ပြည်သူတို့၏ နေ့စဉ်ဘဝနှင့် တရားဥပဒေ စိုးမိုးရေး

ပြည်သူတို့၏ နေ့စဉ်ဘဝနှင့် တရားဥပဒေ စိုးမိုးရေး
Published 25 October 2021

“ကျွန်တော်တို့အတွက် တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာပြဖို့ အရှင်းဆုံး နည်းလမ်းကတော့ တရားဥပဒေစိုးမိုးရေး မရှိတဲ့အခါ ဘာဖြစ်မလဲလို့ နေ့စဉ်ဘဝကို ပြန်စဉ်းစားကြည့်လိုက်ဖို့ပါပဲ”

ဒွိုက်ဒီအိုင်စင်ဟောင်းဝါး (၁၈၉၀-၁၉၆၉)

၃၄ ဦးမြောက် အမေရိကန်သမ္မတ

Oxford English Dictionary ၌ တရားဥပဒေစိုးမိုးရေး (Rule of Law) အား လူ့အဖွဲ့အစည်းအတွင်း ဥပဒေနှင့်ပတ်သက်သော လုပ်ပိုင်ခွင့်နှင့် သြဇာလွှမ်းမိုးမှု (အထူးသဖြင့် လူတစ်ဦးချင်းနှင့် အင်စတီကျူးရှင်းဆိုင်ရာ အပြုအမူအပေါ် ချုပ်ထိန်းမှုတစ်ရပ်အဖြစ်) သတ်မှတ်သည်။ ထို့ကြောင့် (အစိုးရအဖွဲ့ဝင်များ အပါအဝင်) လူ့အဖွဲ့အစည်းဝင်အားလုံး လူသိရှင်ကြား ထုတ်ပြန်ထားသော ဥပဒေပုဒ်မများနှင့် ဥပဒေလုပ်ငန်းစဉ်များကို အညီအမျှ ခံယူရမည်ဟု သတ်မှတ်ထားသော သဘောတရားဖြစ်သည်။ တရားဥပဒေ စိုးမိုးရေးဟူသည့် စကားရပ်သည် နိုင်ငံရေး အနေအထားတစ်ရပ်ကို ရည်ညွှန်းပြီး မည်သည့် သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းတစ်ရပ်ကိုမျှ ရည်ညွှန်းခြင်း မဟုတ်ပေ။

ယင်းစကားရပ် အသုံးပြုမှုကို ၁၆ ရာစု၌ ဗြိတိန်နိုင်ငံတွင်လည်းကောင်း၊ ၁၇ ရာစု၌ ဘုရင်များ၏ တစ်ချက်လွှတ်အမိန့်ချပိုင်ခွင့်ကို ဆန့်ကျင်ဖော်ပြသည့် စကော့တလန် သဘောတရားရေးရာ ပညာရှင်ဆင်မြူယယ်ရူသာဖို့ဒ်၏ ဖော်ပြချက်၌လည်းကောင်း အစောဆုံးတွေ့ရှိရသည်ဟု ဆိုနိုင်သည်။ လူ့အဖွဲ့အစည်းအတွင်း၌ လွတ်လပ်မှုဟူသည် လွတ်လပ်မှုအပေါ် အစိုးရနှင့် တစ်သီးပုဂ္ဂလအရ ကန့်သတ်ချုပ်ချုပ်မှုများမှနေ၍ လူတစ်ဦးအနေဖြင့် လွတ်မြောက်ခြင်းအပြင် လူတိုင်းအပေါ်ကျင့်သုံးသည့် ဥပဒေပြုမှုတစ်ရပ်အားဖြင့် ချမှတ်ထားသော ဥပဒေများကို ခံယူခြင်းသာလျှင်ဖြစ်ကြောင်း ဂျွန်လော့က်ကရေးသားခဲ့သည်။ ယင်းနောက် ၁၉ ရာစုတွင် ဗြိတိသျှတရားသူကြီး အေဗွီဒီဆေးကြောင့် တရားဥပဒေစိုးမိုးရေးဟူသည့် စကားရပ်မှာ ထပ်မံခေတ်စားလာခဲ့သည်။ သို့သော် စကားရပ်သက်သက် မဟုတ်သော သဘောတရားကို ရှေးဟောင်း တွေးခေါ်ရှင်များက သတိပြုမိပြီးသား ဖြစ်သည်။ ဥပမာအားဖြင့် အရစ္စတိုတယ်က “နိုင်ငံသား မည်သူတစ်ဦးတစ်ယောက်မဆိုထက် တရားဥပဒေက လွှမ်းမိုးကြီးစိုးခြင်းသည်သာလျှင် ပို၍မှန်ကန်သင့်မြတ်ပေသည်” ဟု ရေးသားခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂက ဖွင့်ဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် မရှိမဖြစ် အရေးပါသောအရာများ ပါဝင်သည်။ ယင်း၌ “တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်အစိုးရအဖွဲ့အပါအဝင် တိုင်းသူပြည်သားများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် အများပြည်သူများ စသည်အားလုံးတို့နှင့်ဆိုင်သည့် အုပ်ချုပ်ရေးမူတစ်ရပ်ပင် ဖြစ်သည်။ ယင်းတိုင်းသိပြည်သိ ထုတ်ပြန်ထားသည့် အုပ်ချုပ်ရေးမူသည် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိရမည်ဖြစ်ပြီး အများပြည်သူတို့အားလုံးအပေါ်တွင်လည်း သာတူညီမျှရှိစွာနှင့် အချုပ်အနှောင်ကင်းမဲ့စွာ လုပ်ဆောင်ပေးနိုင်ရန် တရားဥပဒေအပေါ်၌ တာဝန်ရှိသည်” ဟု ဖော်ပြထားသည်။ ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပွင့်လင်းမြင်သာမှုရှိခြင်း၊ တန်းတူညီမျှရှိခြင်း၊ တာဝန်ခံမှု တာဝန်ယူမှုရှိခြင်းနှင့် လွတ်လပ်မှုရှိခြင်းတို့၏ တန်ဖိုးများ ပါဝင်သည်။ ယင်းတွင် တရားဥပဒေစိုးမိုးရေးတွင် နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းများကို လေးစားလိုက်နာရန် ဥပဒေပြုခြင်းနှင့် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ လိုအပ်ကြောင်းကို အထူးပြုဖော်ပြသည်။ တရားဥပဒေစိုးမိုးရေးဟူသည်ကို ခေတ်နှင့်အညီဖြစ်သော အယူအဆတစ်ရပ်ဟု ဆိုနိုင်သည်။ ၎င်းသည် အုပ်ချုပ်မှုစနစ်ပုံစံအပေါ်တွင် ဗဟိုပြုပြီးအာဏာကို ဗဟိုပြုအသားပေးထားသောစနစ် (အာဏာရှင် သို့မဟုတ် သက်ဦးစံပိုင်ဘုရင်စနစ် စသည်) တို့၏ ဆန့်ကျင်ဘက်လားရာဖြစ်သော ဘက်လိုက်မှုမရှိသည့် စည်းမျဉ်းစည်းကမ်းများအပေါ်တွင် အခြေပြုထားသည်။

