နယ်စပ်မှ အစုလိုက်အပြုံလိုက်ထွက်ခွာနေမှုကို Save Migration ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ

နယ်စပ်မှ အစုလိုက်အပြုံလိုက်ထွက်ခွာနေမှုကို Save Migration ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ
နယ်စပ်ဖြတ်ကျော် မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံတာဝန်ရှိသူတို့က ဖမ်းဆီးစစ်ဆေးနေစဉ်
နယ်စပ်ဖြတ်ကျော် မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံတာဝန်ရှိသူတို့က ဖမ်းဆီးစစ်ဆေးနေစဉ်
Published 7 November 2021
ဇော်မိုးဦး (မြိတ်)

မြန်မာ-ထိုင်းနယ်စပ်များမှတစ်ဆင့် မြန်မာရွှေ့ပြောင်းလုပ်သားအများအပြား ထိုင်းနိုင်ငံသို့ ဝင်ရောက်နေခြင်း၊ ဖမ်းဆီးခံရခြင်း၊ တားဆီးပြန်ပို့ခံရခြင်း၊ ပြစ်ဒဏ်စေ့ပြီး ပြန်လည်ပို့ဆောင်ခံရခြင်း စသည့်သတင်းများမှာ ၂၀၂၁ ခုနှစ် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာမှ နိုဝင်ဘာလပထမပတ်အထိ ကြားသိနေရပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်များတွင် လုံခြုံရေးအထူးတင်းကျပ်ထားပြီး အထူးသဖြင့် မြန်မာ-ထိုင်း နယ်စပ်ကိုအဓိကထား စောင့်ကြည့်ကာ လူဝင်လူထွက်ကို နယ်စပ်တောလမ်းများပါမကျန် စောင့်ကြည့်နေကြပါတယ်။ သွားလာရန်မလွယ်တဲ့ နယ်စပ်တောလမ်းများကိုပါ လုံခြုံရေးကင်မရာများ တပ်ဆင်ထားခြင်း၊ သံဆူးကြိုးကာရံခြင်း၊ ကျေးရွာများတွင် စေတနာ့ဝန်ထမ်းအဖွဲ့များဖြင့် စောင့်ကြည့်ခြင်းများကို လုပ်ဆောင်လျက်ရှိပါတယ်။ မည်သို့ပင် စောင့်ကြည့်စေကာမူ မြန်မာရွှေ့ပြောင်းလုပ်သားများမှာ သွားလာရန် မလွယ်သည့် နယ်စပ်တောလမ်းများကို ရွေးချယ်အသုံးပြုပြီး ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရန်ကြိုးစားနေကြပါတယ်။

လမ်းပြထိုင်းနိုင်ငံသားများကလည်း မြန်မာရွှေ့ပြောင်းလုပ်သားများနဲ့အတူ ဖမ်းဆီးခံရသည့် သတင်းများ နေ့စဉ်နီးပါးတွေ့နေရပါတယ်။ ထိုင်းနိုင်ငံအတွင်းသို့ မြန်မာရွှေ့ပြောင်းလုပ်သားများ အသည်းအသန် ဝင်ရောက်ဖို့ကြိုးစားနေတဲ့ အကြောင်းရင်းများစွာထဲက အဓိကအကြောင်းရင်းက ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးလာခြင်း၊ ကပ်ရောဂါအခြေအနေများနဲ့ နိုင်ငံရေးအခြေအနေများကြောင့် စားဝတ်နေရေးခက်ခဲလာခြင်း၊ ထိုင်းနိုင်ငံတွင် အလုပ်သမား လိုအပ်ချက်များပြားလာခြင်းနှင့် ထိုင်းနိုင်ငံအတွင်းမှာရှိနေတဲ့ မိတ်ဆွေအသိုင်းအဝိုင်းများက ခေါ်ယူနေတာကြောင့်ဖြစ်ပါတယ်။

