ပြီးခဲ့သည့် တစ်ပတ်အတွင်း COVID-19 ဖြစ်ပွားမှု ရုရှားနိုင်ငံတွင် ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်တွင် ၁၂ ရာခိုင်နှုန်းနှင့် အိန္ဒိယနိုင်ငံတွင် ၁၃ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းအစီရင်ခံစာအရ COVID-19 ဖြစ်ပွားမှု ရုရှားနိုင်ငံတွင်သာ ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တူရကီနိုင်ငံ၊ UK က ယခင်အပတ်နည်းတူ ဖြစ်ပွားခဲ့ကာ ရာခိုင်နှုန်း ထပ်တိုးခြင်း မရှိကြောင်း သိရသည်။
Johnson & Johnson ကိုဗစ် ကာကွယ်ဆေးထိုးနှံမှု ခံယူထားသူများသည် Pfizer သို့မဟုတ် Moderna ကာကွယ်ဆေးကို အားဖြည့်ထိုးနှံမည်ဆိုလျှင် အကျိုးကျေးဇူး ပိုများနိုင်ကြောင်း အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်သည့် အမေရိကန်၌ လေ့လာမှုတစ်ရပ်၏ ကနဦးရလဒ်များအရ သိရသည်။
ကျန်းမာရေးဆိုင်ရာ အမျိုးသားသိပ္ပံ (NIH) ၏ ငွေကြေးထောက်ပံ့မှုဖြင့် ပြုလုပ်ခဲ့သည့် အဆိုပါလေ့လာမှုသည် ကာကွယ်ဆေးများကို ပေါင်းစပ်အသုံးပြုနိုင်ခြေအပေါ် လေ့လာမှုဖြစ်သောကြောင့် ထိုလေ့လာမှု၏ ရလဒ်အပေါ် အမေရိကန်တွင် မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။
အားဖြည့်ထိုးနှံမှုအတွက် ယခင်ထိုးနှံခဲ့သော ကာကွယ်ဆေး အမျိုးအစားနှင့် မတူသည့် ကာကွယ်ဆေးကို အသုံးပြုနိုင်ခြေအပေါ် လေ့လာခြင်းဖြစ်သည်။
ယင်းလေ့လာမှုကို အမေရိကန်၌ အတည်ပြုထားသည့် ကာကွယ်ဆေးအမျိုးအစား သုံးမျိုးဖြစ်သော Pfizer ၊ Moderna သို့မဟုတ် J & J တစ်မျိုးမျိုး ထိုးနှံမှုခံယူထားသည့် အရွယ်ရောက်ပြီးသူ ၄၅၈ ဦးတွင် အနည်းဆုံး သီတင်းပတ် ၁၂ ပတ်ကြာ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအုပ်စုသုံးခုကို အတည်ပြု ကာကွယ်ဆေးတစ်မျိုးမျိုးအား ဖြည့်ထိုးနှံမှုခံယူရန် အုပ်စုသုံးခုစီ ထပ်မံခွဲခြားခဲ့ပြီး စုစုပေါင်းအုပ်စုကိုးခု၌ တစ်အုပ်စုလျှင် လူ ၅၀ ဦးစီ ပါဝင်ခဲ့သည်ဟု သိရသည်။
ထို့နောက် အားဖြည့်ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ၁၅ ရက်အကြာတွင် သုတေသီများက ပဋိပစ္စည်း ဖြစ်ပေါ်မှုပမာဏကို လေ့လာဆန်းစစ်ခဲ့ခြင်း ဖြစ်သည်။
ကနဦးတွင် J & J ကာကွယ်ဆေးထိုးနှံမှု ခံယူထားသူများတွင် J & J ကာကွယ်ဆေးကို အားဖြည့်ထိုးနှံပြီးနောက်တွင် ပဋိပစ္စည်းပမာဏလေးဆ မြင့်တက်လာခဲ့သည်။ Pfizer ကာကွယ်ဆေးကို အားဖြည့်ထိုးနှံပြီးနောက်တွင်မူ ၃၅ ဆ မြင့်တက်လာခဲ့ပြီး Moderna ကာကွယ်ဆေးကို အားဖြည့်ထိုးနှံပြီးချိန်တွင် ၇၆ ဆ မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရသည်။
မူလက Moderna ကာကွယ်ဆေးထိုးနှံမှု ခံယူထားသူများသည် အစောပိုင်းတွင် Pfizer သို့မဟုတ် J & J ကာကွယ်ဆေးထိုးနှံမှု ခံယူထားသူများနှင့်နှိုင်းယှဉ်လျှင် မည်သည့် ကာကွယ်ဆေးအမျိုးအစားကို အားဖြည့်ထိုးနှံထားသည်ဖြစ်စေ ပဋိပစ္စည်းဖြစ်ပေါ်မှုပမာဏ ပိုမြင့်မားနေသည်ဟု ဖော်ပြထားသည်။
ထို့ပြင် အားဖြည့်ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးနောက်တွင် ဘေးကင်းမှုအတွက် စိုးရိမ်စရာမရှိကြောင်း တွေ့ရှိရသည်ဟုလည်း သိရသည်။ သို့ရာတွင် ၎င်းနယ်ပယ်မှ အခြားကျွမ်းကျင်ပညာရှင်များ၏ အကဲဖြတ်မှု မပြုလုပ်ရသေးသည့် ယင်းလေ့လာမှုသည် အကန့်အသတ်အချို့ ရှိနေသည်။
“အဲဒီ လေ့လာတွေ့ရှိချက်ကြောင့် အလွန်အမင်း စိတ်လှုပ်ရှားမှုမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်” ဟု ဘေလာဆေးတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ ပီတာဟိုတက်ဇ်က တွစ်တာမှ ပြောကြားသည်။
၎င်းကုမ္ပဏီက လုပ်ဆောင်ခဲ့သည့် J & J ကာကွယ်ဆေးကို ဒုတိယအကြိမ် အားဖြည့်ထိုးမှုအပေါ် လက်တွေ့စမ်းသပ်ချက်များမှ ရလဒ်များသည် အားရစရာကောင်းသည်ဟုလည်း ၎င်းကပြောကြားသည်။
အမေရိကန်တွင် အသက် ၆၅ နှစ်နှင့် အထက်နှင့် ကူးစက်နိုင်ခြေ မြင့်မားသော အရွယ်ရောက်ပြီးသူများကို Pfizer ကာကွယ်ဆေးအား ဖြည့်ထိုးနှံရန် ခွင့်ပြုထားသည်။















