ကောလာဟလဟူသည်

ကောလာဟလဟူသည်
Published 22 October 2021

‘ကောလာဟလ’ ဟူသည့် စကားလုံးသည် ပါဠိဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး ‘အုတ်အုတ်ကျက်ကျက် ကြွေးကြော်ခြင်း’ ဟု အဓိပ္ပာယ်ရသည်။ ကောလာဟလသည် ကိစ္စရပ်တစ်ခု သို့မဟုတ် အဖြစ်အပျက်တစ်ခုနှင့် ပတ်သက်၍ ယုံကြည်ရန်ခက်ခဲသော်လည်း လူများအကြား ပျံ့နှံ့နေတတ်သော အချက်အလက်များ ဖြစ်ကြသည်။ မှန်ကန်ကြောင်းကို အလျင်အမြန် အတည်ပြုရန် ခက်ခဲသော သို့မဟုတ် အတည်ပြုရန်ပင် ခက်ခဲသော အဆိုတစ်မျိုးမျိုးကို ကောလာဟလဟု ခေါ်ကြောင်း လူမှုသိပ္ပံပညာတွင် အနက်ဖွင့်သည်။ အချို့ပညာရှင်တို့ကလည်း ကောလာဟလကို ၀ါဒဖြန့်ခြင်း၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်သည်။ လူမှုဗေဒ၊ စိတ်ပညာနှင့် လူမှုဆက်ဆံရေးဝိဇ္ဇာပညာတို့တွင် ကောလာဟလနှင့်ပတ်သက်၍ လေ့လာသင့်သည့်အချက်တို့ များစွာရှိ၏။ သတင်းမှားနှင့် သတင်းလိမ် (သတင်းတု) တို့ကိုလည်း ကောလာဟလအဖြစ် ပြောဆိုလေ့ရှိသည်။ ‘သတင်းမှား’ ဟူသည် မသိဘဲ ဖြန့်ဝေမိသော ‘အချက်အလက်မှား’ ကို ဆိုလိုသည်။ ‘သတင်းလိမ်’ (သတင်းတု) ဟူသည်မှာ ယင်းကဲ့သို့ ခံယူထင်မြင်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ဝေသော အချက်အလက်မှားများပင် ဖြစ်သည်။   

ကောလာဟလ (Rumor) ကို လူတစ်ဦးမှ တစ်ဦးသို့ ပျံ့နှံ့သွားသော အတည်မပြုနိုင်သည့် အကြောင်းအရာ သို့မဟုတ် ရှင်းပြချက်တစ်ရပ်အဖြစ် ရှုမြင်ကြသည်။ သို့သော် ၁၉၉၈ ခုနှစ်တွင် ပန်ဒယ်လ်တန်ဆိုသူ၏ ကောလာဟလများကို သုတေသနပြုမှုအရ လူမှုဗေဒ၊ စိတ်ပညာနှင့် ဆက်သွယ်ရေး လေ့လာချက်များတွင် ကောလာဟလကို အဓိပ္ပာယ်သတ်မှတ်ရာ၌ ကွဲလွဲချက်များ များစွာရှိနေကြောင်း သိရသည်။ လူမှုသိပ္ပံပညာရပ်တွင် ကောလာဟလဟူသည် တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသည့် စိတ်ကူးထည်တစ်ခုမျှသာ ဖြစ်သည်။ သို့သော် သီအိုရီအများစုက ကောလာဟလများတွင် မှန်မမှန်ကို လျင်မြန်စွာ သို့မဟုတ် ဘယ်တော့မှ အတည်ပြု၍မရသော ဖော်ပြချက်တစ်မျိုး ပါဝင်နေကြောင်းကိုမူ သဘောတူကြသည်။ ပညာရှင်အချို့က ကောလာဟလများကို ၀ါဒဖြန့်ချိရေးအဖြစ် အမျိုးအမည် သတ်မှတ်ကြသည်။ ၀ါဒဖြန့်ချိရေးနှင့် ပတ်သက်၍ အစောဆုံးအဖြစ် ၁၉၂၇ ခုနှစ်တွင် လေ့လာမှုများ ပြုလုပ်ခဲ့သူ ဟာရိုးလက်စ်ဝဲလ်က ၀ါဒဖြန့်ချိရေးဟူသည် အရေးပါသော သင်္ကေတအမှတ်သညာများကို အသုံးပြုကာ ထင်မြင်ချက်များကို ထိန်းချုပ်ခြင်း သို့မဟုတ် ပို၍ခိုင်မာစွာနှင့် တိကျမှုပို၍နည်းပါးစွာ ပြောဆိုခြင်းမျှသာ ဖြစ်သည်ဟု ဆိုသည်။ ၀ါဒဖြန့်ချိရေး၌ အဖြစ်အပျက် အကြောင်းအရာများ၊ သတင်းအစီရင်ခံမှုများ၊ ကောလာဟလများ၊ ဓာတ်ပုံများနှင့် အခြားလူမှုဆက်သွယ်ရေး ပုံသဏ္ဌာန်များကို အသုံးပြုသည်ဟု ဆိုသည်။

