ချန်ပီယံလိဂ်ပွဲ (၁၀၀) ပြည့်ချိန်တွင် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး ရပ်တည်

ချန်ပီယံလိဂ်ပွဲ (၁၀၀) ပြည့်ချိန်တွင် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး ရပ်တည်
Photo: UEFA
Photo: UEFA
Published 4 November 2021

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ချန်ပီယံလိဂ်ပွဲ (၁၀၀)ပြည့်ချိန်တွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာ (၂)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ် ဘိုင်ယန်မြူးနစ် (၅-၂) ဘင်ဖီကာပွဲတွင် လီဝန်ဒေါစကီးသည် ပထမပိုင်းပြီးခါနီးတွင် ရရှိခဲ့သည့် ပယ်နယ်တီကို လွဲချော်ခဲ့သော်လည်း ပွဲချိန်(၂၆)မိနစ်၊ (၆၁)မိနစ်နှင့် (၈၄) မိနစ်တို့တွင် ဟက်ထရစ်(၃ ဂိုး)သွင်းယူခဲ့ခြင်းဖြစ်သည်။

ဘင်ဖီကာနှင့်ပွဲမှာ လီဝန်ဒေါစကီးအတွက် ကစားသမားဘဝ ချန်ပီယံလိဂ်ပွဲ (၁၀၀)ပြည့်မြောက်သည့်ပွဲဖြစ်ပြီး ရာပြည့်ပွဲကစားသူများထဲတွင် ဂိုးသွင်းအများဆုံးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

လီဝန်ဒေါစကီးသည် ချန်ပီယံလိဂ်ပွဲ (၁၀၀)တွင် (၈၁)ဂိုးအထိ သွင်းယူခဲ့ခြင်းဖြစ်ပြီး ယခင်က ချန်ပီယံလိဂ်ပွဲ(၁၀၀) ပြည့်ချိန်တွင် ဂိုးသွင်းအများဆုံးအဖြစ် စံချိန်တင်ထားသည့် PSG တိုက်စစ်မှူး မက်ဆီ (ပွဲ ၁၀၀ - ၇၅ ဂိုး)စံချိန်ကို (၆)ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။

လီဝန်ဒေါစကီးက ''ကျွန်တော့်အနေနဲ့ ပွဲတွေအများကြီးဆက်တိုက်ကစားပြီး ဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ အများကြီး လုပ်နိုင်လိမ့်မယ်လို့ တွေးတောင် မတွေးဖူးပါဘူး။ ပထမဆုံး မိနစ် (၂၀)လောက်မှာ ကျွန်တော့်အနေနဲ့ ဘောလုံးရဖို့တောင် အရမ်းခက်ခဲခဲ့တာပါ။ တိုက်စစ်မှူးတစ်ဦးအတွက် စိတ်ရှည်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ ပထမဆုံးဂိုးရပြီးချိ်န်မှာတော့ နောက်ဂိုးတွေရဖို့ ပိုမိုလွယ်ကူခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

လက်ရှိ ချန်ပီယံလိဂ်သမိုင်း၏ ဂိုးသွင်းအများဆုံးစာရင်းတွင် မန်ယူဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက (၁၃၉)ဂိုးဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာတွင် PSG တိုက်စစ်မှူး မက်ဆီက (၁၂၃)ဂိုးဖြင့် ရပ်တည်နေကာ လီဝန်ဒေါစကီးမှာ အဆင့်(၃)နေရာတွင် ရပ်တည်နေသည်။

သို့သော် ကစားခွင့်ရသည့်ပွဲအရေအတွက် အချိုးချကြည့်မည်ဆိုပါက လီဝန်ဒေါစကီးက တစ်ပွဲပျမ်း မျှ (၀.၈၁)ဂိုးဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရှိရသည်။

ဘင်ဖီကာနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူခဲ့သည့် လီဝန်ဒေါစကီးကို အသင်းနည်းပြ နာဂယ်စ်မန်းက ချီးကျူးစကားဆိုခဲ့ပြီး လီဝန်ဒေါစကီးအနေဖြင့် အသက်(၃၃)နှစ် ကျော်နေပြီဖြစ်သော်လည်း ထိပ်တန်းအဆင့်တွင် နှစ်ပေါင်းများစွာ ကစားနိုင်ဦးမည်ဟု မှတ်ချက်ပြုခဲ့သည်။ 

Most Read

Most Recent