တရားဥပဒေစိုးမိုးရေးဟူသည် ဥပဒေပြုအမတ်များ၊ ဥပဒေထိန်းသိမ်းရေး အဖွဲ့အစည်းမှ သက်ဆိုင်ရာ အရာရှိများနှင့် တရားသူကြီးများ အပါအဝင် လူတိုင်းက ဥပဒေကို ခံယူခြင်းအား ရည်ညွှန်းခြင်းဖြစ်သည်။ ယင်းအမြင်အရကြည့်လျှင် တရားဥပဒေစိုးမိုးရေးဟူသည် အုပ်စိုးသူများက ဥပဒေ၏အထက်၌ရှိနေသော သက်ဦးဆံပိုင်စနစ် သို့မဟုတ် လူနည်းစုက နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားသောစနစ်များနှင့် ဆန့်ကျင်ရပ်တည်၍ နေသည်။ ဥပမာအားဖြင့် ဥပဒေကို လျစ်လျူပြုခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်းကြောင့် အာဏာရှင်စနစ်များ၌သာမက ဒီမိုကရေစီစနစ်များ၌ပါ တရားဥပဒေစိုးမိုးရေး ချို့တဲ့မှုကို တွေ့မြင်နိုင်သည်။ အစိုးရတစ်ရပ်အနေဖြင့် တရားဥပဒေကို ပြန်လည်ထိန်းသိမ်းရန်အတွက် ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို ထိရောက်အောင် မဆောင်ရွက်နိုင်သည့်အခါ တရားဥပဒေစိုးမိုးရေးသည် ယိုယွင်းပျက်စီးရန်သာ ပိုမိုအလေးသာနေတော့သည်။

မည်သည့်နိုင်ငံ၌မဆို ပြည်သူလူထု၏ နေ့စဉ်ဘဝများသည် တရားဥပဒေစိုးမိုးရေးအပေါ် မှီခိုနေရပြီး တရားဥပဒေစိုးမိုးရေး ယိုယွင်းပျက်စီးလာပါက ပြည်သူလူထု၏ နေ့စဉ်ဘဝများ မလုံခြုံရုံမျှမက အသက်မွေးဝမ်းကျောင်းအလုပ်များကိုလည်း ကောင်းစွာ ပြုလုပ်နိုင်တော့မည် မဟုတ်သောကြောင့် သက်ဆိုင်ရာနိုင်ငံအနေဖြင့် အလုံးစုံပျက်သုဉ်းမှုလမ်းကြောင်းဆီသို့သာ ဦးတည်၍ သွားမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက သတိပေး ရေးသားအပ်ပါသည်။

အောက်တိုဘာ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent