ဖိလစ်ပိုင်၏ ဒီမိုကရက်တစ် ပဒေသရာဇ်ဇာတ်ကွက်

ဖိလစ်ပိုင်၏ ဒီမိုကရက်တစ် ပဒေသရာဇ်ဇာတ်ကွက်
Photo: AFP
Photo: AFP
Published 29 October 2021
မိုးဧအောင်

ဖိလစ်ပိုင်၏ လက်ရှိသမ္မတ ဒူတာတေး၏သမီး ဆာရာဒူတာတေးသည် ဆီးနိတ်အမတ်ဟောင်း ဖာဒီနန် ဘွန်ဘွန်မားကို့စ်နှင့် လူသိရှင်ကြားပြုလုပ်ခဲ့သော အစည်းအဝေးအပြီး၌ လာမည့် ၂၀၂၂ ခုနှစ် ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွင် သူ့ဖခင်နေရာကို ‘အစားထိုး’ ယှဉ်ပြိုင်လာနိုင်ကြောင်း ထင်မြင်ချက်များကို ရပ်တန့်ပစ်ခဲ့သည်။

ဆီဘူးတွင်ကျင်းပခဲ့သော အသေအချာ စီစဉ်ထားခဲ့သည့် အစည်းအဝေးနှင့်ပတ်သက်၍ မားကို့စ်၏ပြောခွင့်ရပုဂ္ဂိုလ် ဗစ်ရော့ရီဂွက်က ‘တကယ်လှတဲ့ တိုက်ဆိုင်မှုတစ်ခုပါ’ ဟု ခပ်ဖြန်းဖြန်းလေး ပြောခဲ့သေးသည်။

‘ဗာအိုမြို့တော်ဝန် ဆာရာကမူ ကျင်းပခဲ့သော အစည်းအဝေး၏ ရည်ရွယ်ချက်အမှန်ကို သူ၏ဒေသန္တရပါတီ HNP (Hugpongng Pagbabago) သို့ ‘မားကို့စ်၏ သမ္မတရွေးကောက်ပွဲ ပြိုင်ပွဲဝင်နိုင်ရေးအတွက် ပ့ံပိုးနိုင်ရန်’ ဟု ထုတ်ဖော်ပြောကြားခဲ့၏။

ဆာရာက ‘ကျွန်မအနေနဲ့ သမ္မတရွေးပွဲဝင်ပြိုင်ဖို့ အစီအစဉ်မရှိပါဘူး’ ဟု ဆီဘူး၌ အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။ ထိုအဖြေကြောင့် ဆာရာကို ‘သူ့ဖခင်အစား’ သမ္မတရွေးပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟူသော မျှော်လင့်ချက်များ မှေးမှိန်သွားခဲ့ရသည်။

ပေါ်ပေါက်လာသော အချက်ပြမှုများအရ ဖိလစ်ပိုင်၏ အကြီးမားဆုံး နိုင်ငံရေးမင်းဆက်နှစ်ခုသည် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရမည့် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားသွားကြဖို့ ဆုံးဖြတ်ပြီးဖြစ်သည်။ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ ထိုသို့ရှောင်ရှားခဲ့ခြင်းက အရှေ့တောင်အာရှဒေသ ဒီမိုကရေစီ၏ ကံကြမ္မာဟုသာ ဆိုရပါတော့မည်။

သမိုင်းကြောင်းကို ပြန် ‘လှန်’ ရသော် ဒူတာတေးမျိုးဆက်သည် မားကို့စ်တို့ ဘုန်းမီးနေလတောက်ပခဲ့ချိန်က လက်အောက်ငယ်သားသာ ဖြစ်ခဲ့၏။ ၁၉၆၀ ဝန်းကျင်လောက်က လက်ရှိသမ္မတ ဒူတာတေး၏ဖခင် ဗင်းဆင့်တေးသည် အာဏာရှင်သမ္မတ ဖာဒီနန်မားကို့စ်၏ ဝန်ကြီးအဖွဲ့၌ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်၏။