“အခုလောလောဆယ်မှာ မသွားစေချင်သေးဘူး။ စာရွက်စာတမ်းမစုံတဲ့အတွက် အခက်အခဲတွေ အမျိုးမျိုးကြုံဖို့ရှိတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ ရှိနိုင်တယ်။ ဒါကြောင့်မို့လို့ မကြာတော့တဲ့ကာလမှာ တရားဝင်သွားရောက်စေချင်တယ်။ ရွှေ့ပြောင်းလုပ်သားတွေကို ကျွန်တော်ပြောချင်တာက လက်ရှိထိုင်းနိုင်ငံမှာ အလုပ်သမားတွေ အများကြီးလိုအပ်နေတယ်။ သွားကိုသွားရမှာပါ။ တရားဝင် စာရွက်စာတမ်းတွေနဲ့သွားရမယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အပြည့်အဝ ရရှိခံစားရမယ်။ အခုကြားကာလမှာဘာတွေ ဖြစ်နေသလဲဆိုတော့ ဟိုဘက်မှာရှိတဲ့ ဆွေမျိုးမိတ်ဆွေတွေက သူတို့ကိုအကြောင်းကြားတယ်။ ထိုင်းနိုင်ငံဘက်ရောက်မှ အလုပ်ဝင်ကြမယ်၊၊ ပွဲစားတွေကနေတစ်ဆင့် သွားတယ်ပေါ့။ ပွဲစားခတွေက ရှစ်သိန်းကနေ ၁၅ သိန်းအထိကုန်ကျနေတယ်။ အဲဒီလိုသွားရင် လမ်းမှာအခက်အခဲတွေ အများကြီးဖြတ်သန်းရတယ်။ ကိုဗစ်ရောဂါက မကင်းစင်သေးတော့ နယ်စပ်လမ်းတစ်လျှောက်မှာ လုံခြုံရေးတွေက တင်းကျပ်ထားတယ်။ ဘယ်လိုမှသွားလို့ မရနိုင်ဘူး။ အလွန့်ကို ကံကောင်းပါမှ နည်းနည်းပါးပါး လွတ်သွားကြတာ။ လမ်းကြောင်းတွေ ပွင့်ပြီဆိုရင် တရားဝင်သွားကြပါ။ MoU စနစ်လေးနဲ့ သေချာသွားကြပါလို့ ပြောကြားချင်ပါတယ်” လို့ မြန်မာရွှေ့ပြောင်းလုပ်သားများ အရေးဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ တာဝန်ခံ ဦးမိုးဝေက ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံအနေဖြင့်မကြာမီ MoU အလုပ်သမားများအမြန်ဆုံး ခေါ်ယူမည်ဟုကြေညာထားသော်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများမှာ နယ်စပ်လမ်းများမှတစ်ဆင့် နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ရောက်ရန် ကြိုးစားနေကြောင်းသိရသည်။

“တနင်္သာရီတိုင်းကို ခရီးသည်တင်ကားလိုင်းတွေ မပြေးဆွဲသေးဘူး။ ဒါပေမဲ့ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကလူတွေ နေ့စဉ်ကားတွေနဲ့ ရောက်လာနေကြတယ်။ တည်းခိုခန်းတွေမှာ လူတွေပြည့်နေတယ်။ နောက်နေ့ကျရင် အဲဒီလူတွေပျောက်သွားတယ်။ နောက်တစ်ဖွဲ့ရောက်လာတယ်။ ဒီလိုပဲ သွားနေကြတာတွေ့တယ်။ နယ်စပ်မှာ ဖမ်းခံထိတဲ့ သတင်းတွေလည်း နေ့တိုင်းတွေ့နေရတယ်” လို့  တနင်္သာရီတိုင်းအတွင်းမှ ဒေသခံများကပြောကြားခဲ့ပါတယ်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများမှ အလုပ်သမားများကိုမှီခိုပြီး စီးပွားရေးယန္တရား လည်ပတ်နေရတဲ့ ထိုင်းနိုင်ငံအနေနဲ့ အလုပ်သမားခေါ်ယူဖို့ကိစ္စက မလွဲမသွေ လုပ်ဆောင်ရမှာပါ။ မြန်မာရွှေ့ပြောင်းလုပ်သားများအနေနဲ့ တရားဝင်နည်းလမ်းများနဲ့ သွားပြီး ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို အပြည့်အဝယူရမှာပါ။

ကြားကာလတစ်ခု အတွင်းမှာ ပွဲစားများရဲ့ အကွက်ရိုက်မှုကိုခံရပြီး တရားဝင်သွားတာထက် အများကြီးငွေကုန်ကြေးကျတာတွေ၊ အချိန်ကုန်တာတွေ၊ ဖမ်းဆီးခံနေရတာတွေ ဖြစ်နေပါတယ်။ ဒါကိုလည်း အလုပ်သမားများအရေး ဆောင်ရွက်ပေးနေသူများက ထောက်ပြပြောဆိုနေကြတယ်။

