပေးခဲ့ရသည်ဆိုသော စစ်ဆေးတွေ့ချက်များအရ တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူ ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များကို ထောက်ခံထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
ဒေါ်ခင်မိမိကြွယ်၏ ထွက်ဆိုချက်များတွင် ဦးဖြိုးမင်းသိန်းမှ တောင်းဆိုခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ရန် ဆိုင်မှရွှေများကို အခေါက်တုံးလုပ်ခြင်း၊ အချို့ကို ရောင်းချ၍ ဒေါ်လာဝယ်ပေးခဲ့ကြောင်း၊ ယင်းပစ္စည်းများကို သွားရောက်ပေးအပ်ရာတွင် ၎င်းလိုက်ပါသွားခြင်းမရှိကြောင်း၊ ရက်စွဲများကိုလည်း အတိအကျ မမှတ်မိကြောင်းတို့ကို ထည့်သွင်းထွက်ဆိုသွားကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
ထို့ပြင် လရောင်တောတွင် ဒေါ်ခင်ကြည်ဖောင်ဒေရှင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန် အတွက် တစ်ထပ်အဆောက်အဦအား ဒေါ်ခင်ကြည်ဖောင်းဒေရှင်းသို့ အများပြည်သူ လှူဒါန်းငွေများမှ အသုံးပြုခဲ့ခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် အရေးယူရန် တင်ပြသည့်ထားသည့် ရာဇသတ်ကြီး အမှုအမှတ်(၅)နှင့်ပတ်သက်၍ နေပြည်တော်စည်ပင်မှ အရာရှိတစ်ဦး လာရောက်အစစ်ခံခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
ယနေ့(နိုဝင်ဘာ ၁၂ ရက်) ရုံးချိန်းတွင် ရာဇဝတ်ကြီးအမှုအမှတ်(၃)ဖြစ်သည့် နေပြည်တော်တွင် လရောင်တော်စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောင်ရွက်ရန်အတွက် မြေကွက် ၁၀၁ ဒဿမ ၃၃ ဧကအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်(၂)ဦးမင်းသူတို့က ချပေးသည့်ကိစ္စကို အရေးယူပေးရန် တင်ပြထားသည့် အမှုနှင့် ရာဇဝတ်ကြီးအမှုအမှတ်(၄)အဖြစ် နေပြည်တော် ပုဗ(ဗ)သီရိမြို့နယ်တွင် မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို လျှောက်ထားရယူသည့်ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦး တို့အား တရားစွဲဆိုထားသည်အမှုတို့ နှင့်ပတ်သက်၍ စစ်ဆေးခဲ့ခြင်းမရှိဘဲ လာမည့် ရုံးချိန်းမှသာ သက်သေများကို စစ်ဆေးမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန်အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သည့် ဒေါက်တာမျိုးအောင်၊ နေပြည်တော် ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတွင် ကော်မတီဝင်(၂)အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဦးမင်းသူတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများအား နိုဝင်ဘာ ၁၉ ရက်တွင် ရုံးထုတ်စစ်ဆေးရန်အတွက် ချိန်းဆိုထားကြောင်း သိရသည်။















