ခြိုးခြံချွေတာရေးမူ

ခြိုးခြံချွေတာရေးမူ
Published 15 October 2021

 “မျှတတဲ့ စိတ်ထားတစ်ရပ်နဲ့ညီမျှတဲ့ ခြိုးခြံချွေတာရေးဆိုတာ မရှိဘူး။ ရောင့်ရဲတင်းတိမ်ခြင်းနဲ့ ညီမျှတဲ့ ပျော်ရွှင်မှုဆိုတာ မရှိဘူး။ အငမ်းမရဖြစ်နေခြင်းနဲ့ ညီမျှတဲ့ ရောဂါဆိုတာမရှိဘူး။ သနားဂရုဏာနဲ့ ညီမျှတဲ့ ကောင်းမှုဆိုတာ မရှိဘူး”

ချာနာကျာ (ဘီစီ ၃၇၅ - ဘီစီ ၂၈၃)

အိန္ဒိယမှ သင်ကြားပြသသူ၊ တွေးခေါ်ရှင်၊ စီးပွားရေးပညာရှင်၊ တရားသူကြီးနှင့် အကြံပေး

အမေရိကန်နှင့် ဥရောပတို့တွင် စီးပွားရေးပျက်ကပ်ပြီးနောက် ပြန်လည်နာလန်ထရန် နှေးကွေးလေးလံလွန်းခဲ့သည်။ အစိုးရခေါင်းဆောင်များက ကိုယ်ကျင့်တရားဆိုင်ရာ လှုပ်ရှားသူများ၏ တစ်ယူသန်ဝါဒနှင့်အတူ အများပြည်သူအတွက် သုံးစွဲငွေများကို ဖြတ်တောက်ကာ ခြိုးခြံချွေတာရေး (Austerity) မူဝါဒများကို ကျင့်သုံးခဲ့သောကြောင့်ဖြစ်သည်။ ရလဒ်များအား တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြည့်ပါက စီးပွားရေးကြီးထွားမှု အကျပ်ရိုက်သွားသည်ကို တွေ့ရသည်။ အများပြည်သူအတွက် သုံးစွဲငွေများကို လျှော့ချလိုက်ခြင်းသည် အမေရိကန်၌ စီးပွားရေးနာလန်ထမှုကို တုံ့ဆိုင်းသွားစေခဲ့ပြီး ခြိုးခြံချွေတာရေးမူဝါဒကို ပိုမိုကျင့်သုံးသော ဥရောပ၌ ပို၍ပင်ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ အလုပ်အကိုင်အခွင့်အလမ်း ကြီးထွားမှုကို လှုံ့ဆော်ပေးရန် ပျက်ကွက်နေချိန်၌ အခွန်အတုတ်နှင့် အစိုးရ၏ အသုံးစရိတ် လျှော့ချလိုက်ခြင်းက ကျောင်းများနှင့် ဆေးရုံများကဲ့သို့သော အများပြည်သူဆိုင်ရာ အင်စတီကျူးရှင်းများကို ချည့်နဲ့သွားစေခဲ့သည်။

ပညာရေးအစီအစဉ်များ၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများအပေါ် ရိုက်ခတ်ချက်များက ကိုယ်ကျင့်တရားဆိုင်ရာ မေးခွန်းများ ပေါ်ထွက်လာစေသည်။ ယင်းအမြင်မှာ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေးမူဝါဒများနှင့် ပတ်သက်သော ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးဆက်များအကြောင်း ဆင်ခြင်သုံးသပ်မှုများ ရေးသားသည့် နိုဘယ်ဆုရ စီးပွားရေးပညာရှင် အမ်မာတီယာဆန်၏ အမြင်ဖြစ်သည်။ The News Statesman တွင် ဖော်ပြခဲ့သောဆောင်းပါး၌ ဆန်သည်စီးပွားရေးပျက်ကပ်ပြီးနောက် ကမ္ဘာတစ်လွှားရှိ ခြိုးခြံချွေတာရေး အခင်းအကျင်းကို လေ့လာခဲ့သည်။ ယင်း၌ဆန်က ရှုမြင်ခဲ့သော ကြီးမားသည့် ပြဿနာတစ်ရပ်မှာ ဘဏ္ဍာရေးစနစ်များ၊ အစိုးရအဖွဲ့အမြင်များ၊ လုပ်သားစျေးကွက်များနှင့် ပတ်သက်သော အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်မှုနှင့် ခြိုးခြံချွေတာရေးအတွက် စိတ်ကူးထားသော လိုအပ်မှုတို့အကြား ရှုပ်ထွေးမှုဖြစ်ပေါ်ခြင်းပင် ဖြစ်သည်။