“ထိုင်းက မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားအဖွဲ့တွေကနေ MoU ထိုးထားပြီးသား ဖြစ်တယ်။ အလုပ်သမား ရှစ်သိန်းခေါ်ဖို့ရှိတယ်။ လောလောဆယ် လေးသောင်းခေါ်မယ်။ နောက်ပြီးတော့ ထိုင်းနိုင်ငံထဲမှာ ပတ်စ်ပို့သက်တမ်းကုန်သွားတဲ့သူတွေကို အရင်ဦးစားပေးလုပ်ဆောင်ပေးမယ်။ အဲဒါပြီးတာနဲ့ MoU ထိုးထားတဲ့သူတွေကို ခေါ်ဖို့စီစဉ်ထားပြီးသားပါ။ကပ်ရောဂါအခြေအနေတွေကြောင့် ဆိုင်းငံ့ထားရတယ်။ ကျွန်တော် ပြောချင်တာကလွန်ခဲ့တဲ့ လေးလအတွင်းမှာ နယ်စပ်ကိုဖြတ်ကျော်ပြီး တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ သွားတဲ့သူတွေ အတော်များများ ရှိလာတယ်။ ဖမ်းမိတာရှိတယ်။ တားဆီးပြီး ပြန်ပို့တာရှိတယ်။ အဲဒီမှာသူတို့ကို တရားဝင်တဲ့နည်းလမ်းတွေနဲ့ သွားလို့ရတဲ့နည်း Save Migration ဆိုတဲ့ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာတဲ့နည်း ခေါင်းစဉ်နဲ့ သင်တန်းလေးတွေ ပို့ချပေးပါတယ်။ သူတို့က အိမ်ပေါင်၊ ယာပေါင်ပြီး လာကြတယ်။ ဆုံးရှုံးမှုတွေ၊ အချိန်ကုန်သွားရတာတွေ ရှိတယ်။ အဲဒီလိုမဖြစ်အောင်အမြဲတမ်း ပြောပြတယ်” လို့  FED မှ ဦးမိုးဝေက ဆက်လက်ပြောကြားခဲ့ပါတယ်။

ရွှေ့ပြောင်းလုပ်သားများအနေနဲ့ ထိုင်းနိုင်ငံမှာ အလုပ်သမား လိုအပ်ချက် မြင့်မားနေတာကို သိနေတဲ့အတွက် အချိန်တစ်ခုကို မစောင့်နိုင်ဘဲ တရားမဝင်တဲ့ နည်းလမ်းများဖြင့် သွားရောက်နေကြသည့်အပေါ် ပွဲစားများက အမြတ်ထုတ်နေခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှ အလုပ်ရှင်များကလည်း အလုပ်သမား လိုအပ်ချက် ရှိနေသည့်အတွက် ထိုင်းနိုင်ငံသားလမ်းပြများနဲ့ တရားမဝင်ခေါ်ယူမှုများလည်း ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ ဘန်ကောက်မြို့ကိုသွားတဲ့လမ်းမှာ အရေးပေါ်လူနာတင်ယဉ်နဲ့ ခေါ်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀ ဦး ဖမ်းမိခဲ့ပါတယ်။ လူနာတင်ယာဉ်ပေါ်မှာ PPE ဝတ်စုံဝတ်ဆင်ထားတဲ့ ထိုင်းနိုင်ငံသားနှစ်ဦးက မြန်မာရွှေ့ပြောင်းလုပ်သားများကို ခေါ်ဆောင်လာကြောင်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ တစ်လခန့်နေထိုင်ပြီးနောက် ဘန်ကောက်မြို့ကို အလုပ်ရှင်ကိုယ်တိုင်စီစဉ်ပြီး ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနတစ်ခုတွင် ဖော်ပြထားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်ထုတ်ပြန်ထားချက်များအရ အလုပ်ခွင်တွင် တရားမဝင် အလုပ်သမားများ တွေ့ရှိပါက ထိုင်းဘတ်ငွေတစ်သောင်းမှ တစ်သိန်းအထိ အလုပ်ရှင်ဘက်က ပေးဆောင်ရမည်။ တရားမဝင်အလုပ်ခွင်ဖြစ်ပါက ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေ ဘတ်ငါးသောင်းမှ နှစ်သိန်းအထိ ပြစ်ဒဏ်ကျခံရနိုင်ပြီး ပြည်ပအလုပ်သမား ငှားရမ်းခြင်းအတွက်ပါ သုံးနှစ်ပိတ်ပင်ခံရနိုင်ပါတယ်။ အလုပ်လုပ်ခွင့် လက်မှတ်မရှိခြင်း၊ သို့မဟုတ် ပြည်ပအလုပ်သမားများ လုပ်ပိုင်ခွင့်မရှိသော လုပ်ငန်းအမျိုးအစားတွေ့ရှိလျှင် ဒဏ်ငွေဘတ် ငါးထောင်မှ ငါးသောင်းအထိ ဒဏ်တပ်ကာ မိခင်တိုင်းပြည်သို့ ပြန်ပို့ခံရနိုင်ကြောင်း ဖော်ပြထားပါတယ်။

