၂၀၂၁ ခုနှစ်၏ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို စီးပွားရေးပညာရှင်သုံးဦးက ပူးတွဲရရှိ

၂၀၂၁ ခုနှစ်၏ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို စီးပွားရေးပညာရှင်သုံးဦးက ပူးတွဲရရှိ
 (ဝဲ မှ ယာ) ဂွီဒိုအင်ဘန်စ်၊ ဂျိုရှာအန်းဂရစ်နှင့် ဒေးဗစ်ကာ့ဒ်
(ဝဲ မှ ယာ) ဂွီဒိုအင်ဘန်စ်၊ ဂျိုရှာအန်းဂရစ်နှင့် ဒေးဗစ်ကာ့ဒ်
Published 12 October 2021
Ref: AFP

သဘာဝကျကျ လက်တွေ့သုတေသန သို့မဟုတ် လေ့လာစူးစမ်းမှုများဖြင့် လုပ်သားစျေးကွက်အပေါ် သုတေသန လုပ်ဆောင်ခဲ့မှုအတွက် အမေရိကန်အခြေစိုက် စီးပွားရေး ပညာရှင်သုံးဦးက အောက်တိုဘာ ၁၁ ရက်တွင် ချီးမြှင့်ခဲ့သည့် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို ပူးတွဲဆွတ်ခူးသွားခဲ့သည်။

ယင်းကဲ့သို့  သုတေသနပြု လေ့လာချက်များသည် စီးပွားရေးဆိုင်ရာ ပညာရပ်နယ်ပယ်တွင် လက်တွေ့မျက်မြင်ကို အခြေခံသော သုတေသနပြုမှုကို အလုံးစုံတိုးတက် ပြောင်းလဲစေခဲ့သည်ဟု ဆုရွေးချယ်ရေးအဖွဲ့က ပြောကြားသည်။

ကနေဒါ-အမေရိကန် ဒေးဗစ်ကာ့ဒ်၊ အစ္စရေး-အမေရိကန် ဂျိုရှာအန်းဂရစ်နှင့် ဒတ်ချ်-အမေရိကန် ဂွီဒို အင်ဘန်စ်တို့သည် လုပ်သားစျေးကွက်နှင့် ပတ်သက်၍ အတွေးအမြင်သစ်များကို ဖန်တီးပေးသည့်အပြင် သဘာဝကျကျ လက်တွေ့သုတေသန လုပ်ဆောင်မှုများမှ အကြောင်းအကျိုးနှင့် ပတ်သက်ပြီး ထုတ်ယူကောက်ချက်ချပုံကို  ပြသခဲ့သည့်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို ပူးတွဲရရှိသွားခဲ့ခြင်း ဖြစ်သည်ဟု နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စီးပွားရေး နိုဘယ်ဆုသည် ၂၀၂၁ ခုနှစ် နိုဘယ်ဆုပေးပွဲ အခါသမယ၏ နောက်ဆုံးချီးမြှင့်သော ဆုလည်းဖြစ်ကာ ယခုနှစ်ဆုပေးပွဲကို အမျိုးသားများက လွှမ်းမိုးထားခဲ့ကာ စုစုပေါင်း အမျိုးသား ၁၂ ဦး ဆုရရှိပြီး အမျိုးသမီးတစ်ဦးသာ ဆုရရှိခဲ့သည်။

ကာ့ဒ်သည် အနိမ့်ဆုံး လုပ်ခလစာ၊ ရွှေ့ပြောင်းအခြေချမှုနှင့် ပညာရေးကဏ္ဍ၏ လုပ်သားစျေးကွက်အပေါ် သက်ရောက်မှုများကို  အဓိကလေ့လာခဲ့မှုအတွက် ဆုငွေ ခရိုနာ ၁၀ သန်း (ဒေါ်လာ ၁.၁ သန်း) ၏ ထက်ဝက်ကို ရရှိမည်ဖြစ်သည်။

ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ကနေဒါဖွား ပါမောက္ခတစ်ဦးဖြစ်သူ ကာ့ဒ်က ၎င်း၏ကြိုးပမ်း လုပ်ဆောင်မှုများသည်  သင့်သင့်ရုံမျှသာရှိသော အတိုင်းအတာမျိုး ဖြစ်သည်ဟု နှိမ့်ချပြောဆိုခဲ့သည်။

သဘာဝကျကျ လက်တွေ့သုတေသနပြုမှုများတွင် သုတေသနပညာရှင်များသည် လျှပ်တပြက် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၏ အကျိုးရလဒ်များနှင့် လူအုပ်စုများ၏ မူဝါဒအပြောင်းအလဲများအပေါ် လေ့လာခြင်းဖြစ်သည်။

“ခေတ်ဟောင်းက စီးပွားရေးပညာရှင်အများစုဟာ သီအိုရီပိုင်း အရမ်းဆန်ကြပေမဲ့ ဒီနေ့ခေတ်မှာတော့ စီးပွားရေးပညာရှင် အများစုဟာ ပညာရေး၊ ကျန်းမာရေး ဒါမှမဟုတ် ရွှေ့ပြောင်းအခြေချမှုတွေရဲ့ အကျိုးဆက်တို့လို အကြောင်းအရာတွေကို ရှုမြင်သုံးသပ်ရာမှာ အတော့်ကို အခြေခံကျကျ ရှုမြင်လာကြတယ်” ဟု ကာ့ဒ်၏ တက္ကသိုလ်မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၁၉၉၀ ပြည့်နှစ်များ အစောပိုင်းကာလမှ ကာ့ဒ်၏ လေ့လာချက်များသည် နယူးဂျာစီပြည်နယ်တွင် အနိမ့်ဆုံး လုပ်ခလစာ တိုးမြှင့်ခဲ့ခြင်း၏ အကျိုးဆက်ကို သုံးသပ်အကဲဖြတ်ခဲ့ခြင်းဖြစ်ကာ ယင်းသို့တိုးမြှင့်မှုကြောင့် အလုပ်အကိုင်များ ပိုနည်းပါးသွားသည့် အခြေအနေကို မလွဲမသွေ ဦးတည်သွားခဲ့ခြင်း မရှိကြောင်း ၎င်းကဥပမာပေးခဲ့သည်။

ထို့အပြင် ၁၉၈၀ ခုနှစ်တွင် အမေရိကန်သို့ ကျူးဘားနိုင်ငံသား ၁၂၅,၀၀၀ အစုလိုက် အပြုံလိုက် ဝင်ရောက်ခဲ့သည့် ဖြစ်စဉ်ကဲ့သို့ အခြေအနေများအပေါ် သဘာဝကျကျ လက်တွေ့သုတေသန ပြုလုပ်ခဲ့သည်။

ယမန်နှစ် စီးပွားရေး နိုဘယ်ဆုကို အမေရိကန် စီးပွားရေးပညာရှင် ပေါလ်မီလ်ဂရွမ်နှင့် ရောဘတ် ဝီလ်ဆန်တို့က လေလံဆိုင်ရာ သီအိုရီများနှင့် လေလံပုံစံ အသစ်များကို တီထွင်ခဲ့မှုအတွက် ပူးတွဲရရှိခဲ့သည်။

Most Read

Most Recent