ထိုင်ဝမ်ကို စစ်အင်အားပြသိမ်းသွင်းနေသည့် တရုတ်၏ နည်းဗျူဟာ

ထိုင်ဝမ်ကို စစ်အင်အားပြသိမ်းသွင်းနေသည့် တရုတ်၏ နည်းဗျူဟာ
Photo: Rappler
Photo: Rappler
Published 23 October 2021
ဖြိုးဟိန်းကျော်

တရုတ်ဂျက်တိုက်လေယာဉ်များ ထိုင်ဝမ်၏ ရေဒါထဲသို့ အုံနှင့်ကျင်းနှင့် ပျံသန်းဝင်ရောက်လာမှုသည် ဒီမိုကရေစီစနစ်ကျင့်သုံးသည့် ထိုင်ဝမ်ကျွန်းကို တရုတ်အစိုးရကတိုးမြှင့် ဖိအားပေးနေသည့် လတ်တလောနည်းဗျူဟာ တစ်ခုဖြစ်လာခဲ့သည်။အမှားအယွင်း တစ်စုံတစ်ခု ဖြစ်ပေါ်ရုံမျှနှင့်ပင် ပိုကြီးထွားလာသော စစ်အေးပဋိပက္ခမှမီးကုန်ယမ်းကုန် စစ်ပွဲတစ်ခုအဖြစ် တစ်မုဟုတ်ချင်းပြောင်းလဲ သွားနိုင်သည့်အပေါ် စိုးရိမ်မှုများလည်း ကြီးထွားလာခဲ့သည်။

ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်နေသည့် ထိုင်ဝမ်သည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အပြီးတွင် တရုတ်ပြည်မကြီးမှ သီးခြားစီခွဲထွက်ခဲ့ပြီးနောက်ပိုင်းတွင် တရုတ်ကကျူးကျော်လာနိုင်သည့် အန္တရာယ်အောက်တွင် နေထိုင်ရလျက်ရှိသည်။ ၂၃ သန်းသော ထိုင်ဝမ်ပြည်သူတို့သည်လည်း တရုတ်၏ စစ်လက်နက်အင်အားဖြင့် ခြိမ်းခြောက်နေသည့် ကာလများအား ရင်ဆိုင်ဖြတ်သန်းရမည်ကို နားလည်သဘောပေါက်နေကြပြီဖြစ်သည်။

သို့ရာတွင် ထိုင်ဝမ်ကျွန်း၏ လေကြောင်းကာကွယ်ရေးဇုန် (ADIZ) ထဲသို့ တရုတ်စစ်လေယာဉ်များ ဖြတ်ကျော် ဝင်ရောက်မှုများ တစ်မုဟုတ်ချင်းသိသိသာသာ မြင့်တက်လာခြင်းကြောင့် ထိုင်ဝမ်အရေးသည် အဓိကအာရုံစိုက်စရာ ဖြစ်လာခဲ့ပြီး တင်းမာမှုများ ပေါက်ကွဲထွက်လာနိုင်သည့် ပဋိပက္ခကြီးအသွင်သို့ ရောက်ရှိလာမည်ကို တစ်ကမ္ဘာလုံး၏စိုးရိမ်မှုများ ကြီးထွားလာခဲ့သည်။

တရုတ်၏ အမျိုးသားအောင်ပွဲနေ့ဖြစ်သည့် အောက်တိုဘာ ၁ ရက်မှစ၍ ယခုလအစောပိုင်း လေးရက်ဆက်တိုက်စံချိန်တင်အဖြစ် တရုတ်စစ်လေယာဉ် ၁၄၉ စီးသည် ထိုင်ဝမ်အနောက်တောင်ပိုင်းရှိ လေကြောင်းကာကွယ်ရေးဇုန်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။

စိတ်ဓာတ်စစ်ဆင်ရေး

အဆိုပါလေးရက်အတွင်း ဝင်ရောက်ခဲ့သည့် တရုတ်စစ်လေယာဉ် အရေအတွက်သည် ယင်းမတိုင်မီအထိတစ်လအတွင်း ဖြတ်ကျော်ဝင်ရောက်မှု အများဆုံးအဖြစ် လေယာဉ်အစီးရေ ၁၁၇ စီးရှိခဲ့သည့် စက်တင်ဘာလတစ်လလုံးထက်ပင် ၂၈ ရာခိုင်နှုန်း ပိုများနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

