ဂျကာတာပင်လယ်အော်ရှိ ရေများတွင် ပါရာစီတမောပါဝင်မှု မြင့်မားနေသည့်အပေါ် စိုးရိမ်မှုများ မြင့်တက်နေ

ဂျကာတာပင်လယ်အော်ရှိ ရေများတွင် ပါရာစီတမောပါဝင်မှု မြင့်မားနေသည့်အပေါ် စိုးရိမ်မှုများ မြင့်တက်နေ
Photo: AFP
Photo: AFP
Published 17 October 2021
Ref: CNA

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာပင်လယ်အော်ရှိ ရေများအတွင်း ပါရာစီတမော အဆင့်မြင့်မားစွာ ပါဝင်နေကြောင်း မကြာသေးမီကပြုလုပ်သည့် သုတေသနတွင် တွေ့ရှိချက်အရ လူသားများနှင့် ရေနေသတ္တဝါများ၏ ဘဝများအပေါ် သက်ရောက်မှု ရှိလာနိုင်သည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိနေသည်။

အာဏာပိုင်များက ယင်းဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးနေကြပြီး ဖြစ်နိုင်ခြေရှိသည့် ရေထုညစ်ညမ်းစေရန် ပြုလုပ်သူများကို အရေးယူသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

အင်ဒိုနီးရှား၏ အမျိုးသားသုတေသနနှင့် တီထွင်ဆန်းသစ်မှုအေဂျင်စီ (BRIN) မှ သုတေသီများနှင့် ဗြိတိန်၏ ဘရိုက်တန်တက္ကသိုလ်မှ သုတေသီများက ၂၀၁၇ ခုနှစ်မှ၂၀၁၈ ခုနှစ်အတွင်း ဂျကာတာပင်လယ်အော်ရှိ နေရာလေးနေရာမှ ပင်လယ်ရေနမူနာများကိုရယူ လေ့လာခဲ့သည်။

လေ့လာချက်အရ အန်ကဲဒေသတွင် တစ်လီတာ၌ ပါရာစီတမော ပါဝင်မှု ၆၁၀ နာနိုဂရမ်ရှိပြီး အန်ကိုးလ်ဒေသတွင် တစ်လီတာ၌ ပါရာစီတမော ပါဝင်မှု ၄၂၀ နာနိုဂရမ်ရှိသည်ဟု တွေ့ရှိခဲ့သည်။

အန်ကဲဒေသသည် ဂျကာတာ၏ လူဦးရေအလွန်ထူထပ်သောဒေသဖြစ်ပြီး မိလ္လာရေဆိုးစနစ်အား နည်းကာ အန်ကိုးလ်ဒေသသည်အဓိက စီလီဝမ်မြစ်ပါးစပ်တည်ရှိရာ မြောက်ပိုင်းဒေသဖြစ်သည်။

ဘရာဇီးနှင့် ပေါတူဂီတို့တွင်လည်း သုတေသပြုလုပ်ရာ၌ တစ်လီတာလျှင် ပါရာစီတမော ၃၄.၆ နာနိုဂရမ်နှင့် ၅၁.၂ နာနိုဂရမ်တို့အသီးသီး ရှိကြောင်းတွေ့ရှိခဲ့သည်။

ကာလကြာရှည် ပရာစီတမော ပျော်ဝင်နေမှုအဆင့် နည်းပါးခြင်း သို့မဟုတ် မြင့်မားနေခြင်းသည် အခွံမာရေသတ္တဝါများ၏ မျိုးပွားမှုကိုထိခိုက်စေနိုင်သည်ဟု BRIN မှ သုတေသနအဖွဲ့ဝင် ပါမောက္ခ ဇိုင်နယ်အရီဖင်က ပြောကြားခဲ့သည်။

ယင်းသုတေသနသည် အင်ဒိုနီးရှား၏ ကမ်းလွန်ရေပြင်အတွင်း ပါရာစီတမော တည်ရှိနေကြောင်း ပထမဆုံးအစီရင်ခံစာတစ်ခု ဖြစ်လာခဲ့ပြီး ယင်းအစီရင်ခံစာကို သြဂုတ်လထုတ် Marine Pollution Bulletin သိပ္ပံဂျာနယ်တွင် ဖော်ပြခဲ့သည်။

ယင်းသုတေသနတွင် ပရာစီတမော၏ မူလအရင်းအမြစ်နှင့် ပတ်သက်၍ အကျယ်တဝင့် ထုတ်ပြန်ခြင်း မရှိသော်လည်း ပါရာစီတမောကုမ္ပဏီများ၊ အိမ်ထောင်စုများနှင့် ဆေးရုံအညစ်အကြေးမှ မူလအစပြုဖြစ်နိုင်ဖွယ်ရှိသည်ဟု သုတေသီများက ယူဆထားကြသည်။

