ရန်ကုန်မြို့ရှိ မြို့နယ် ၃၁ မြို့နယ်၌ လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုကာ လမ်းမကြီးများနှင့် လမ်းသွယ်၊ လမ်းကြားများတွင် စုဝေးခြင်း မပြုရန်နှင့် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့် ထုတ်ပြန်

ရန်ကုန်မြို့ရှိ မြို့နယ် ၃၁ မြို့နယ်၌ လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုကာ လမ်းမကြီးများနှင့် လမ်းသွယ်၊ လမ်းကြားများတွင် စုဝေးခြင်း မပြုရန်နှင့် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့် ထုတ်ပြန်
Published 10 October 2021

ရန်ကုန်မြို့ရှိ မြို့နယ် ၃၁ မြို့နယ်၌ လူ ငါးဦး သို့မဟုတ် ငါးဦးထက်ပိုကာ လမ်းမကြီး များနှင့် လမ်းသွယ်၊ လမ်းကြားများတွင် စုဝေးခြင်းမပြုရန်နှင့် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို အောက်တိုဘာ ၈ ရက် ရက်စွဲဖြင့် တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသော ပြည်သူများအနက်မှ လူအချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူဆောင်ရွက်နေသည်ကို တွေ့ရှိရပြီး ထိုသို့ဆောင်ရွက်ခြင်းသည် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဆောင်ရွက်စေနိုင်သည်ဟု ယူဆရသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့မှအပ ကျန် ၃၁ မြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံး ပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့် လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်းနှင့် ရုန်းရင်းဆန်ခတ်ပြုမူခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်ကြောင်း သိရသည်။ 

ယင်းအပြင် လူငါးဦး သို့မဟုတ် ငါးဦး ထက်ပိုသော သူများသည် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဆိပ်ကြီး ခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်မှအပ ကျန် ၃၁ မြို့နယ်အတွင်း လမ်းမကြီးများ၊ အများ ပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့် သက် ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုရန် နှင့် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ည မထွက်ရအမိန့်ကို ထုတ်ဆင့်လိုက်ကြောင်း ဖော်ပြထားသည်။ 

အဆိုပါအမိန့် ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အဲဒီအမိန့်ထုတ်ပြန်လိုက်တာ ဟုတ်ပါတယ်။ အောက်တိုဘာ ၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ ဒေသန္တရအမိန့် အနေနဲ့ ထုတ်ပြန်လိုက်တာပါ။ ကျွန်တော်တို့ ဆီကို ညွှန်ကြားစာရောက်ပါတယ်” ဟု ပြောကြားသည်။ 

အဆိုပါအမိန့်ထုတ်ပြန်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ  မြို့နယ် ၃၁ မြို့နယ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ သာ ကေတမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်၊  ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဒဂုံ မြို့သစ်(အရှေ့ပိုင်းမြို့နယ်)၊ ဒဂုံမြို့သစ် (ဆိပ် ကမ်း)မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကျောက် တံတားမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်း ချောင်းမြို့နယ်၊ ဒဂုံမြို့နယ်၊ ပန်းဘဲတန်း မြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ လသာ မြို့နယ်၊ အလုံမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂ လာဒုံမြို့နယ်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်နှင့် ရွှေ ပြည်သာမြို့နယ် စသည်တို့ဖြစ်ကြောင်း သိရ သည်။

 

အဆိုပါအမိန့်သည် နောက်ထပ်အမိန့် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။