ကောလာဟလများကို လူမှုမီဒီယာများက ပိုမိုလျင်မြန်စွာနှင့် ပုံသဏ္ဌာန်မကျစွာ ဖြန့်ချိပေးသည်။ လူတစ်ဦးတစ်ယောက်အနေဖြင့် သတင်းတစ်ရပ် သို့မဟုတ် အမြင်တစ်ရပ်ကို မှန်မမှန်၊ ကောင်းမကောင်း၊ တော်၏မတော်၏ သိရှိခြင်းမရှိဘဲ အွန်လိုင်း၌ တွေ့ရှိရသည့်အခါ တစ်ဆင့်ဖြန့်ချိလိုက်တတ်ကြသည်။ ကောလာဟလများနှင့် သတင်းမှားများ ဖြန့်ချိခြင်းသည် ရှေးခေတ်ကတည်းက ရှိခဲ့သည့် နည်းလမ်းတစ်ရပ်ဖြစ်သည်။ ယခုကဲ့သို့ အင်တာနက်ခေတ်စားလာပြီး လူမှုမီဒီယာများတွင် ကျယ်လာချိန်တွင် လူမှုမီဒီယာများသည် ကောလာဟလများ အကြီးအကျယ် ထုတ်လုပ်ဖြန့်ချိရာ စက်ရုံကြီးများ ဖြစ်လာတော့သည်။ အွန်လိုင်းတွင် အီလက်ထရွန်နစ်နည်းအရ ကောလာဟလများကို ကိုင်တွယ်၊ ထိန်းချုပ်၊ ဖြန့်ချိ၊ စောင့်ကြည့်မှုများက နိုင်ငံရေးကစားကွက်များ ဖြစ်လာပြီး နိုင်ငံရေးအခင်းအကျင်းများကို ပြောင်းလဲစေနိုင်သည်။

လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို တက်ကြွစွာ ကာကွယ်လာခဲ့သူအချို့ပင်လျှင် ဆိုးရွားသော သတင်းအချက်အလက်များ Twitter ၊ YouTube နှင့် Facebook တို့မှတစ်ဆင့် လျင်မြန်စွာ၊ ဝေးလံစွာနှင့် ထိရောက်စွာ ပျံ့နှံ့နေမှုသည် ဒီမိုကရေစီ လုပ်ငန်းစဉ်များကို ပုံပျက်ရွဲ့စောင်းသွားစေနိုင်သည်ဟူသော စိုးရိမ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ဥပမာအားဖြင့် စနစ်တကျ ထုဆစ်ပုံဖော်ထားသော မုသားတစ်ရပ်က ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အတွင်း ထွက်ပေါ်လာခဲ့လျှင် ယင်းကရွေးကောက်ပွဲ၏ရလဒ်အပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနိုင်သည်ဟု ဆိုကြသည်။

မည်သို့ပင်ဆိုစေကာမူ ကောလာဟာလများသည် လူတစ်ဦးချင်း၏ ဘဝနှင့် အနာဂတ်မှသည် လူ့အဖွဲ့အစည်းတစ်ရပ် သို့မဟုတ် နိုင်ငံတစ်နိုင်ငံ၏ ဖြစ်တည်မှုနှင့် အနာဂတ်အထိအား အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်လောက်အောင် အန္တရာယ်ကြီးမားသည်ကို အထူးသတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent