၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉ ဒသမ ၀၅၈ ဘီလျံကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၇၆၀ ဘီလျံကျော် တင်ပို့ထားကာ ကုန်သွယ်မှုအသာစီးရရှိ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉ ဒသမ ၀၅၈ ဘီလျံကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၇၆၀ ဘီလျံကျော် တင်ပို့ထားကာ ကုန်သွယ်မှုအသာစီးရရှိ
Published 12 October 2021
နီလာ

၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၉ ဒသမ ၀၅၈ ဘီလျံကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၇၆၀ ဘီလျံကျော် တင်ပို့ထားကာ ကုန်သွယ်မှု အသာစီးရရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ်အထိ ၁၁ လအတွင်း မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၄၇၆၀ ဒသမ ၅၄၇ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၄၂၉၈ ဒသမ ၃၄၃ သန်းရှိကာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉၀၅၈ ဒသမ ၈၉၀ သန်းအထိ ရှိနေသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ - တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ ဒသမ ၁၄၉ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၇၂၉ ဘီလျံကျော် တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ မြန်မာ - တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၄၉ ဒသမ ၂၂၆ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၅၄၂၀ ဒသမ ၀၅၂ သန်းရှိကာ တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၉ ဒသမ ၁၇၄ သန်း တင်သွင်းထားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် Business Center များ အပြန်အလှန် တည်ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ - တရုတ် နယ်စပ်ပူးပေါင်းဆောင်ရွက်ရေးဇုန်သုံးခုအနက် ကနဦးစီမံကိန်း (Pilot Project) အဖြစ် မူဆယ်- ရွှေလီဇုန်အပိုင်းကို စတင်ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်း အောင်မြင်ဖြစ်ထွန်းမှုအပေါ် မူတည်၍ ကျန်ဇုန်နှစ်ခုကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့က မူလအဆိုပြုတဲ့နေရာက သုံးနေရာပေါ့နော်။ ကန်ပိုက်တီးရယ်၊ မူဆယ်ရယ်၊ ချင်းရွှေဟော်ရယ်ဖြစ်ပါတယ်။ တကယ်တမ်းတော့ တရုတ်နဲ့ Pilot စီမံကိန်း တကယ်စလုပ်မယ့်ဟာက မူဆယ် - ရွှေလီတစ်ခုပဲ ဖြစ်ပါတယ်။ ကျန်တဲ့ဟာတွေကတော့ မူဆယ် - ရွှေလီရဲ့ အောင်မြင်ဖြစ်ထွန်းမှုကို ကြည့်ပြီးတော့မှ လုပ်မယ့်သဘောရှိပါတယ်။ ဒါကနံပါတ် (၁) အပိုင်းဖြစ်ပါတယ်။

မူဆယ် - ရွှေလီကိုလည်း ဆက်ပြီးတော့ ဆောင်ရွက်ဖို့ကိစ္စမှာ တရုတ်နဲ့ ကျွန်တော်တို့ကြားမှာ Framework Agreement လက်မှတ်ရေးထိုးဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် စီမံကိန်းဆောင်ရွက်မှုဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ဇုန်အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဖွဲ့စည်းထားကြောင်း၊ ယင်းကော်မတီက မြန်မာနိုင်ငံဘက်ခြမ်း၌ နယ်စပ်ပူးပေါင်း ဆောင်ရွက်မှုဇုန်အတွက် မြေနေရာသတ်မှတ်ပြီး ဖြစ်နိုင်ခြေလေ့လာဆန်းစစ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လေ့လာဆန်းစစ်များ ဆောင်ရွက်ပြီးပါက နယ်စပ်ပူးပေါင်း ဆောင်ရွက်ရေးဇုန် တည်ဆောက်ရေးအတွက် ရင်းနှီးတည်ဆောက်သူများ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။                                 

Most Read

Most Recent