ဖားကန့်မြို့ မှော်စီဇာ အထက်တန်းကျောင်းတွင် လုံခြုံရေးယူသည့် ရဲကားမိုင်းဖြင့်ဖောက်ခွဲခံရပြီး ကျောင်းသားမိဘတစ်ဦး ဒဏ်ရာရရှိ

ဖားကန့်မြို့ မှော်စီဇာ အထက်တန်းကျောင်းတွင် လုံခြုံရေးယူသည့် ရဲကားမိုင်းဖြင့်ဖောက်ခွဲခံရပြီး ကျောင်းသားမိဘတစ်ဦး ဒဏ်ရာရရှိ
Published 6 November 2021
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မှော်စီဇာကျေးရွာ အထက်တန်းကျောင်း (ခွဲ) တွင် လုုံခြုံရေးယူသည့် ရဲကား မိုင်းဖြင့်ဖောက်ခွဲခံရပြီး ကျောင်းသားမိဘတတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း  ဖြစ်စဉ်အားတွေ့ရှိသူများက ပြောကြားသည်။

မှော်စီဇာကျေးရွာ အထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက “ပေါက်ကွဲတာကတော့ ရီမုမိုင်းလို့ ပြောကြတယ်။ ကျောင်းမှာ လုံခြုံရေးလာယူတဲ့ ရဲကားကို ခွဲတာပေါ့။ တစ်ဦးတော့ ကျောက်ခဲမှန်ပြီး ဒဏ်ရာရသွားတယ် ပြောတယ်။ ကျောင်းတော့ မပိတ်ဘူး။ ကျောင်းသားမိဘအချို့က စိတ်ပူလို့ ကလေးခေါ်သွားကြတယ်။ ကျောင်းသားကျောင်းသူ ၁၅၀၀ လောက်ပုံမှန်ရှိတယ်။ ကျောင်းတက်နေတာ ၃၀၀ ဝန်းကျင်တော့ ရှိနေပါပြီ” ဟု ပြောကြားသည်။

ဖောက်ခွဲခံရသည့် ရဲကားမှာ ကားမှန်များ ပျက်စီးသွားကြောင်း၊ ဒဏ်ရာရသူကို လုံးခင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ကားကတော့ အိမ်စီးကားပါ။ ကျောင်းသားမိဘအမျိုးသားတစ်ဦးက ကလေးပို့ပြီး အပြန်မှာ မိုင်းစစင်တာပေါ့။ သူ့ကိုလည်း ဆေးရုံပို့လိုက်ရတယ်။ ဒဏ်ရာတော့ပြင်းတဲ့ ပုံစံမရှိဘူး။ ကွဲတဲ့နေရာက စာသင်ကျောင်း အပြင်ဘက်။ ဘုန်းကြီးကျောင်းသွားတဲ့ လမ်းဘက်ပေါ့” ဟု ဒေသခံတစ်ဦးက  ပြောကြားသည်။

ကချင်ပြည်နယ်တွင် နိုဝင်ဘာ ၁ ရက်မှ စတင်ကာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းတက်သူဦးရေ နည်းပါးနေသေးကြောင်း၊ မြို့နယ် ၁၈ မြို့တွင် ၁၂ မြို့နယ်သာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ပြီး COVID-19 ရောဂါဖြစ်ပွားမှုများ မြင့်မားနေသေးသည့် မြို့နယ်ခြောက်မြို့နယ် ကျန်ရှိနေသေးကြောင်း ပြည်နယ်ပညာရေးရုံးမှ သိရသည်။

Most Read

Most Recent