မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရုတ်ယွမ်နှင့် ဂျပန်ယန်း နိုင်ငံခြားငွေများကို ဝယ်ယူရောင်းချခွင့်ပြုခဲ့ခြင်းနှင့် ပြန်လည်ဖွင့်လှစ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခု

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရုတ်ယွမ်နှင့် ဂျပန်ယန်း နိုင်ငံခြားငွေများကို ဝယ်ယူရောင်းချခွင့်ပြုခဲ့ခြင်းနှင့် ပြန်လည်ဖွင့်လှစ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခု
ကုန်သွယ်ရေးဇုန်အတွင်း ကုန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
ကုန်သွယ်ရေးဇုန်အတွင်း ကုန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
Published 17 October 2021

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရုတ်ယွမ်နှင့် ဂျပန်ယန်းနိုင်ငံခြားငွေများကို ဝယ်ယူရောင်းချခွင့်ပြုခဲ့ခြင်း 

တရုတ်ယွမ်နှင့် ဂျပန်ယန်း နိုင်ငံခြားငွေများကို ဝယ်ယူရောင်းချခွင့်ပြုကြောင်း အောက်တိုဘာ ၁၂ ရက် နေ့စွဲဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ် (၁၆/၂၀၂၁) အရ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များနှင့် ဘဏ်မဟုတ်သောကုမ္ပဏီ အဖွဲ့အစည်းများအား ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ် (၆/၂၀၁၁) ၊ (၇/၂၀၁၁) ၊ (၁၆/၂၀၁၂) နှင့် (၁၇/၂၀၁၅) တို့အရ ဝယ်ယူရောင်းချ ခွင့်ပြုထားသော နိုင်ငံခြားငွေ (၅) မျိုးအပြင် တရုတ်ယွမ်နှင့် ဂျပန်ယန်း နိုင်ငံခြားငွေများကိုပါ ဝယ်ယူရောင်းချခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ မလေးရှားရင်းဂစ်၊ ထိုင်းဘတ် နိုင်ငံခြားငွေများကို ရောင်းဝယ်ဖောက်ကားခွင့်ကို ခွင့်ပြုပေးထားခြင်းဖြစ်ပြီး တရုတ်ယွမ်ငွေနှင့် ဂျပန်ယန်းနိုင်ငံခြားငွေများကို ထပ်မံခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တရုတ်ယွမ်နှင့် ဂျပန်ယန်း နိုင်ငံခြားငွေများ (Foreign Currencies) ဝယ်ယူရောင်းချ ခွင့်ပြုသည့် ညွှန်ကြားချက်ကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer License) ရ ဘဏ်များ အားလုံး၊ နိုင်ငံခြားသုံးငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) ရ ဘဏ်များအားလုံး၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင် (Money Changer License) ရ ဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းအားလုံးသို့ ဖြန့်ဝေထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက် ဖော်ပြထားသည်။

အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းမှ စတင်ပြီး ရန်ကုန်မြို့ရှိ ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း၊ စင်ကာပူ ဒေါ်လာ၊ ထိုင်းဘတ်၊တရုတ်ယွမ် နှင့် မလေးရှားရင်းဂစ်တို့ ရောင်းဝယ်လျက်ရှိကြောင်း ငွေလဲကောင်တာများမှ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၃၀၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၄၀၀ ကျပ်၊ မလေးရှားရင်းဂစ် ၄၃၀ ကျပ်၊ ထိုင်းဘတ် ၅၈ ကျပ်၊ တရုတ်ယွမ် ၃၀၅ ကျပ်၊ ဂျပန်ယန်း ၁၇ ဒသမ ၅ ကျပ်တို့ ဖြစ်သည်။

အောက်တိုဘာ ၁၆ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၃ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၀၉၀ ဝန်းကျင်သို့ ပြန်လည်မြင့်တက်လာကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်း၌ ကျပ်ငွေတန်ဖိုး ကျဆင်းမှု ဆက်တိုက် ဖြစ်ပေါ်လျက်ရှိပြီး စက်တင်ဘာ ၂၉ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၃ ပွိုင့် ဝန်းကျင်ရှိကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြား ငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၂၂၅ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၄၀၀ ကျပ်၊ မလေးရှားရင်းဂစ် ၄၄၀ ကျပ်၊ ထိုင်းဘတ် ၆၀ ကျပ်၊ တရုတ်ယွမ် ၃၀၅ ကျပ်၊ ဂျပန်ယန်း ၁၇ ကျပ်တို့ဖြစ်သည်။

သြဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းတို့ လုပ်ဆောင်ရာတွင် CBM Reference Rate အား Mid-Rate ဖြင့် သတ်မှတ်၍ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းကို သုည ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း ဆောင်ရွက်ရန် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း အတက်၊အကျ ကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန် တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေ လဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန် တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်း ဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန် ဖြစ်သည်။

COVID-19 တတိယလှိုင်းကြောင့် ပိတ်ထားခဲ့ပြီးနောက် ပြန်လည် ဖွင့်လှစ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခု

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်တွေရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တောကညင်ချောင်း ကုန်သွယ်ရေးဆိပ်ကမ်းတို့ကို COVID-19 တတိယလှိုင်းကြောင့် ဇူလိုင် ၁၅ ရက်မှစ၍ ပိတ်ထားခဲ့ရာမှ လက်ရှိအချိန်တွင် ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

COVID-19 တတိယလှိုင်းကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၅ ရက်မှ ပိတ်ထားခဲ့ရသော နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုဖြစ်သည့် စစ်တွေရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တောကညင်ချောင်း ကုန်သွယ်ရေးဆိပ်ကမ်းတို့အား အောက်တိုဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ကိုဗစ်စည်းကမ်းချက်များကို လိုက်နာလျက် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကုန်သွယ်မှုများအမြန်ဆုံး စတင်နိုင်ရေးအတွက် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေးအတွက် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့်သိရှိလိုသည့် သတင်းအချက်အလက်များကို အသင်းရုံးသို့ စုံစမ်းမေးမြန်းနိုင်ပြီး သတ်မှတ်ထားသည့် COVID-19 စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဟု သိရသည်။

ယင်းစည်းကမ်းချက်များအနေဖြင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများသာ ကုန်သွယ်မှုဆိပ်ကမ်းထဲသို့ ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှကုန်ချပြီး ပြန်လည်ရောက်ရှိလာသော ရေယာဉ်များသည် ရွှေမင်းဂံဆိပ်ကမ်းချောင်းရှိ သတ်မှတ်ထားသောနေရာ  (ရေလယ်) တွင် ကျောက်ချရပ်နားပြီး Quarantine ၁၀ ရက် ခံယူရမည်ဖြစ်ကြောင်း၊ ရေယာဉ်မထွက်ခွာမီနှင့် ရေယာဉ်ရောက်ရှိချိန်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ သတ်မှတ်စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာရန် လိုအပ်ပြီး ရေယာဉ်ဝင်/ထွက်မှုအတွက် ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ သတ်မှတ်နေရာတွင် ကုန်တင်ချမှုမပြုလုပ်ခြင်းနှင့် စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းအတွက် ရေယာဉ်ပြေးဆွဲခွင့်နှင့် ကုမ္ပဏီ၏ ကုန်သွယ်မှုဆောင်ရွက်ခွင့်များကို ရုပ်သိမ်းအရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ အခြားပြည်နယ်နှင့်  တိုင်းဒေသကြီး သို့မဟုတ် တောင်ကုတ်၊ ကျောက်ဖြူစသော ရခိုင်ပြည်တွင်းရှိ သတ်မှတ်ဆိပ်ကမ်းမှ သယ်ဆောင်လာသော ရေယာဉ်များသည် စစ်တွေရွှေမင်းဂံဆိပ်ကမ်း၌ OSS ကုန်ပစ္စည်း စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အခြေအနေ အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉၀၆၈ ဒသမ ၉၁၄ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၂၀၃ ဒသမ ၉၅၇ သန်း၊ သွင်းကုန်ဒေါ်လာ ၁၃၇၅၉ ဒသမ ၅၀၇ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၄၉၆၃ ဒသမ ၄၆၄ သန်း ရရှိခဲ့သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၂၅၂၃ ဒသမ ၇၁၇ သန်း၊ သွင်းကုန်ဒေါ်လာ ၁၆၆၃၃ ဒသမ ၁၄၆ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉၁၅၆ ဒသမ ၈၆၃ သန်း ရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၁၃၆ ဒသမ ၈၇၈ သန်း၊ သွင်းကုန်ဒေါ်လာ ၁၆၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇၇၁၄ ဒသမ ၈၂၆ သန်း ရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၉၉၈ ဒသမ ၅၄၅ သန်း၊သွင်းကုန်ဒေါ်လာ ၁၇၂၁၁ ဒသမ ၀၆၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၉၂၀၉ ဒသမ ၆၀၇ သန်းရရှိခဲ့သည်။

Most Read

Most Recent