ဗြိတိန်၏ ရောင်းအားအကောင်းဆုံး သီချင်းဇယားတွင် Elton John ၏ Cold Heart သီချင်း နံပါတ်တစ်ဖြစ်လာ

ဗြိတိန်၏ ရောင်းအားအကောင်းဆုံး သီချင်းဇယားတွင် Elton John ၏ Cold Heart သီချင်း နံပါတ်တစ်ဖြစ်လာ
Photo: Daily Mail
Photo: Daily Mail
Published 16 October 2021

ဗြိတိန်တေးရေးတေးဆို Elton John သည် ၁၆ နှစ်တာအတွင်း UK singles chart ၏ ထိပ်ဆုံးနေရာကို Dua Lipa ၏ ပံ့ပိုးမှုဖြင့် ပထမဆုံးအကြိမ် ရောက်လာခဲ့သည်။ Elton John နှင့် Dua Lipa တို့ တွဲဖက်သီဆိုထားသည့် သီချင်း Cold Heart (Pnau Remix) သည် နံပတ်နှစ်နေရာတွင် သုံးပတ်ရပ်တည်ပြီးနောက် အောက်တိုဘာ ၁၅ ရက်တွင် နံပါတ်တစ် ဖြစ်လာခဲ့သည်။

Elton John သည် အမေရိကန်ရက်ပါ 2Pac (ကွယ်လွန်သွားပြီဖြစ်) နှင့် တွဲဖက်သီဆိုထားသည့် Ghetto Gospel သီချင်းဖြင့်လည်း ဗြိတိန်၏ ရောင်းအားအကောင်းဆုံး သီချင်းဇယားတွင် ၂၀၀၅ ခုနှစ်က ထိပ်ဆုံး ဖြစ်ခဲ့သည်။

Sir Elton ကို UK singles chart ၏ ထိပ်ဆုံးနေရာကို ပထမဆုံးရောက်စေခဲ့သည့်သီချင်းက အမျိုးသမီးအဆိုတော် Kiki Dee နှင့် သီဆိုထားသည့် ၁၉၇၆ ခုနှစ်က Don’t Go Breaking My Heart ဆိုသည့် သီချင်းဖြစ်သည်။ Sir Elton သည် မကြာသေးမီက တင်ပါးဆုံခွဲစိတ်မှု ခံယူထားသည်။ ထိပ်ဆုံးနေရာတွင် လေးပတ်ကြာ ရှိနေသည့် Ed Sheeran ကိုကျော်ကာ Sir Elton ၏ Cold Heart က ဝင်ရောက်နေရာယူလိုက်ခြင်း ဖြစ်သည်။

ဗြိတိန်အဆိုတော် Dua Lipa အတွက်လည်း UK singles chart ၏ ထိပ်ဆုံးနေရာသို့ တတိယအကြိမ် ရောက်လာမှုဖြစ်ပြီး ရှေ့နှစ်ကြိမ်က New Rules သီချင်းနှင့် One Kiss သီချင်းတို့ဖြင့် နံပါတ်တစ်ဖြစ်ခဲ့သည်။ ယခုနှစ်နွေရာသီတွင် တင်ပါးဆုံ ထိခိုက်ဒဏ်ရာကြောင့် Sir Elton သည် ၂၀၂၁ ဗြိတိန်နှင့်ဥရောပဖျော်ဖြေပွဲများကို ပြီးခဲ့သည့်လက ရွှေ့ဆိုင်းလိုက်သည်။

Farewell Yellow Brick Road နယ်လှည့်ဖျော်ဖြေမှု ပြုလုပ်မည့်နေ့ရက်များကို ပြန်သတ်မှတ်မည်ဟုလည်း အသက် ၇၄ နှစ် အရွယ် Sir Elton က စက်တင်ဘာတွင် ကြေညာခဲ့သည်။

ဖျော်ဖြေပွဲများကို လန်ဒန်၊ မန်ချက်စတာ ၊ လစ်ဗာပူးလ်၊ ဘာမင်ဟမ် ၊ လိစ်ဒ်၊  အက်ဘာဒင် ၊ ဂလက်စ်ဂိုနှင့် ဘဲလ်ဖတ်မြို့တို့တွင် ကျင်းပရန် စီစဉ်ထားခြင်းလည်း ဖြစ်သည်။

Sir Elton က အောက်တိုဘာတွင် တေးအယ်လ်ဘမ်သစ် ထွက်မည်ဟုလည်း စက်တင်ဘာအစောကတည်းက ကြေညာထားပြီး The Lockdown Sessions ဟု အမည်ရသည့် ၎င်းအခွေတွင် ဒူအာလီပါ ၊ နစ်ကီမီနာ့ဂျ်၊ စတီဗီဝမ်းဒါး ၊ စတီဗီနစ်စ်တို့နှင့် တွဲဖက်သီဆိုထားသည်။

၀ါရင့်စန္ဒယားသမား Sir Elton သည် ယခင်ကလည်း ကိုဗစ်ကြောင့် ဖျော်ဖြေပွဲများကို ရွှေ့ဆိုင်းခဲ့ပြီး ဗြိတိန်အမျိုးသား ကျန်းမာရေးဌာန (NHS) ၏ ကြော်ငြာတစ်ခုတွင် ပါဝင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်ထားသည်။

Most Read

Most Recent