“တာဝန်ခံမှုဆိုတာ ကတိခံထားတဲ့အလုပ်ကို ရလဒ်နဲ့ ဆက်စပ်ပေးတဲ့ ကော်တစ်မျိုးသာ ဖြစ်တယ်”
ဘော့ပရော့တာ (၁၉၃၄ ခုနှစ် - ဖွား)
ကနေဒါနိုင်ငံသား စာရေးဆရာ
တာဝန်ခံမှုဟူသည် အဘယ်နည်း၊ အဘယ်ကြောင့် အရေးကြီးရသနည်း၊ မည်သည့်နေရာမှ စတင်မည်နည်း အစရှိသည်တို့ကို လူများစွာတို့က မသိကြပေ။ လူအများအပြားသည်လည်း တာဝန်ခံမှုက အရေးကြီးသည်ကို သဘောပေါက်ကြသည့်တိုင် တာဝန်ခံတတ်သည့် ယဉ်ကျေးမှုတစ်ရပ်ကို မည်သို့မည်ပုံဖန်တီးရမည်ကို နားမလည်ကြဘဲ ဤသို့ဖြစ်လာပါစေဟုသာ မျှော်လင့်တတ်ကြသည်။ မျှော်လင့်နေခြင်းကို ဗျူဟာဟုမဆိုသာ။
အစိုးရတစ်ရပ်ဖြစ်စေ၊ အင်စတီကျူရှင်းတစ်ရပ်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ ယင်းတို့၏စွမ်းဆောင်မှုကို အကဲဖြတ်ရာ၌ တာဝန်ယူတာဝန်ခံမှုရှိခြင်း မရှိခြင်းဆိုသည့် မေးခွန်းသည် အရေးကြီးသည်။ အစိုးရတစ်ရပ်နေဖြင့်ပြောလျှင် ၎င်းအစိုးရ၏ တာဝန်ယူ တာဝန်ခံတတ်မှုကိုကြည့်၍ ပြည်သူလူထုက အကောင်းအဆိုး ဆုံးဖြတ်တတ်ကြသည်။ မိမိတို့၏ အားနည်းချက်များကို တာဝန်ယူ တာဝန်ခံမှုမရှိသော အစိုးရတစ်ရပ်နှင့် အဖွဲ့အစည်းတစ်ခုသည် ရေရှည်တွင် အောင်မြင်မှုမရနိုင်သကဲ့သို့ သမိုင်း၌ နာမည်ပျက်ဖြင့် ကြုံရနိုင်သည်။ အကယ်၍ အစိုးရတစ်ရပ်၌ လွဲချော်မှုများ၊ အမှားအယွင်းများနှင့် ပြည်သူများ လက်မခံနိုင်သော ကိစ္စရပ်များဖြစ်ခဲ့ရှိခဲ့လျှင် ယင်းအစိုးရအဖွဲ့ဝင်များနှင့် အကြီးဆုံးရာထူးတာဝန် ရယူထားသူသည် အဓိကတာဝန်ခံရ၍ ဝေဖန်ခံရတတ်သည်။
ကောင်းသောအုပ်ချုပ်ရေးတစ်ရပ်တွင် တာဝန်ခံမှုရှိခြင်းသည် အလွန်အရေးကြီးသည့် သဘောတရားတစ်ရပ်ပင်ဖြစ်သည်ဟု အားလုံးလက်ခံထားကြသည်။ တာဝန်ခံမှု ရှိခြင်းကို အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုရလျှင် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မိမိယူထားသည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များအတွက် ပြန်လည်ဖြေကြားနိုင်စွမ်းရှိခြင်းနှင့် အများကျေနပ်မှုရစေသော အမှန်တရားအတွက် အာမခံချက်ပေးနိုင်ခြင်းတို့ ပါဝင်သည်။ တာဝန်ခံမှုရှိခြင်းသည် ထမ်းဆောင်မည့် အစိုးရအရာရှိများ သို့မဟုတ် အစိုးရအဖွဲ့များအား ၎င်းတို့အနေဖြင့် အများပြည်သူဝန်ဆောင်မှုများနှင့် ပတ်သက်သော အစီအစဉ်များ၌ ငွေကြေးနှင့်ပတ်သက်၍ တန်ဖိုးရှိစွာအသုံးပြုလျက်၊ အစိုးရအဖွဲ့၌ ယုံကြည်ရမှုရှိစွာ ပါဝင်လျက်၊ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအပေါ် ကောင်းစွာတာဝန်ယူလျက် စွမ်းဆောင်ရည်အပြည့်ဖြင့် ဆောင်ရွက်နိုင်ရေးသေချာအောင် အကဲဖြတ်ရာ၌ အရေးကြီးသည်။