ဆန်က မဆင်မခြင်ပြုလုပ်သော ခြိုးခြံချွေတာမှုသည် စနစ်တစ်ခုကို တစ်စုံတစ်ရာ ပြောင်းလဲနိုင်ခြင်းမရှိဘဲ ကြီးမားသော ထိခိုက်ဆုံးရှုံးမှုကိုသာ ဖြစ်စေကြောင်း ရေးသားခဲ့သည်။ သူက ယင်းသည် အဖျားတက်နေသည့် လူနာတစ်ဦးကို ပဋိဇီဝဆေးဝါးတစ်မျိုး သောက်နိုင်ကြောင်း သို့သော်ယင်းဆေးသည် ကြွက်သတ်ဆေးနှင့် ယှဉ်တွဲ၍နေကြောင်း ပြောသည်နှင့်တူသည်ဟု ဆိုသည်။ အမှန်တကယ်၌ အတူတွဲလျက် ပြုလုပ်နိုင်ခြင်း မရှိသော်လည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုကိုလိုလားပါက စီးပွားရေး ခြိုးခြံချွေတာမှု ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောသည်နှင့်တူသည်ဟု ဆန်ကဆိုသည်။

ယနေ့ခေတ်တွင် ခြိုးခြံချွေတာရေးမူဝါဒ၏ အကျိုးဆက်များကို အထင်ရှားဆုံး တွေ့နိုင်သည့်နိုင်ငံမှာ ဂရိနိုင်ငံဖြစ်သည်။ ဂရိနိုင်ငံသည် သူ့အားငွေချေးထားသည့်နိုင်ငံများ၊ ဥရောပသမဂ္ဂအတွင်းရှိ မိတ်ဖက်များနှင့်အတူ နိုင်ငံအတွင်း၌ ချမှတ်ထားသော ခြိုးခြံချွေတာရေးမူဝါဒနှင့် ပတ်သက်၍ အပြင်းအထန် ရုန်းကန်နေရသည်။ ဂရိ၏ ခြိုးခြံချွေတာရေး အစီအစဉ်ကြောင့် စီးပွားရေးကြီးထွားမှု၌ ၂၀၀၈ ခုနှစ်ကတည်းက နှစ်စဉ် အနုတ်လက္ခဏာပြခဲ့ပြီး နောက်ဆုံး၌ ခြိုးခြံချွေတာမှု ဆန့်ကျင်ရေး ဆီရီဇာပါတီက ရွေးကောက်ပွဲတွင် အနိုင်ရရှိသည်အထိ ဖြစ်ခဲ့သည်။ ဂရိနိုင်ငံတွင် လူငယ်များ၏ ထက်ဝက်ကျော်သည် တစ်ကြိမ်တစ်ခါမျှ အလုပ်အကိုင်တစ်ခုရှိသည့် အတွေ့အကြုံမျိုး မရဖူးကြောင်းနှင့် လူသားအရင်းအနှီးများ အချည်းနှီး ကုန်လွန်နေရကြောင်း ရေးသားခဲ့သည်။ The New Yorker တွင် ဖော်ပြချက်အရ ဂရိနိုင်ငံ၏ ပျမ်းမျှမိသားစုဝင်ငွေသည် ၂၀၀၃ ခုနှစ်အဆင့်သို့ လျှောကျသွားကြောင်းနှင့် ယခုအခါ ဂရိကလေးငယ်များ၏ ရာခိုင်နှုန်း ၄၀ သည် ဆင်းရဲမွဲတေသည်ဟု သတ်မှတ်ထားသည့် မျဉ်းအောက်၌ နေထိုင်နေရကြောင်း သိရသည်။

ထို့ကြောင့် အစိုးရအဖွဲ့၏ ဘတ်ဂျက်လိုငွေပြမှုများ မြင့်တက်လာခြင်းကို စိုးရိမ်လျက် အချို့ကခြိုးခြံချွေတာရေး မူဝါဒများကို လှုံ့ဆော်နေသော်လည်း အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ စီးပွားရေးကြီးထွားမှုနှုန်း လျင်မြန်စွာ တိုးတက်ရေးသာဖြစ်ပြီး ခြိုးခြံချွေတာရေးမူဝါဒ မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent