မလေးရှားတွင် COVID-19 ကူးစက်မှုနှုန်း နှေးကွေးသွားသောကြောင့် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့

မလေးရှားတွင် COVID-19 ကူးစက်မှုနှုန်း နှေးကွေးသွားသောကြောင့် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့
အောက်တိုဘာ ၈ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် နှာခေါင်းစည်းတပ်ဆင်ထားသော ဖြတ်သန်းသွားလာသူများကို တွေ့ရစဉ်
အောက်တိုဘာ ၈ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် နှာခေါင်းစည်းတပ်ဆင်ထားသော ဖြတ်သန်းသွားလာသူများကို တွေ့ရစဉ်
Published 11 October 2021
Ref: AFP

မလေးရှားနိုင်ငံတွင် ပြင်းထန်သော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း နှေးကွေးလာပြီး ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်တက်လာသောကြောင့် ကာကွယ်ဆေးနှစ်လုံး အပြည့်ထိုးနှံပြီးသူများအတွက် ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးသွားလာမှု ကန့်သတ်ချက်များကို အောက်တိုဘာ ၁၀ ရက်တွင် ဖြေလျှော့ပေးလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

မလေးရှားနိုင်ငံသည် မကြာသေးမီလများအတွင်း ၎င်း၏အဆိုးဆုံး COVID-19 ကူးစက်မှုလှိုင်းနှင့် ရင်ဆိုင်ခဲ့ရပြီး အာဏာပိုင်များက နိုင်ငံတစ်ဝန်း တင်းကျပ်သော lockdown စည်းမျဉ်းများ ချမှတ်ခဲ့သည်။

သို့သော် ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ကျဆင်းလာပြီး ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်နေမှုနှင့်အတူ အာဏာပိုင်များက ကန့်သတ်ချက်စည်းမျဉ်းများ ရုပ်သိမ်းမှုကို စတင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

ကာကွယ်ဆေးနှစ်လုံး အပြည့်ထိုးနှံပြီးစီးသူများအနေဖြင့် နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာနိုင်သည့်အပြင် အထူးခွင့်ပြုချက် ရယူရန်မလိုဘဲ ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်ကြောင်း ဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့ဘ်က အောက်တိုဘာ ၁၀ ရက်တွင် နိုင်ငံပိုင်ရုပ်သံ၌ မိန့်ခွန်းပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အရွယ်ရောက်ပြီးသူများကို ကာကွယ်ဆေးထိုးနှံမှုနှုန်းသည် ၉၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း အစ္စမေးလ်ဆာဘရီက ဆိုသည်။

သို့သော် နှာခေါင်းစည်းတပ်ဆင်မှုကဲ့သို့ စည်းမျဉ်းများကို ဆက်လက်လိုက်နာရန် ၎င်းကပြည်သူများကို သတိပေးခဲ့သည်။

“ဒီအခြေအနေအပေါ် ကျေနပ်အားရမနေပါနဲ့။ ဒါဟာ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ အစိုးရရဲ့ အားထုတ်ကြိုးပမ်း ဆောင်ရွက်ချက်တွေထဲမှာ အရေးကြီးတဲ့ကိစ္စရပ် ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် ဇန်နဝါရီလကတည်းက ချွင်းချက်ဖြစ်သည့် အခြေအနေများမှလွဲ၍ ပြည်နယ်တစ်ခုနှင့်တစ်ခုကြား ခရီးသွားလာမှု ကန့်သတ်ချက်များကို တားမြစ်ထားသည်။

ပြည်ပနိုင်ငံသို့ ခရီးသွားလာလိုသူများအနေဖြင့် တရားဝင်သတ်မှတ်ထားသည့်စနစ်ထံ အထူးခွင့်ပြုချက်တင်ပြ တောင်းခံပြီးမှ သွားရောက်ခွင့်ပြုထားသည်။

ကန့်သတ်ချက် စည်းမျဉ်းများကို လျှော့ချခဲ့သော်လည်း နိုင်ငံတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် ခရီးသွားများအနေဖြင့် အသွားအလာ ကန့်သတ်နေထိုင်ရန် လိုအပ်ဆဲ ဖြစ်သည်ဟု ဆိုသည်။

မလေးရှားနိုင်ငံသည် လွန်ခဲ့သည့်နှစ် ကပ်ရောဂါစတင်ချိန်ကတည်းက ကန့်သတ်ချက်စည်းမျဉ်းများ ချမှတ်ပြီး ၎င်း၏နယ်စပ်များကို ပိတ်ထားခဲ့ပြီးနောက် ကူးစက်မှုပထမလှိုင်းကို ကျယ်ကျယ်ပြန့်ပြန့် ရှောင်လွှဲနိုင်ခဲ့သည်။

သို့သော် ယခုနှစ်တွင် ဒယ်တာဗိုင်းရပ်စ်မျိုးကွဲကြောင့် ကူးစက်မှုနှုန်း မြင့်တက်ခဲ့ပြီး သြဂုတ်လအတွင်း နေ့အလိုက် ကူးစက်ခံရသူ ၂၀,၀၀၀ ကျော်ရှိခဲ့သည့်အပြင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူရာနှင့်ချီရှိခဲ့သည်။

သို့သော် အရှေ့တောင်အာရှတွင် ကာကွယ်ဆေးထိုးနှံမှုနှုန်း အမြန်ဆုံးနိုင်ငံများတွင် အပါအဝင် ဖြစ်လာခဲ့ပြီးနောက် ကူးစက်မှုနှုန်း နှေးကွေးလာခဲ့သည်။ လူဦးရေ ၃၂ သန်းရှိသည့် မလေးရှားတွင် ကူးစက်ခံရသူပေါင်း ၂.၃ သန်းကျော် စံချိန်တင်ရှိခဲ့သည့်အပြင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၂၇,၀၀၀ ခန့် ရှိသည်။                                           

Most Read

Most Recent