မိမိအနေဖြင့် တာဝန်ခံမှုရှိသော ယဉ်ကျေးမှုတစ်ရပ်ကို ဖန်တီးလိုပါက မိမိကိုယ်တိုင်နှင့် စတင်ရမည်ဖြစ်သည်။ မိမိအဖွဲ့အစည်း၌ မိမိမြင်လိုသော အမူအကျင့်များကို ပုံစံချမှတ်ရန် လိုအပ်သည်။ မိမိအနေဖြင့် အခြားသူများအား ပေးထားသည့်ကတိများကို တည်စေလိုပါက မိမိကိုယ်တိုင် ယင်းကဲ့သို့ လိုက်နာရမည်ဖြစ်သည်။ တာဝန်ခံမှုလမ်းကြောင်း၌ မိမိကိုယ်တိုင်ရှေ့မှ ဦးဆောင်လျှောက်ပြရမည်ဖြစ်ပြီး တာဝန်ခံမှုရှိရန် ပါးစပ်မှတတွတ်တွတ် ပြောနေခြင်းကား အလုပ်မဖြစ်ပေ။ မိမိအဖွဲ့အစည်း၏ အောင်မြင်မှုများကို ခံစားသကဲ့သို့ပင် မိမိအဖွဲ့အစည်း၏ ကျရှုံးမှုများအတွက် မိမိကိုယ်တိုင် တာဝန်ခံရမည်ဖြစ်သည်။ တာဝန်ခံမှုသည် မည်သည့်အလုပ်မဆို၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ပြီးသားဖြစ်နေရာ ရှောင်လွှဲရန်ကြိုးပမ်းပါက အဖွဲ့အစည်း၏ နဂိုရှိနှင့်ပြီးသား တာဝန်ခံမှုအဆင့်အတန်းကိုပါ ကျဆင်းစေလိမ့်မည်ဖြစ်သည်။
တာဝန်ခံမှုဟူသည် အောင်မြင်မှုနှင့် ကျရှုံးမှုတို့အကြား အဆုံးအဖြတ်ပေးသော အရာဖြစ်သည်ကို နားလည်သဘောပေါက် စေရမည်ဖြစ်သည်။ မိမိအနေဖြင့် လူများကို တာဝန်ခံကြရန် ပြောနေရုံသက်သက်ဖြင့် မရပါ။ ၎င်းတို့အား ပြန်လည်စစ်ဆေးသုံးသပ်မှုများ အခါအားလျော်စွာ ပြုလုပ်ရမည်ဖြစ်ပြီး ၎င်းတို့၌ တာဝန်ခံမှုရှိခြင်းကို တည်တံ့အောင် ထိန်းသိမ်းထားပေးနိုင်ရန် လိုအပ်သည်။ မည်သို့ပင်ဆိုစေကာမူ အစိုးရတစ်ရပ်ဖြစ်စေ အဖွဲ့အစည်းတစ်ရပ်၌ဖြစ်စေ တာဝန်ခံမှုရှိသည့် ယဉ်ကျေးမှုတစ်ရပ်ကို ခိုင်မာအောင် တည်ဆောက်ခြင်းက ယင်းအစိုးရနှင့် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်နှင့် ရလဒ်များအပေါ် စကားပြောပေလိမ့်မည်။
သို့ဖြစ်ရာ ကောင်းသောအုပ်ချုပ်ရေးအတွက် တာဝန်ခံမှုရှိခြင်းသည် အရေးအကြီးဆုံးသော အချက်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
အောက်တိုဘာ ၃၀ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်