ယမန်နှစ်တွင် ထိုင်ဝမ်ကျွန်း၏ အနောက်တောင်ဘက် လေကြောင်းကာကွယ်ရေးဇုန်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် လေယာဉ်အစီးရေ ၃၈၀ ခန့်ရှိခဲ့သည်ဟု ထိုင်ဝမ်အစိုးရ၏ အဆိုအရသိရပြီး ယခုနှစ်တွင်မူ အောက်တိုဘာ ၂၂ ရက်နေ့အထိ ကျူးကျော်ဝင်ရောက်ခဲ့သည့် တရုတ်လေယာဉ်အစီးရေ ၆၉၂ စီးရှိနေကာနှစ်ဆနီးပါးတိုးလာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နျူကလီးယားလက်နက်တင်ဆောင်နိုင်သည့် H6 ဗုံးကြဲလေယာဉ် အပါအဝင် ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည့် လေယာဉ်အမျိုးအစားများကို စေလွှတ်ပျံသန်းမှုများလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

၂၀၂၀ ခုနှစ်၌ တစ်လထဲတွင် ပျံသန်းဝင်ရောက်မှု အများဆုံးလဖြစ်သော စက်တင်ဘာတွင် တိုက်လေယာဉ် ၃၂ စီးနှင့် ဗုံးကြဲလေယာဉ်သုံးစီး ပါဝင်ခဲ့သည်ဟု ထိုင်ဝမ်က စာရင်းထုတ်ပြန်ခဲ့သည်။

ယခုနှစ် အောက်တိုဘာလထဲတွင်မူ လက်ရှိအချိန်ထိ တိုက်လေယာဉ် ၁၂၄ စီး နှင့် ဗုံးကြဲလေယာဉ် ၁၆ စီး ကျူးကျော်ဝင်ရောက်ခဲ့သည်ဟု သိရသည်။

သို့ရာတွင် အဆိုပါ လေကြောင်းကာကွယ်ရေးဇုန်ကို ထိုင်ဝမ်၏ ဝေဟင်ပိုင်နက်ဟု တစ်ထစ်ချ မသတ်မှတ်နိုင်ဘဲတရုတ်၏ လေကြောင်းကာကွယ်ရေးဇုန် တစ်စိတ်တစ်ပိုင်းနှင့် ဆက်စပ်နေသည့် ပိုမိုကျယ်ပြန့်သော ဧရိယာတစ်ခုပါဝင်ကာ ပြည်မကြီး၏ အစိတ်အပိုင်းအချို့နှင့်ပါ အကျုံးဝင်နေသည်။

မည်သို့ဆိုစေကာမူ ယမန်နှစ်ကအထိတရုတ်သည် အနောက်တောင်ပိုင်းဇုန်ထဲသို့ ဖြတ်ကျော်ဝင်ရောက်မှုမှာ မရှိသလောက်ပင် ဖြစ်သည်။

“အဲဒီလုပ်ရပ်တွေက greyzone လို့ ခေါ်တဲ့ စစ်အင်အားပြပြီးသိမ်းသွင်းတဲ့ နည်းဗျူဟာတစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထိုင်ဝမ်အပေါ် စိတ်ဓာတ်စစ်ဆင်ရေးအဆက်မပြတ် ဆင်နွှဲနေတာဖြစ်တယ်” ဟု ၂၀၁၉ ခုနှစ်တွင် ထိုင်ဝမ်စစ်တပ် အကြီးအကဲအဖြစ်မှ ထွက်ခွာသွားခဲ့သည့် အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီးလီရှီမင်က AFP သတင်းဌာနသို့ ပြောကြားသည်။

Greyzone ဆိုသည်မှာ ပေါ်ပေါ်ထင်ထင် စစ်ပွဲဆင်နွှဲသည့် အဆင့်မဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံက ကျူးကျော်ရန်စနေသည့် လုပ်ရပ်များကိုညွှန်းဆိုရန် စစ်ရေးအကဲခတ်များက အသုံးပြုကြသည့် အသုံးအနှုန်း ဖြစ်သည်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်ကမူ ၎င်းကိုစစ်နှင့်ငြိမ်းချမ်းရေးကြားမှ သောင်မတင်ရေမကျ နယ်မြေဟု ခေါ်ဝေါ်ခဲ့သည်။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ဆန်အင်းဝမ်သမ္မတဖြစ်လာချိန်မှစ၍ ထိုင်ဝမ်သည် ယင်းကဲ့သို့ ခြိမ်းခြောက်မှုများနှင့် သိသိသာသာပိုမိုရင်ဆိုင်လာရခြင်းဖြစ်သည်။ ဆန်သည် ထိုင်ဝမ်ကျွန်းကိုအချုပ်အခြာ အာဏာပိုင်အဖြစ် သတ်မှတ်ပြီး ၎င်းတို့၏ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်သင့်မခံသူအဖြစ် တရုတ်ခေါင်းဆောင်များက ရှုမြင်ထားသည်။

