အမေရိကန် - တရုတ် ဆက်ဆံရေးတင်းမာမှုများကို လျှော့ချပေးရန် ရည်ရွယ်ဟု အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ပြောကြား

အမေရိကန် - တရုတ် ဆက်ဆံရေးတင်းမာမှုများကို လျှော့ချပေးရန် ရည်ရွယ်ဟု အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ပြောကြား
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ Geneva Graduate Institute တွင် မိန့်ခွန်းပြောကြားနေသည့် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ကက်သရင်းတိုင်းကို တွေ့ရစဉ်
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ Geneva Graduate Institute တွင် မိန့်ခွန်းပြောကြားနေသည့် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ကက်သရင်းတိုင်းကို တွေ့ရစဉ်
Published 29 October 2021
Ref: Reuters, AFP

တရုတ်နိုင်ငံနှင့် မိမိ၏ စေ့စပ်ညှိနှိုင်းမှုများမှာ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံအကြား အန္တရာယ်ကြီးမားလာသော ကုန်သွယ်ရေးဆက်ဆံရေးတင်းမာခြင်းများကို လျှော့ချပေးရန် ရည်ရွယ်သည်ဟု အောက်တိုဘာ ၂၈ ရက်တွင် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ကက်သရင်းတိုင်းက ပြောကြားခဲ့သည်။

အမေရိကန် - တရုတ်ဆက်ဆံရေးသည် အမှိုက်ခြောက်ပုံနှင့် ဆင်တူလာကြောင်း၊ နားလည်မှုလွဲမှားခြင်းက အခြေခံအားဖြင့် ကြီးမားသောမီးတောက်ကို ဖြစ်ပေါ်စေမည်ဖြစ်ရာ အဆိုပါမီးတောက်သည် မိမိတို့အား လုံးအပေါ်ပြင်းပြင်းထန်ထန် သက်ရောက်မည်ဟု National Chicken Council အစည်းအဝေးတွင် ကက်သရင်းတိုင်းက ပြောကြားခဲ့သည်။

သမ္မတဟောင်း ဒေါ်နယ်ထရန့် လက်ထက်တွင် အမေရိကန်ပြည်ထောင်စုနှင့် ရရှိခဲ့သော ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့်ကို တရုတ်၏ လိုက်နာမှုပျက်ကွက်ခြင်းကို ဆွေးနွေးရန် ကက်သရင်းတိုင်းသည် ယခုလတွင် တရုတ်ဒုတိယဝန်ကြီးချုပ် လျူဟီနှင့် အွန်းလိုင်းမှတစ်ဆင့်တွေ့ဆုံခဲ့သည်။ အမေရိကန်တာဝန်ရှိသူများက ကက်သရင်းတိုင်းနှင့်လျူဟီတို့ တွေ့ဆုံမှုကို ပေကျင်းနှင့် နှစ်နိုင်ငံစေ့စပ်ဆွေးနွေးရေးအတွက် အားစမ်းမှုတစ်ခုဟု ရှုမြင်ထားကြပြီး တရုတ်တာဝန်ရှိသူများကမူ တရုတ်ကုန်ပစ္စည်းများအပေါ်ချမှတ်ထားသောအခွန် စည်းကြပ်မှုများကို ဖယ်ရှားပေးရေးအတွက် တိုင်းကို ဖိအားပေးခဲ့သည်။

“လုပ်ဆောင်နေဆဲဖြစ်တဲ့ မိမိတို့ရဲ့ ကုန်သွယ်ရေးအပိုင်းကို ဘယ်လိုဘယ်ပုံတည်ငြိမ်အောင် လုပ်မလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ အဆင်ပြေမယ့်ဆက်ဆံရေးရှိဖို့၊ အဆင်ပြေတဲ့ ပြောဆိုဆွေးနွေးမှုလုပ်ဆောင်နိုင်စေဖို့ တင်းမာမှုလျှော့ချရေးကို မိမိရည်ရွယ်ပါတယ်” ဟု အောက်တိုဘာ၂၈ ရက်တွင် တိုင်းက ပြောကြားခဲ့သည်။

တရုတ်စားသုံးသူများသည် ၎င်းတို့၏ အစားအစာတွင် အသားပိုမိုဖြည့်စွက်မည့် အနေအထားကြောင့်  တရုတ်သို့တင်ပို့နေသော အမေရိကန်ကြက်သားသည် လာမည့်နှစ်တွင် သုံးရာခိုင်နှုန်းမြင့်တက်လာမည်ဟု အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနက မျှော်မှန်းထားရာ ကြက်သားမက်ထရစ်တန်ချိန် ၉၃၀,၀၀၀ အထိရှိလာနိုင်သည်။

“တရုတ်မှာ ကြီးမားတဲ့စျေးကွက်ရှိပါတယ်။ တရုတ်ဟာ လူဦးရေလည်းများပါတယ်။ သူတို့အားလုံး အစာစားကြဖို့လိုအပ်ပါတယ်။ တရုတ်ဟာ စိုက်ပျိုးရေးပို့ကုန်တွေ လိုအပ်နေပါတယ်။ အဲ့ဒီစိုက်ပျိုးရေးပို့ကုန်တွေဟာ ကျွန်မတို့ ထောက်ပံ့ပေးနိုင်တဲ့အရာတွေ ဖြစ်ပါတယ်” ဟု တိုင်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်ဒုတိယဝန်ကြီးချုပ်လျူဟီသည် အောက်တိုဘာ ၂၆ ရက်တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ရယ်လန်နှင့်အွန်းလိုင်းမှ တွေ့ဆုံခဲ့ကာ ကုန်သွယ်ရေးပြဿနာများကို ဆွေးနွေးခဲ့သည်။

သမ္မတဟောင်း ဒေါ်နယ်ထရန့် လက်ထက်တွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကုန်သွယ်ရေးတို့ ဆိုးရွားခဲ့ပြီးနောက် သမ္မတဂျိုးဘိုင်ဒင် လက်ထက်တွင် အမေရိကန်- တရုတ် ဆက်ဆံရေးလမ်းကြောင်းသစ်ကို ဖောက်ရန် လျူဟီနှင့် ရယ်လန်တို့ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တရုတ်ကုမ္ပဏီများအပေါ် အမေရိကန်၏ ပြုမူဆက်ဆံပုံများကို စိုးရိမ်ကြောင်း လျူဟီက ပြောကြားခဲ့ပြီး တရုတ်ကုန်စည်များအပေါ် သွင်းကုန်ခွန်စည်းကြပ်မှုအားဖယ်ရှားပေးရန် ပြောကြားခဲ့သည်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် ၂၀၁၈ ခုနှစ်တွင် တရုတ်ထုတ်ကုန်များအပေါ် အခွန်စည်းကြပ်မှုများ လုပ်ဆောင်ခဲ့သည်။  

Most Read

Most Recent