သူ၏ လူငယ်ဘဝတစ်လျှောက်လုံး မားကို့စ်မိသားစုသည် သူတို့မိသားစုအပေါ် စောင်မကြည့်ရှုပေးခဲ့သူများအဖြစ် ဒူတာတေးက သဘောပိုက်ခဲ့သည်။ သူ့မိခင်အနေနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည့်တိုင် ဒူတာတေး၏ အမြင်မှာ ယခုအတိုင်းသာ ရှိခဲ့၏။

၂၀၁၅ ခုနှစ်၊ သူသမ္မတအဖြစ် ဝင်ပြိုင်ခဲ့ချိန်တွင် မထင်မရှား ဒေသန္တရမြို့ဝန်တစ်ယောက်အဖို့ အဆောင်အယောင်များပါးရှားနေခဲ့စဉ် မားကို့စ်မိသားစုများက နောက်ကွယ်မှနေ၍ သူ့အပေါ် အကြီးမားဆုံးထောက်ပ့ံမှုပြုပေးခဲ့ကြသည်။ သမ္မတအဖြစ် တာဝန်ယူပြီးနောက် လပိုင်းအတွင်း၌ပင် ဒူတာတေးသည် ကွယ်လွန်သူအာဏာရှင် မားကို့စ်၏ ကြွင်းကျန်ရစ်သော သင်္ဂြိုဟ်ဖွယ်ရာများအား အမျိုးသားသူရဲကောင်းဗိမာန်တွင် မြှုပ်နှံရန်ကိစ္စကို ပြည်သူအများ ကန့်ကွက်ခဲ့သည်တိုင် ၀ိ၀ါဒကွဲလျက် ဆုံးဖြတ်ချက်ချခဲ့၏။

“ခင်ဗျားတို့အထဲက ဘယ်သူများ ကျွန်တော့်ကို ပ့ံပိုးခဲ့ကြလို့လဲ။ ဘယ်နှစ်ယောက်လဲ၊ လေးယောက်လား၊ ငါးယောက်လား၊ ခြောက်ယောက်လား။ ဘယ်ခရိုင်မှူးကမှ ကျွန်တော့်ကို ၀ိုင်းရံမပေးပါဘူး။ ကျွန်တော့်မှာ ငွေမရှိဘူး။ အင်မီး (မားကို့စ်သမီး) က ငွေထည့်ပေးတယ်။ သူ့ပြောပုံအရ သူလည်းအဲဒီငွေကို ကြံဖန်ချေးငှားပြီး ရှာပေးတာတဲ့။ အင်မီးက ကျွန်တော့်ကို ပ့ံပိုးပေးခဲ့တယ်လေ” ဟု ဒူတာတေးကိုယ်တိုင် ၂၀၁၆ ခုနှစ်အတွင်း အများပြည်သူ့ရှေ့မှောက်ဝယ် စကားဆိုခဲ့၏။ သူ့အနေနှင့် ထင်ပေါ်၍ စင်တော်ကမကောက်မီ နွမ်းပါးခဲ့ရသော သမ္မတရွေးပွဲ ခြေလှမ်းအစကို ပြန်ပြောင်းသတိရလျက် မားကို့စ်နန်းဆက်အပေါ် ကျေးဇူးစကားဆိုခဲ့ခြင်း ဖြစ်ပါသည်။

“ကိုယ့်အဖေဟာ မားကို့စ်ရဲ့ အမှောင်မိုက်ဆုံးကာလမှာ ကြံ့ကြံ့ခံကျန်ရစ်ခဲ့တဲ့ နှစ်ယောက်ထဲက တစ်ယောက်ပဲ။ အဲဒီတုန်းက လူတိုင်းလူတိုင်း လစ်ဘရယ်ပါတီကို ခြံခုန်ချိန်လေ။ မြို့တော်ဝန် အီဘာလေရယ်၊ ကိုယ့်အဖေရယ်ပဲ မားကို့စ်နဲ့ သေအတူရှင်မကွာ ရပ်တည်ခဲ့ကြတာ” ဟု ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း မားကို့စ်၏ ပြည်ပြေးဘဝမှ ပြန်လာချိန်၊ သူ့မိသားစု၏ မားကို့စ်နန်းဆက်အပေါ် စွဲမြဲစွာသစ္စာရှိပုံကို ဒူတာတေးက ပြောခဲ့သည်။

သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် ဒူတာတေးနှင့် သူ့လူများသည် မားကို့စ်ဂျူနီယာကို ဒုတိယသမ္မတအဖြစ် တင်မြှောက်လိုကြသည်။ သို့သော် ထိုအစီအစဉ်မှာ အတိုက်အခံ လစ်ဘရယ်ကိုယ်စားလှယ် လီနီရိုဘရီဒိုနှင့် အပြင်းအထန်ပြိုင်ဆိုင်ရင်း ပျက်ပြယ်သွားခဲ့ရ၏။

ထိုကာလအတွင်း သွားလေသူအာဏာရှင်၏သမီး၊ ရာဇပရိယာယ် ကြွယ်ဝသူ မာရီယာအီမယ်ဒါ (အင်မီး) သည် နိုင်ငံအဝန်းရှိ ထောက်ခံသူများကို စုစည်းနိုင်ခဲ့ပြီး ဒေသခံအုပ်စိုးသူ အဆက်အနွယ်များ၊ လက်နက်ကိုင် ခေါင်းဆောင်များအကြား ပေါ်ပြူလာဖြစ်လာကာ ဖိလစ်ပိုင်ကွန်ဂရက်ကို လွှမ်းမိုးခြယ်လှယ် နိုင်သောအနေအထားထိ ရောက်ရှိလာခဲ့သည်။

၂၀၁၉ ခုနှစ်တွင် အင်မီးမားကို့စ်သည် သမ္မတ၏သမီးဆာရာနှင့်အတူ အထက်လွှတ်တော်၌ ရှေ့သွားနောက်လိုက်ညီစွာ နေရာယူနိုင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံရေးလောက၌ လူရှိန်လောက်သော မဟာမိတ်အုတ်မြစ်ကို ခိုင်ခိုင်မာမာ ချနိုင်ခဲ့ကြသည်။ မည်သို့ဆိုစေ ၂၀၂၂ ခုနှစ်၊ သမ္မတရွေးကောက်ပွဲ၌ မားကို့စ်အနွယ်နှင့် ဒူတာတေးအနွယ်တို့သည် မလွဲမသွေပြိုင်ဘက်များဖြစ်လာမည်ဟု ထင်မှတ်ခဲ့ကြ၏။

အင်မီး၏ အကျိုးဆောင်များက အောင်မြင်စွာ ထိုးဖောက်နိုင်ရန် နည်းမျိုးစုံ ကြိုးပမ်းခဲ့သော်ငြား အရေးနိမ့်ခဲ့သည်။ နှစ်ဖက်လုံးအနေနှင့် ဒုတိယတန်းစားအဖြစ် မနေလိုကြဘဲ ထိပ်ဆုံးနေရာ သမ္မတနန်းတော်ကိုသာ ရည်မှန်းချက်ထားခဲ့ကြပါသည်။

လပေါင်းများစွာလွန်မြောက်သော် ဖိလစ်ပိုင်သမ္မတ ဒူတာတေးနှင့် သူ့ထိပ်တန်း မဟာမိတ်များက နောင်အနာဂတ်သက်တမ်းအတွက် ‘ဒူတာတေးပြီး သမီးဒူတာတေး’ နန်းဆက်ထောင်ရန် အားထုတ်လာကြ၏။

ဒူတာတေးအနေနှင့် သူ၏နှစ်ရှည်လများ လက်ထောက်ဖြစ်ခဲ့သူ ဆီနိတ်တာခရစ္စတိုဖာဘဝန်ဂိုကို သူ့နေရာဆက်ခံမည့်သူအဖြစ် လျာထားခဲ့သော်လည်း သမ္မတ၏သမီးဖြစ်သူဆာရာမှာ ပြည်သူလူထု၏ ဝန်းရံမှုနှင့်အတူ အောက်ခြေတွင် လူသိရှင်ကြား မဲဆွယ်မှုများ ပြုလုပ်နေခဲ့သည်။