“တရားဝင်သွားရင် Zero Course ဆိုတာရှိတယ်။ အစိုးရ သတ်မှတ်နှုန်းထားက ဘတ်တစ်သောင်းနှစ်ထောင်ထက် မပိုသော ကုန်ကျစရိတ်ပဲ ပေးဆောင်ရမယ်ဆိုပြီး ပြောထားတယ်။ ဒါပေမဲ့လည်း တချို့က ဟိုဘက်ရောက်သွားရင် ဦးဆောင်တဲ့အဖွဲ့တွေက ကျန်းမာရေးကတ် လုပ်တာတွေ၊ အလုပ်ပါမစ်လုပ်တာတို့၊ ဗီဇာလျှောက်တာတို့ အဲဒီတွေနဲ့တင် ဘတ်ငွေနှစ်သောင်းကနေ သုံးသောင်းလောက်အထိ ဖြစ်သွားတာ ရှိတယ်။ တချို့အေဂျင်စီက လိုက်ရှင်းပေးတာရှိသလို တချို့အေဂျင်စီတွေကလည်း လိုက်မရှင်းပေးဘူး။ ဒီပြဿနာကိုလည်း အစိုးရအနေနဲ့ သေချာစိစစ်ဖို့လိုပြီ” လို့ ကိုမိုးဝေက ပြောကြားခဲ့ပါတယ်။

ယခုလများအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းများမှ ဝင်ရောက်ရန်ကြိုးစားသည့်အတွက် ဖမ်းဆီးရမိသူ သုံးသောင်းကျော်ရှိကြောင်း၊ ထိုင်းနိုင်ငံသား လမ်းပြ ၁၀၀ ကျော် ဖမ်းဆီးထားကြောင်း ထိုင်းသတင်းများက ထုတ်ပြန်ခဲ့ပါတယ်။ မဲဆောက်၊ ချင်းမိုင်ခရိုင်၊ ကန်ချနဘူရီ၊ ပရာကျော့ခီရီခံခရိုင်၊ ရနောင်းနယ်စပ်များမှ ဝင်ရောက်ရန်ကြိုးစားမှု အများဆုံးဖြစ်ပြီး မလေးနဲ့ထိုင်းနယ်စပ်ဖြစ်တဲ့ ယာလာ၊ နာရာသီဝပ်၊ ပါတာနီ၊ စုံခလာခရိုင်ဘက်တွင် မလေးရှားနိုင်ငံသို့သွားမည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးရမိနေဆဲဖြစ်ကြောင်း သိရပါတယ်။