ယင်းသုတေသအစီရင်ခံစာ ထွက်ရှိလာခဲ့ပြီးနောက် ယင်းရလဒ်သည်နိုင်ငံ၏ အညစ်အကြေးစီမံခန့်ခွဲမှုပိုင်းတွင် အားနည်းပြီး တိုးတက်မှုရှိရန် လိုအပ်ကြောင်း ပြသနေသည်ဟု သဘာဝပတ်ဝန်းကျင်တက်ကြွ လှုပ်ရှားသူများက မီးမောင်းထိုးပြခဲ့သည်။

သို့သော် အတိအကျနိဂုံးချုပ်ရန်နှင့် ရေရှည်အတွက် အဖြေတစ်ရပ်ရရှိနိုင်ရန် နောက်ထပ်သုတေသန ဆောင်ရွက်ချက်များ ပြုလုပ်ရန် လိုအပ်နေသေးကြောင်း သုတေသီများက ပြောကြားခဲ့သည်။

ဂျကာတာ ပင်လယ်အော်ရှိရေများထဲတွင် လူ့အညစ်အကြေးများ၊ ဆေးကုုမ္ပဏီများ သို့မဟုတ် ရေဆိုးများအပေါ် မသင့်လျော်သော ပြုပြင်ထိန်းသိမ်းမှုများ စသည်တို့ စိမ့်ဝင်နေနိုင်ဖွယ်ရှိသည်ဟု ဘိုဂေါမြို့ရှိ စိုက်ပျိုးရေးတက္ကသိုလ် IPB နှင့်အတူ ရေသယံဇာတအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ အကြီးအကဲဖြစ်သည့် ပါမောက္ခ အက်တီရီယာနီက ပြောကြားခဲ့သည်။

ပါရာစီတမောသည် လူအများခေါင်းကိုက်ခြင်း၊ဖျားနာခြင်း သို့မဟုတ် နာကျင်ခြင်းများ ခံစားရချိန်တွင် သောက်သုံးလေ့ရှိသော ဆေးဖြစ်သည်ဟု ၎င်းကဆိုသည်။ယင်းပါရာစီတမောသည် လူများကိုအလျင်အမြန် သက်သာပျောက်ကင်းစေပြီး ဆရာဝန်၏ ဆေးစာခွင့်ပြုချက်မလိုဘဲ ဆေးဆိုင်ငယ်လေးများတွင် အလွယ်တကူဝယ်ယူရရှိနိုင်သည်ဟု ဆက်လက်ပြောကြားခဲ့သည်။

“ရွာလေးတွေမှာတောင် ပါရာစီတမောကို သကြားလုံးဝယ်သလို အလွယ်တကူဝယ်ယူနိုင်ပါတယ်။ ပါရာစီတမောဟာ အစားအစာတွေလိုပဲ အလျင်အမြန် စုပ်ယူနိုင်တဲ့အတွက် ဆေးရဲ့ ၁၀၀ ရာခိုင်နှုန်းမှာ ၉၀ ရာခိုင်နှုန်းလောက်က ဆီးထဲပါသွားတာကြောင့်ဘေးကင်းစွာ အသုံးပြုနိုင်ပါတယ်။ဒါပေမဲ့ ဆေးပမာဏ အလွန်အကျွံသုံးမိရင်တော့ သေစေနိုင်လောက်တဲ့အထိ ဖြစ်နိုင်ပါတယ်” ဟု ရီယာနီက ဆိုသည်။

ယင်းအစီရင်ခံစာ ထွက်ရှိလာခဲ့ပြီးနောက် ဂျကာတာအစိုးရက အောက်တိုဘာလအစောပိုင်းတွင် ရေနမူနာများကို ရယူခဲ့ပြီးဓာတ်ခွဲစစ်ဆေးမှုရလဒ်များကို သီတင်းပတ် အနည်းငယ်အတွင်း သိရှိလိမ့်မည်ဟု ဂျကာတာအစိုးရ၏ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အထူးသံတမန် အာဗန်ပူလန်ဂန်က ပြောကြားခဲ့သည်။

“ဆေးဘက်ဆိုင်ရာ အညစ်အကြေးအထူးသဖြင့် ဆေးခန်းများမှ ရက်လွန်ဆေးဝါးတွေကို ထိန်းချုပ်နိုင်ဖို့ တင်းတင်းကျပ်ကျပ်လုပ် ဆောင်သွားမှာပါ။ရက်လွန်ဆေးဝါးတွေဟာ အန္တရာယ်ရှိပြီးအဆိပ်သင့်ပစ္စည်းတွေ ဖြစ်ပါတယ်” ဟု ပူလန်ဂန်က ပြောကြားခဲ့သည်။

Most Read

Most Recent