သမ္မတရွေးကောက်ပွဲအတွက် ဒုတိယမြောက် အလားအလာအရှိဆုံးအဖြစ် မားကို့စ်ဂျူနီယာက အစဉ်အလာမပျက် ဆက်လက်ထွက်ပေါ်လာသည်။ ပေါ်ပေါက်လာသော အခွင့်အလမ်းကို အမိအရဆုပ်ကိုင်ကာ အုပ်ချုပ်ရေးမဏ္ဍိုင်အတွက် သူ့ကိုယ်သူ သမ္မတလောင်းအဖြစ် အမည်စာရင်းတင် သွင်းလိုက်သည့်အခါ သွားလေသူ ဖိလစ်ပိုင် အာဏာရှင်၏မျိုးဆက်ကို မဟာမိတ်ပီသစွာ ဒူတာတေးက ပေါင်းစည်းဝန်းရံခဲ့၏။

ယခုလို သမ္မတတစ်ကြိုစာရင်းမှ ဒူတာတေးအနွယ်တော်များ လုံးလုံးလျားလျား ဖယ်ခွာသွားသည့်အခါ မားကို့စ်၏သားဖြစ်သူ၊ ဘွန်ဘွန်မားကို့စ်သည် လာမည့်နှစ်ရွေးကောက်ပွဲအပြီး မာလာကန်နန်သမ္မတနန်းတော်သို့ ရောက်လာနိုင်သူအဖြစ် ထိပ်ကပြေးနေသည်။ ထိုသို့ဖြစ်ခဲ့လျှင် လာမည့် ၂၀၂၂  ခုနှစ်သည် သူ့ဖခင် ဖာဒီနန်မားကို့စ်၏ ဖိလစ်ပိုင်၌ စစ်အုပ်ချုပ်ရေးကြေညာခဲ့သော နှစ်ငါးဆယ်တင်းတင်း ပြည့်သည့်နှစ် ဖြစ်ပါသည်။

ဆာရာဒူတာတေး သမ္မတပြိုင်ပွဲမှ ထွက်ခွာသွားပြီးနောက် လက်ရှိအနေအထားကို PUBLiCus Asia မှ စစ်တမ်းကောက်ယူခဲ့ရာ အခြားသောပြိုင်ဘက်များထက် ကျော်လွန်ပြီး မားကို့စ်ဂျူနီယာကို မဲဆန္ဒရှင်ရာခိုင်နှုန်း ၄၀ ကျော်က အကြိုက်တွေ့နေကြကြောင်း တွေ့ရှိရပါသည်။ ဤဖြစ်ရပ်မတိုင်မီ ယခင်လက စစ်တမ်းများတွင်မူ ဆီနိတ်တာဂရေ့စ်ပိုး၊ ဆာရာဒူတာတေးတို့နှင့်အတူ မားကို့စ်သည် ဒုတိယနေရာသာရခဲ့၏။ ဆာရာပြိုင်ပွဲမှထွက်ခွာခြင်းက သူ့အတွက်ပို၍ အခြေခိုင်သွားစေပါသည်။

အကယ်၍ မားကို့စ်အောင်ပွဲခံခဲ့လျှင် ဒူတာတေး၏ နောက်ခံအဖြစ် ရပ်တည်ပေးမှုသည် များစွာအခရာကျ၏။ စစ်တမ်းများအရ မားကို့စ်ကို လူလတ်တန်းစားနှင့် အထက်တန်းလွှာ ဖိလစ်ပိုင်မဲဆန္ဒရှင်များက အားပေးမှုအမြင့်ဆုံးဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံး ဖြန့်ကျက်သည့်အခါ မြို့တော်နယ်မြေနှင့် မြောက်ပိုင်းရှိ လူဇွန်ကျွန်း ဧရိယာများက ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြသည်။ သို့သော် ဒူတာတေး သြဇာလွှမ်းသော တောင်ပိုင်းရှိ မင်ဒါနာအိုကျွန်းစု၌မူ ဘွန်ဘွန်အနေနှင့် ရုန်းကန်ရပါလိမ့်မည်။

မကြာမီ ပေါ်ပေါက်လာမည့် ဖြစ်စဉ်တို့ကို ကံသေကံ မပြော၍မရဘဲ ပြောင်းပြန်အဖြေလည်း ထွက်နိုင်ပါသေးသည်။ မားကို့စ် နန်းဆက်ကို ပြန်မလာစေလိုသူများ၊ ၁၉၈၆ ခုနှစ် ‘ပြည်သူ့စွမ်းအား’ တော်လှန်ရေးကြီး ကျဆုံးခဲ့ခြင်းကို ကြိတ်မနိုင်ခဲမရ ဖြစ်နေသူများ၊ ပုဂ္ဂလိကချမ်းသာရေးအတွက် တိုင်းပြည်၏ငွေကြေးဘဏ္ဍာ ဒေါ်လာဘီလျံနှင့်ချီပြီး အလွဲသုံးစားလုပ်ခဲ့သော မားကို့စ်နန်းဆက်ကို လက်မခံနိုင်သူများလည်း ရှိနေဆဲဖြစ်သည်။