“ဒီမှာက CI လို့ခေါ်တဲ့ စာအုပ်အစိမ်းရှိတယ်။ PJ လို့ခေါ်တဲ့ စာအုပ်အနီရှိတယ်။ နယ်စပ်တွေမှာ လုပ်ပေးတာ။ ရန်ကုန်က လုပ်ပေးလိုက်တဲ့ စာအုပ်လည်းရှိသေးတယ်။ Mouse လို့ခေါ်သလားပဲ။ ကော့သောင်းနယ်စပ်ကနေလုပ်တဲ့ စာအုပ်ဆိုရင် သုံးလကို ဘတ် ၂၈၀၀ သွင်းရတယ်။ တစ်နှစ်တစ်ခါ လုပ်ရတာလည်းရှိတယ်။ ပွဲစားနဲ့လုပ်ရင် ဘတ် ၇၅၀၀ ကျတယ်။ ဒီကိုရောက်တဲ့ သူတွေကတော့ ဒီလိုပါပဲ။ လစာထုတ်လိုက်၊ အိမ်ကို နည်းနည်းပေးလိုက်၊ ဝယ်စရာခြမ်းစရာရှိတာ ဝယ်ခြမ်းလိုက်နဲ့ သံသရာလည်နေတာပဲ။ မြန်မာပြည်ပြန်သွားတဲ့ သူတွေလည်း ဒီကိုပြန်လာလို့မရ၊ ဒီကလူတွေလည်းပြန်လို့ မဖြစ်နိုင်နဲ့ လစာတွေကတော့ ဘတ်ခုနစ်ထောင်ကနေ တစ်သောင်းအထိ ကျွမ်းကျင်မှုအပေါ်မူတည်ပြီးရတာ များတယ်။ ဒီမှာအလုပ်သမားတွေ ရှားပါးနေတယ်။ကျန်ခဲ့တဲ့သူတွေက အလုပ်သမားနည်းတော့ ပိုပင်ပန်းအောင် လုပ်ကြရတယ်။ အထောက်အထားရှိရင်တော့ လုံခြုံတယ်။ အထောက်အထားမရှိရင်တော့ ထိုင်းရဲတွေ ရိုက်စားခွင်ပဲ။ ပွဲစားတွေကလည်း ကော့သောင်း-ရနောင်းကူးခကိုပဲ တစ်ဦးကိုဘတ်ငါးထောင်လောက် အထိယူကြတယ်။ ဖမ်းမိရင်ကိုယ်ပဲခံရတာ” လို့ ရနောင်းမြို့မှာ လုပ်သက်အနှစ် ၂၀ ခန့်ရှိပြီဖြစ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောကြားခဲ့တာပါ။

နိုဝင်ဘာ ၁ ရက်နေ့မှစတင်ပြီး ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လည်ပတ်ခွင့်ရှိတဲ့ ၆၃ နိုင်ငံမှာ မြန်မာနိုင်ငံပါဝင်လာပြီး ကွာရန်တင်းဝင်ရန်မလိုကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ထို့အတူ နိုဝင်ဘာ ၃ ရက်တွင် ထိုင်းနိုင်ငံအနေနဲ့ အလုပ်သမားများ ခေါ်ယူရန် အေဂျင်စီလေးခုနဲ့ ဆွေးနွေးနေကြောင်း၊ သွင်းကုန်လုပ်ငန်းစဉ် အရှိန်မြှင့်ခြင်းကို ဆောင်ရွက်မည့်အပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်ရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အုပ်စုသုံးစုခွဲထားပြီး တစ်လအတွင်း ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူများကို အစိမ်းအုပ်စု၊ ကာကွယ်ဆေး ဒုတိယအကြိမ်ကို တစ်လကြာသည်အထိ မထိုးထားရသေးသူများကို အဝါရောင်အုပ်စု၊ တစ်ကြိမ်သာ ထိုးထားရသေးသူများကို အနီရောင်အုပ်စုအဖြစ် သတ်မှတ်ထားမည်ဖြစ်ကြောင်း ၊ အလုပ်ရှင်မှ ကုန်ကျစရိတ်များ ပေးရမည်ဖြစ်ကြောင်း ထိုင်းဘက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံအတွင်း ရှိပြီးသူများနှင့် မကြာမီခေါ်ယူမည့် ရွှေ့ပြောင်းလုပ်သား သိန်းဂဏန်းကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကိုင်တွယ်မည်ဖြစ်ပါတယ်။ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး၊ နိုင်ငံရေးနှင့် ကပ်ရောဂါအခြေနေများအကြား လုံးလည်လိုက်နေတဲ့ မြန်မာပြည်သူအချို့ ထိုင်းနိုင်ငံသို့ တစ်ဖန်သွားရောက်ပြီး အိပ်မက်တွေ အကောင်ထည်ဖော်ရတဲ့ တစ်ခေတ်ကို ပြန်လည်ရောက်သွားကြပြန်ပါပြီ။ ဘာပဲဖြစ်ဖြစ် အိပ်မက်တွေ အကောင်ထည်ဖော်ခွင့်ရှိနေတဲ့ နေရာတစ်ခုရှိနေသေးတာကတော့ စိတ်ဖြေစရာပါပဲ။

မကြာမီ တရားဝင်တဲ့နည်းလမ်းတွေနဲ့ စိတ်ထွက်ပေါက်တစ်ခုပဲ ဖြစ်ပါစေ။ အိပ်မက်တစ်ခု အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါစေ။ အဆင်ပြေစွာ သွားရောက်နိုင်ကြပါစေ။          

Most Read

Most Recent