ဆိုက်ဘာတိုက်ခိုက်မှုနှင့် လုပ်ကြံသတင်းဖြန့်ကာ လှုံ့ဆော်မှုများတိုးမြှင့်ခြင်း၊ တရုတ်ပြည်မကြီးနှင့် ကီလိုမီတာအနည်းငယ်သာ ကွာဝေးသည့် ထိုင်ဝမ်ပိုင်ကျွန်းနှစ်ကျွန်းဖြစ်သည့် ကင်မန်နှင့် မာဆုတို့ကို ၀ိုင်းပတ်ထားသော ရေပြင်မှ သဲများစုဆောင်းရယူမည့် တရုတ်သောင်တူးသင်္ဘောအရေအတွက် ကြောက်ခမန်းလိလိ များပြားလာခြင်းကဲ့သို့ greyzone အစီအမံများကို ထိုင်ဝမ်ရေတပ်ဗိုလ်ချုပ်ကြီး ဟောင်းလီက သာဓကပြပြောဆိုခဲ့သည်။

ထို့ပြင် တရုတ်စစ်လေယာဉ်များ ကျူးကျော်ပျံသန်းမှုသည် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် လူအသေအပျောက်ရှိသည့် ပျက်ကျမှု အများအပြား ဖြစ်ပေါ်ခဲ့သည့် သက်တမ်းရင့် ထိုင်ဝမ်တိုက်လေယာဉ်အုပ်များကိုလည်း အကြီးအကျယ် ဖိအားပေးလျက်ရှိပေသည်။

အင်ပြည့်အားပြည့် မုန်တိုင်း

တစ်ချိန်တွင် ထိုင်ဝမ်အား သိမ်းယူမည်ဟု ကြုံးဝါးထားသော တရုတ်သည် လေကြောင်းကာကွယ်ရေးဇုန်ထဲသို့ လေယာဉ်များ ကျူးကျော်ဝင်ရောက်မှုများနှင့် ပတ်သက်ပြီး ဖုံးဖုံးဖိဖိသာပြောဆိုလေ့ရှိသည်။

ယင်းကဲ့သို့ စစ်လေယာဉ်များ ဝင်ရောက်မှုသည် ထိုင်ဝမ်အစိုးရနှင့် ပြည်သူများ၊ အမျိုးသားရေးစိတ်ဓာတ် ပိုမိုပြင်းထန်လာသည့် တရုတ်ပြည်သူများနှင့် အနောက်အင်အားကြီးနိုင်ငံများကို ဦးတည်၍ သတင်းစကားပါးလိုခြင်းဖြစ်သည်ဟု အကဲခတ်များက ဆိုသည်။

အမေရိကန်မှ လေယာဉ်တင်သင်္ဘောနှစ်စီးနှင့် ဗြိတိန်မှ လေယာဉ်တင်သင်္ဘောတစ်စီး၊ ဂျပန်ရဟတ်ယာဉ်တင် သင်္ဘောတစ်စီး အပါအဝင် နိုင်ငံအများအပြားမှ ရေတပ်များ ပါဝင်ခဲ့သည့် ပစိဖိတ်သမုဒ္ဒရာအတွင်း ရေတပ်စစ်ရေး လေ့ကျင့်မှုများအပြီးတွင် ယခုကဲ့သို့ တရုတ်လေယာဉ်များစံချိန်တင် ကျူးကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အမေရိကန်က နျူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘောဆိုင်ရာ နည်းပညာမျှဝေရန် သြစတြေးလျနှင့် သဘောတူညီချက် ရရှိခဲ့ပြီးထိုင်ဝမ်စစ်တပ်ကို အမေရိကန် အထူးတပ်ဖွဲ့ဝင်များက စစ်သင်တန်းပေးနေကြောင်း အတည်ပြုချက် ထွက်ပေါ်လာပြီးနောက်တွင် ၎င်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

“ဒေသတွင်းမှာလုံခြုံရေး မဟာမိတ်တွေဖွဲ့နေတဲ့အပေါ် သူတို့အနေနဲ့ မမှုကြောင်း တရုတ်အစိုးရက ပြသချင်နေတာ ဖြစ်တယ်” ဟု ၀ါရှင်တန်အခြေစိုက် Global Taiwan Institute မှ ပညာရှင်တစ်ဦးဖြစ်သူ ဂျေမိုက်ကယ်ကိုးလ်က ပြောသည်။

အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ မဟာဗျူဟာပိုင်းအရ ရှင်းလင်းပြတ်သားမှု မရှိသည့်မူဝါဒကို သာကာလကြာမြင့်စွာကိုင်စွဲခဲ့ပြီး ထိုင်ဝမ်ကို အကူအညီပေးမည့် ကိစ္စရပ်နှင့် ပတ်သက်၍ အတိအလင်းကတိပြုခဲ့ခြင်းမရှိဘဲ စစ်လက်နက်ပစ္စည်းများသာ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် လက်ရှိသမ္မတဂျိုးဘိုင်ဒင်က တရုတ်အနေဖြင့် ထိုင်ဝမ်အပေါ် လှုပ်ရှားမှု တစ်စုံတစ်ရာလုပ်ဆောင်လာမည်ဆိုလျှင် အမေရိကန်တပ်ဖွဲ့ဝင်များက ထိုင်ဝမ်ပြည်သူများကို အကာအကွယ် ပေးသွားမည်ဟု နှစ်ကြိမ်တိုင်တိုင် အတိအလင်းပြောဆိုခဲ့သည်။

မော်စီတုန်းခေတ်လွန်တွင် တရုတ်၏အာဏာရှင်အဆန်ဆုံး ခေါင်းဆောင်ဖြစ်ပြီးလာမည့်နှစ်တွင် တတိယမြောက် ရာထူးသက်တမ်းကိုတိုးမြှင့်ရယူရန် စီစဉ်နေသည့် သမ္မတရှီကျင်းပင်က ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းသွားမည်ဟု အခိုင်အမာကတိပြုထားသည်။

တရုတ်က စစ်အင်အားပြမှုကိုတိုးမြှင့်လာသည့်အတွက် တရုတ်အနေဖြင့် လာမည့်နှစ်အနည်းငယ်အတွင်း ထိုင်ဝမ်ကို ကျူးကျော်ရန် အသင့်ရှိနေနိုင်သည်ဟု အမေရိကန်နှင့် ထိုင်ဝမ်အစိုးရ တာဝန်ရှိသူများကပင် လူသိရှင်ကြားသတိပေးခဲ့ရသည်။

တရုတ်အစိုးရ၏ အကြံပေးဖြစ်သည့် ပီကင်းတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးပညာရှင် ကျားချင်းကော်က ထိုင်ဝမ်ရေလက်ကြားတွင် မုန်တိုင်းတစ်ခုအင်ပြည့်အားပြည့် အရှိန်ယူနေပြီဟုသတိပေးထားသည့် စာတမ်းတစ်စောင်ကိုယခုနှစ်ထဲတွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် ထိုင်ဝမ်အကြား ဆက်ဆံရေးပိုမိုအားကောင်းသည့်အပေါ် ချက်ချင်းလက်ငင်း တုံ့ပြန်ဆောင်ရွက်ရန် တရုတ်အနေဖြင့်လည်းဖိအားများ ကျရောက်နေပြီဖြစ်သည်။ ထိုင်ဝမ်ကို အကာအကွယ်ပေးရန် အမေရိကန်၏ ပါတီနှစ်ရပ်လုံးက ကြုံတောင့်ကြုံခဲသဘောတူ ထောက်ခံလာကြသည်။

ထိုင်ဝမ်အစိုးရအနေဖြင့် ယခင်ကထက်ပိုပြီး သတိရှိသင့်သော်လည်း အလွန်အကျွံ စိုးရိမ်ပူပန်ရန်မလိုကြောင်း ထိုင်ဝမ်နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသနအင်စတီကျုမှ စစ်ရေးကျွမ်းကျင် သူဆုဇူယွင်ကပြောသည်။

ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ပြီး ကုန်း၊ ရေနှစ်သွယ် ကမ်းတက်စစ်ဆင်မှုသည် အရှုပ်ထွေးဆုံးစစ်ဆင်ရေးအဖြစ် ရှိနေဆဲဖြစ်ကာ လုပ်ငန်းစဉ်တစ်ခုခု ချွတ်ချော်သွားမည်ဆိုလျှင် စစ်ဆင်ရေး ကျရှုံးလိမ့်မည် ဖြစ်ကြောင်းနှင့် တရုတ်အနေဖြင့် စစ်ပွဲတစ်ပွဲကို စတင်လာနိုင်သော်လည်း အောင်နိုင်ခြင်းရှိ မရှိဆိုသည်မှာ ကွဲပြားခြားနားသော အရာတစ်ခု ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။ 

Most Read

Most Recent