လက်ရှိစစ်တမ်းတစ်ရပ်အရ မားကို့စ်အဆက်အနွယ် အာဏာပြန်ရရေးကို တားဆီးသွားမည့် ဒုတိယသမ္မတ လီနီရိုဘရီဒိုသည် ဒုတိယလူကြိုက်အများဆုံး သမ္မတလောင်း ဖြစ်လာသည်။ ယခင်စစ်တမ်းများ၌ လူကြိုက်နည်းနေခဲ့သော်ငြား၊ ယခုအခါ လူကြိုက်များမှု သိသိသာသာ ထိုးတက်လာသည်။

“ကျွန်မတို့နိုင်ငံရေးမှာတော့ တံဆိပ်အဟောင်းတွေ၊ အနံ့ထွက်နေတာတွေကို တိုက်ထုတ်ပစ်ရမှာပဲ” ဟု ယခုလအစောပိုင်း သမ္မတလောင်း၏ ရွေးကောက်ပွဲဝင် ကြေညာချက်တွင် လီနီက ဖော်ပြခဲ့၏။ ထို့ပြင် အတိုက်အခံ ခေါင်းဆောင်များကို စုစည်းကာ မဟာမိတ်ဖွဲ့နိုင်ခဲ့ပြီး ထိုအုပ်စုထဲတွင် ယခင်က သူ့ပြိုင်ဘက်များ၊ ဒူတာတေး၏ မဟာမိတ်များနှင့် ဒူတာတေး-မားကို့စ် ညာညှိခြင်းကို ဆန့်ကျင်သူများ ပါဝင်ကြသည်။

ယခင်က ဒူတာတေး၏ မဟာမိတ်ဖြစ်သူ၊ မစ်ဒယ်ဝိတ်တန်းလက်ဝှေ့ချန်ပီယံ ဆီနိတ်တာ အီမန်နျူယယ် ပက်ကွီအိုသည်လည်း မားကို့စ်မျိုးဆက် အာဏာပြန်ယူမည်ကို အစောပိုင်းကပင် ဆန့်ကျင်ခဲ့သည်။

မားကို့စ်၏ အာဏာရှင်ကာလအတွင်း ပြည်သူ့ဘဏ္ဍာမှ ဒေါ်လာဘီလျံနှင့်ချီပြီး ဘုံးခဲ့သည့်သမိုင်းကို ရည်ညွှန်းလျက် “အဲဒီလို တရားမဝင်နည်းနဲ့ ချမ်းသာထားတဲ့အတွက် ပြည်သူတွေက ဆူဆူပူပူ ဆန့်ကျင်နေတဲ့ကြားက သူတို့ အစိုးရလုပ်ဖို့ ပြန်လာသင့်သလား” ဟု လက်ဝှေ့ချန်ပီယံက မေးခွန်းထုတ်ခဲ့၏။

အာဏာရှင်အဖြစ် အုပ်စိုးခဲ့စဉ်က ရယူခဲ့သော တရားမဝင် ဥစ္စာဓနများဖြင့် ကြွယ်ဝလာခဲ့သည့် မားကို့စ်မျိုးဆက်များ၏ အတိတ်မေ့ချင်ယောင်ဆောင်နေပုံကို “သူ့အဖေလက်ထက်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သူမသိပါဘူးလို့ ဘွန်ဘွန်ပြောတာ မမှန်ပါဘူး။ သူဘာမှ မသိဘူးလို့ ‘နှစ်ကျပ်ကွက်နင်းလို့’ မရဘူး။”

လက်ဝှေ့ကျော် ပက်ကွီအို၏ အားပါလှသော ပွဲသိမ်းလက်သီးချက်နှင့် အလားတူလှသည့် စကားလုံးများ ဖြစ်ပါ၏။

Most Read

Most Recent