မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အကြောင်းပြု၍ “ကုသလာဓမ္မာ၊ အကုသလာဓမ္မာ ၊ အဗျာကတာဓမ္မာ” အစရှိသော အဘိဓမ္မာခုနစ်ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ ပဝါရဏာပြုပြီး လူ့ပြည်လူ့ရွာသို့ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာနေ့ဟု ခေါ်ဝေါ်ကြသည်။ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၉ ခုနှစ်၊ ၀ါဆိုလပြည့်ညနေ၌ သာဝတ္ထိပြည်အနီးတွင် ကောသလမင်း၏ ဥယျာဉ်မှူးကဏ္ဍက ဘုရားရှင်မိန့်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီး တိတ္ထိတို့ကို နိမ်နင်းပြီး ရေမီးအစုံ တန်ခိုးပြာဋိဟာပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။ ထိုပွဲအပြီးတွင် မယ်တော်ဟောင်း နတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့် တာဝတိံသာနတ်ပြည်သို့ ကြွမြန်းတော်မူသည်။ ပရိသတ်က ဘုရားရှင်ကို မမြင်တွေ့တော့၍ အရှင်အနုရုဒ္ဓါမထေရ်အား မေးမြန်းရာ မထေရ်မြတ်က ရှင်းပြမှ အကြောင်းစုံ သိကြရသည်။ ပရိသတ်ကြီးသည် ဘုရားရှင်ကိုမဖူးရဘဲ မပြန်ဟု တိုင်ပင်ကြကာ ထိုနေရာ၌ ယာယီတဲနန်းထိုးကာ နေကြလေသည်။ သီတင်းကျွတ်ကာနီးမှ ရှင်မဟာမောဂ္ဂလန်ထံမှတစ်ဆင့် ဘုရားရှင်သင်္ကဿမြို့သို့ ကြွဆင်းတော်မူမည့်အကြောင်း သိရသဖြင့် သင်္ကဿမြို့မှ သွားရောက်ကြိုဆိုကြသည်။
ဘုရားရှင်သည် တာဝတိံသာပြည် မဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ မယ်တော်ဟောင်း သန္တုဿိတအမှူးရှိသော နတ်ဗြဟ္မာတို့အား ၀ါတွင်းသုံးလ နေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာ သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား လူ့ပြည်ပြန်တော့မည့်အကြောင်း နှုတ်ဆက်စကားမိန့်ကြားရာ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟူ၍ စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။ လက်ျာဘက် ရွှေစောင်းတန်းသည် နတ်များအတွက် ရည်ရွယ်သည်။ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်ပြီး ပတ္တမြားစောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ စောင်းတန်းတို့၏ မုခ်ဦးသည် မြင်းမိုရ်တောင်ထိပ်၌ရှိ၍ အခြေက သင်္ကဿမြို့တံခါးဝတွင် ရှိသည်။
မြန်မာနိုင်ငံတွင် သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ပဝါရဏာပွဲနှင့် မီးမြင်းမိုရ်ပွဲတို့ ကျင်းပကြသည်။ ပဝါရဏာ၏အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်းတို့ ဖြစ်သည်။ သာသနာ့ဝန်ဆောင် ရဟန်းတော်များသည် ၀ါကျွတ်သည်နှင့် သီတင်းကျွတ်လပြည့်နေ့တွင် “အရှင်ဘုရားတို့၊ တပည့်တော်သည် သံဃာကို ဖိတ်ကြားပါ၏။ တပည့်တော်၏အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော်လည်းကောင်း၊ သံသယရှိလျှင်သော် လည်းကောင်း တပည့်တော်အား သနားသောအားဖြင့် ပြောဆိုသတိပေးကြပါ။ အပြစ်ကိုကုစားပါမည်” ဟု ဖိတ်ကြားတိုက်တွန်းပြီး ရဟန်းများက မိမိ၏အပြစ်များကို အခြားတစ်ပါးထံ၌ မိမိ၏သဘောဆန္ဒအလျောက် ဖွင့်ဟပြောဆိုပြီး ဝန်ချတောင်းပန်ကြသကဲ့သို့ သာသနာတော် သန့်ရှင်းတိုးတက်ရေးအတွက် အပြုသဘောဆောင်ပြီး ဝေဖန်သုံးသပ်ကြသည့်ပွဲလည်း ဖြစ်သည်။
သီတင်းကျွတ်လပြည့်နေ့ ညနေ၌ နတ်ပြည်မှ လူ့ပြည်သို့ဆင်းအလာ လပြည့်ဝန်းနှင့်အတူ ကောင်းကင်၌ တင့်တယ်စွာ ဖူးမြင်ရသည့် မြတ်စွာဘုရားကို နတ်လူအများက ပူဇော်သည့်အနေဖြင့် အိမ်၊ ကျောင်း၊ တန်ဆောင်းများတွင် ဆီမီး၊ မီးပုံးများ ထွန်းညှိပူဇော်ကြသကဲ့သို့ ဘုရားစေတီများ၌လည်း မီးမြင်းမိုရ်ပွဲများ ပြုလုပ်ကြသည်။ ဘုရားပွဲတော်၊ နိဗ္ဗာန်စျေးပွဲတော်၊ သက်ကြီးပူဇော်ပွဲနှင့် ဆရာကန်တော့ပွဲများကိုလည်း မြန်မာနိုင်ငံတစ်ဝန်း ကျင်းပလေ့ရှိကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ အခြားဗုဒ္ဓဘာသာနိုင်ငံများ ဖြစ်ကြသည့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် သီရိလင်္ကာနိုင်ငံများတွင်လည်း ဆီမီးများမျှောခြင်း၊ နံ့သာဆီမီးများဖြင့် ပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်ခြင်းတို့ ပြုလုပ်ကြသည်။
ထို့ကြောင့် အထူးသဖြင့် ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သည့် မြန်မာနိုင်ငံတွင် သီတင်းကျွတ်လပြည့်နေ့သည် နေ့ထူးနေ့မြတ်ကြီး တစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက နှိုးဆော်အပ်ပါသည်။
အောက်တိုဘာ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်