အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတို့က လွန်ခဲ့သောသီတင်းပတ်တွင် ထိုင်ဝမ်ရေလက်ကြားသို့ စစ်သင်္ဘောတစ်စင်းစီ စေလွှတ်ခဲ့သည့်အတွက် အောက်တိုဘာ ၁၇ ရက်တွင် တရုတ်စစ်တပ်က ပြစ်တင်ရှုတ်ချလိုက်ပြီး ၎င်းတို့သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ခြိမ်းခြောက်နေသည်ဟု ပြောကြားခဲ့သည်။
တရုတ်သည် ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်နေသော ထိုင်ဝမ်ကို မိမိ၏ပိုင်နက်ဖြစ်သည်ဟု ပြောကြားထားပြီး လွန်ခဲ့သောနှစ်တွင် ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်ထဲသို့ လေကြောင်းမစ်ရှင်များ အကြိမ်ကြိမ်စေလွှတ်မှု တိုးလာခဲ့သည်။ ယင်းလုပ်ရပ်များက ထိုင်ဝမ်ကို ဒေါသထွက်စေခဲ့သည်။
တရုတ်သည် အောက်တိုဘာ ၁ ရက်မှ စတင်ကာ အဆိုပါဇုန်သို့ လေးရက်အတွင်း လေယာဉ်အစင်း ၁၅၀ ဝန်းကျင်စေလွှတ်ခဲ့ရာ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုကို ဖြစ်စေခဲ့သည့် ပေကျင်းနှင့် တိုင်ပေအကြား တင်းမာမှုများကို ထပ်မံမြင့်တက်စေခဲ့သည်။
Arleigh Burke-class ပဲ့ထိန်းဒုံးကျည်တပ်ဆင်ထားသော ဖျက်သင်္ဘော USSDewey သည် ကနေဒါဖရီးဂိတ်စစ်သင်္ဘော HMCS Winnipeg နှင့်အတူ အောက်တိုဘာ ၁၄ နှင့် ၁၅ ရက်တို့တွင် ထိုင်ဝမ်နှင့်အိမ်နီးချင်း တရုတ်နိုင်ငံတို့ကို ပိုင်းခြားထားသော ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။
“Dewey နဲ့ Winnipeg တို့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းမှုဟာ အမေရိကန်ပြည်ထောင်စု၊ အမေရိကန်ရဲ့ မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဖြစ်ရေးအတွက် လုပ်ဆောင်ကြတာ ဖြစ်ပါတယ်” ဟု အမေရိကန်စစ်တပ်က ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်၏ အရှေ့ပိုင်းနယ်မြေ ကွပ်ကဲရေးဌာနက ၎င်း၏တပ်ဖွဲ့များသည် စစ်သင်္ဘောနှစ်စင်းကို စောင့်ကြည့်ခဲ့ပြီး ဖြတ်သန်းခုတ်မောင်းသည့် လမ်းကြောင်းတစ်လျှောက် လိုက်ပါစောင့်ကြပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
“အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါတို့ဟာ ကျူးကျော်ရန်စဖို့ ပူးပေါင်းကြံစည်ခဲ့ကြပါတယ်။ ပြဿနာရှာခဲ့ကြပါတယ်” ဟု တရုတ်အရှေ့ပိုင်းနယ်မြေ ကွပ်ကဲရေးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။
“ထိုင်ဝမ်ဟာ တရုတ်နယ်မြေရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အရှေ့ပိုင်းနယ်မြေ တပ်ဖွဲ့တွေဟာ နိုးကြားမှုအဆင့်ကို မြှင့်ထားကြပါတယ်။ ခြိမ်းခြောက်မှုအားလုံးနဲ့ ကျူးကျော်မှုအားလုံးကို ပြတ်ပြတ်သားသား တုံ့ပြန်ကြမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အမေရိကန် ရေတပ်သင်္ဘောများက လစဉ်နီးပါး ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းနေခြင်းသည် တရုတ်ကိုဒေါသထွက်စေခဲ့သည်။ အမေရိကန်သည် ဒေသတွင်း တင်းမာမှုများ ဖြစ်ပွားအောင် လှုံ့ဆော်နေခြင်းဖြစ်သည်ဟု တရုတ်က စွပ်စွဲခဲ့သည်။ဗြိတိန် အပါအဝင် အမေရိကန် မဟာမိတ်များသည် ထိုုင်ဝမ်ရေလက်ကြားသို့ သင်္ဘောများ မကြာခဏ စေလွှတ်ခဲ့ကြသည်။
ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ မြင့်နေခဲ့သော်လည်း ပစ်ခတ်မှု ဖြစ်ပွားခြင်း မရှိခဲ့ပေ။ တရုတ်လေယာဉ်များသည် လေကြောင်းကာကွယ်ရေးဇုန်၏ အနောက်တောင်ဘက်ပိုင်းတွင် ဦးစားပေးလှုပ်ရှားသဖြင့် ထိုင်ဝမ်ဝေဟင်ပိုင်နက်ထဲကို ဝင်ရောက်ခြင်းမရှိပေ။ ထိုင်ဝမ်လေပိုင်နက ်အပါအဝင် လေကြောင်းကာကွယ်ရေးဇုန်သည် ထိုင်ဝမ်က စောင့်ကြည့်ကင်းလှည့်မှုများ လုပ်ဆောင်နေသည့် ပိုမိုကျယ်ပြန့်သောနယ်မြေ ဖြစ်သည်။















