ကမ္ဘာ့နိုင်ငံများတွင် အောက်တိုဘာ ၂၉ ရက်က တစ်ရက်အတွင်း COVID-19 လူနာသစ် ၄၆၀၀၀၀ ကျော်နှင့် သေဆုံးသူ ၇၆၀၀ ကျော်ရှိ

ကမ္ဘာ့နိုင်ငံများတွင် အောက်တိုဘာ ၂၉ ရက်က တစ်ရက်အတွင်း COVID-19 လူနာသစ် ၄၆၀၀၀၀ ကျော်နှင့် သေဆုံးသူ ၇၆၀၀ ကျော်ရှိ
အောက်တိုဘာ ၂၉ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် PPE ဝတ်စုံများ ဝတ်ဆင်ထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပိုးသတ်ဆေးဖျန်းနေစဉ်
အောက်တိုဘာ ၂၉ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် PPE ဝတ်စုံများ ဝတ်ဆင်ထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပိုးသတ်ဆေးဖျန်းနေစဉ်
Published 30 October 2021

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု မြင့်တက်နေဆဲဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်က တစ်ရက်အတွင်း လူနာသစ် ၄၆၀၀၀၀ ကျော်နှင့် သေဆုံးသူ ၇၆၀၀ ကျော်ရှိကြောင်း Worldometer က ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုအနေဖြင့် အောက်တိုဘာ ၂၉ ရက်က တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ လူနာအသစ် ၄၆၉၈၄၂ ဦးနှင့် သေဆုံးသူ ၇၆၁၃ ဦးရှိကြောင်း သိရသည်။

အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၂၄၆၇၂၈၁၇၆ ဦးရှိပြီး သေဆုံးသူ ၅၀၀၃၉၆၆ ဦးရှိကာ ပြန်လည်သက်သာကောင်းမွန်သူ ၂၂၃၅၁၆၈၈၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

COVID-19 ကပ်ရောဂါကို ကျော်လွှားရန် ၎င်း၏အစီအစဉ်အတွက် လာမည့် ၁၂ လအတွင်း ဒေါ်လာ၂၃ ဒသမ ၄ ဘီလျံ လိုအပ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့ပြီး ဂျီ ၂၀ နိုင်ငံများအနေဖြင့် ခေါင်းဆောင်မှုပိုင်းကို ပြသရန်နှင့် ငွေကြေးထောက်ပံ့ရန် တိုက်တွန်းခဲ့သည်။

ဆင်းရဲသောနိုင်ငံများအား ကပ်ရောဂါအတွင်း မျက်နှာလွှဲထားမည်မဟုတ်ဟု WHO အကြီးအကဲ တက်ဒရိုအက်ဒါနွန်ဂေဘရီယေဆုက ယခုသီတင်းပတ်အတွင်း အီတလီနိုင်ငံ ရောမမြို့တော်တွင်ပြုလုပ်သည့် ဂျီ ၂၀ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

COVID-19 ကာကွယ်ဆေးများ၊ စမ်းသပ်မှုများနှင့် ကုသမှုများအတွက်စိတ်ချ သေချာစေရန် ငွေကြေးလိုအပ်ပြီး ကပ်ရောဂါအတွင်း နောက်ထပ် လူငါးသန်းသေဆုံးမှုများကို တားဆီးနိုင်ခြေရှိသည်ဟု တက်ဒရိုက ပြောကြားခဲ့သည်။ ဂျီ ၂၀ နိုင်ငံများသည် ကပ်ရောဂါကို အဆုံးသတ်ရန် လိုအပ်သည့် နိုင်ငံရေးနှင့် ဘဏ္ဍာရေး ကတိကဝတ်များကို လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု တက်ဒရိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အဆုံးအဖြတ်ပေးတဲ့ အချိန်အခါကို ရောက်ရှိနေပြီး ကမ္ဘာကြီးဘေးကင်း လုံခြုံအောင်လုပ်ဆောင်ဖို့ တိကျပြတ်သားတဲ့ ခေါင်းဆောင်မှုပိုင်း လိုအပ်နေပါတယ်” ဟု တက်ဒရိုက ပြောကြားခဲ့သည်။

WHO ဦးဆောင်သည့် Access to Covid Accelerator (ACT - A) အမည်ရှိ COVID-19 အစီအစဉ်သည် ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါကို ကျော်လွှားရန် စမ်းသပ်မှု၊ ကုသမှုနှင့် ကာကွယ်ဆေးထုတ်လုပ်မှု၊ ဖြန့်ချိမှုများအတွက် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်သည်။

ယင်းအစီအစဉ်အတွက် လိုအပ်သည့် ဒေါ်လာ ၂၃ ဒသမ ၄ ဘီလျံသည် ကပ်ရောဂါကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ဒေါ်လာထရီလျံနှင့်ချီသော စီးပွားရေးဆုံးရှုံးမှုများနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်သည့် ပမာဏဖြစ်သည်ဟု WHO က ပြောကြားခဲ့သည်။

“ACT - A ကို ရန်ပုံငွေ အပြည့်အဝ ထောက်ပံ့တာဟာ ကျွန်တော်တို့ အားလုံးအတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လုံခြုံမှုအတွက် အလွန်အရေးကြီးပြီး အခုအချိန်ကစပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု တက်ဒရိုက ပြောကြားခဲ့သည်။

ယခုတောင်းဆိုချက်သည် ချမ်းသာသောနိုင်ငံများနှင့် ဆင်းရဲသောနိုင်ငံများအကြား ကာကွယ်ဆေးထိုးနှံမှုအလွန်ကွာဟနေမှုနှင့် ပတ်သက်ပြီး ကာကွယ်ဆေး သာတူညီမျှမှုရရှိစေရန် ယခင်ကြိုးပမ်းချက်များကဲ့သို့ပင် ထိတ်တိုက်တွေ့မည့်အလားအလာရှိနေသည်။

Most Read

Most Recent