ဗြိတိန်အစိုးရက ပြင်သစ်-သြစတြီးယား ဆေးကုမ္ပဏီ Valneva ထုတ် COVID-19 ကာကွယ်ဆေးကို ဝယ်ယူမှုသဘောတူညီချက်အား ရပ်ဆိုင်းခဲ့ပြီးနောက် တစ်လအကြာ၌ ၎င်း COVID-19 ကာကွယ်ဆေး၏ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွင် ကောင်းမွန်သည့် ရလဒ်များ ရရှိခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း Valneva က အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဗြိတိန်သည် စကော့တလန်တွင် ဆေးထုတ်လုပ်ရေးစက်ရုံတစ်ခုရှိသည့် Valneva ထံမှ ၂၀၂၁-၂၀၂၂ အတွက် ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ မှာယူခဲ့ပြီး ဗြိတိန်သည် Valneva ထံမှ ကာကွယ်ဆေးမှာယူခဲ့သည့် တစ်ခုတည်းသောနိုင်ငံဖြစ်ခဲ့သည်။
ဥရောပသမဂ္ဂကလည်း ယင်းကာကွယ်ဆေးဝယ်ယူရန် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း ပြင်သစ်အစိုးရက ပြောကြားခဲ့သည်။
ဗြိတိန်တွင် အရွယ်ရောက်ပြီးသူ ၄,၀၁၂ ဦးကို ယင်းကာကွယ်ဆေး၏ တတိယအဆင့် စမ်းသပ်ခဲ့ရာ၌ ကောင်းမွန်သည့်ရလဒ်များကို တွေ့ရှိခဲ့ကြောင်း၊ ဗြိတိန်ဆေးကုမ္ပဏီထုတ် AstraZeneca ၏ ကာကွယ်ဆေးထက် ယင်းကာကွယ်ဆေးသည် အာနိသင်ပျက်ပြယ်စေသည့် ပဋိပစ္စည်းများကို ပိုမိုထောက်ပံ့ပေးနိုင်ကြောင်း Valneva က ဆိုသည်။
Valneva ၏ VLA2001 ကာကွယ်ဆေးသည် COVID-19 ရောဂါကို တားဆီးကာကွယ်ရန် ကိုရိုနာဗိုင်းရပ်စ်၏ မတုံ့ပြန်နိုင်သော ဗိုင်းရပ်စ်အသေကို အခြေခံ၍ ဖန်တီးထားခြင်းဖြစ်သည်။
“ဒီနည်းလမ်းဟာ ဗြိတိန်၊ ဥရောပနဲ့ မြောက်အမေရိကတို့မှာ ဖြန့်ကျက်ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးတွေထက် ကာကွယ်ဆေး ထုတ်လုပ်ရာမှာ ပိုပြီးရှေးကျတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်” ဟု Bristol တက္ကသိုလ်မှ ကလေးအထူးကုဆရာဝန်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအကြီးအကဲ ပါမောက္ခအဒမ်ဖင်းက ပြောကြားခဲ့သည်။
“ဒီရလဒ်တွေအရ Valneva ရဲ့ကာကွယ်ဆေးဟာ လာမယ့်ကပ်ရောဂါ အခြေအနေတွေမှာ အရေးပါတဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိနေတယ်လို့ အကြံပြုချင်ပါတယ်” ဟု ဖင်းက ပြောကြားခဲ့သည်။
ယင်းရလဒ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် Valneva ၏ ရှယ်ယာတန်ဖိုးသည် ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့သည်။ လွန်ခဲ့သည့်လက ဗြိတိန်သည် ကာကွယ်ဆေးမှာယူမှုများကို ဖျက်သိမ်းခဲ့ပြီးနောက် ယင်းကုမ္ပဏီ၏ ရှယ်ယာများ ကျဆင်းသွားခဲ့သည်။
ကုမ္ပဏီအနေဖြင့် ၎င်းကာကွယ်ဆေးအား အတည်ပြုပေးရန် ဗြိတိန်ကျန်းမာရေး အာဏာပိုင်များထံ တင်ပြတောင်းခံမှု လုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်ခဲ့ပြီး ဥရောပဆေးဘက်ဆိုင်ရာ အေဂျင်စီထံ တောင်းခံမှုအစီရင်ခံစာကို လျှောက်ထားရန် ပြင်ဆင်နေသည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ကာကွယ်ဆေးကို တတ်နိုင်သမျှ အမြန်ဆုံးအတည်ပြုချက် ရရှိလိမ့်မယ်လို့ ယုံကြည်ထားပြီး COVID-19 ကပ်ရောဂါအတွက် ကမ္ဘာလုံးဆိုင်ရာ တိုက်ဖျက်မှုလုပ်ငန်းစဉ်မှာ အရေးပါတဲ့နေရာကနေ ရပ်တည်နိုင်လိမ့်မယ်လို့ ဆက်လက်ယုံကြည်ထားပါတယ်” ဟု Valneva ဆေးကုမ္ပဏီ၏ CEO သောမတ်လင်ဂယ်ဘတ်ချ်က ပြောကြားခဲ့သည်။
လက်ရှိကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ခံရသူပေါင်း ၂၁၉ သန်းရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၄.၅၅ သန်း ရှိသည်ဟု တရားဝင်ထုတ်ပြန်ထားသည်။















