သာကေတမြို့နယ် ရှုခင်းသာ လမ်းမကြီးပေါ်ရှိ ရေတပ်စခန်းရှေ့ နှင့် သင်္ဃန်းကျွန်း သုဝဏ္ဏနယ်မြေ ရဲစခန်းအနီးတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွား

သာကေတမြို့နယ် ရှုခင်းသာ လမ်းမကြီးပေါ်ရှိ ရေတပ်စခန်းရှေ့ နှင့် သင်္ဃန်းကျွန်း သုဝဏ္ဏနယ်မြေ ရဲစခန်းအနီးတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွား
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ရှုခင်သာလမ်းမကြီးပေါ် ရေတပ်စခန်းရှေ့မြင်ကွင်းအား တွေ့ရစဉ်
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ရှုခင်သာလမ်းမကြီးပေါ် ရေတပ်စခန်းရှေ့မြင်ကွင်းအား တွေ့ရစဉ်
Published 10 October 2021

သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးပေါ်ရှိ ရေတပ်စခန်းရှေ့ နှင့် သင်္ဃန်းကျွန်း သုဝဏ္ဏနယ်မြေရဲစခန်းအနီးတို့တွင် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။

သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးပေါ် ရေတပ်စခန်းရှေ့တွင် နံနက် ၇ နာရီခွဲကျော်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်လာပြီး  ဗုံးတွေ့၍ ရှင်းလင်းရန် လမ်းပိတ်ပြီး စစ်ဆေးနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါနေရာတွင်လည်း နံနက် ၉ နာရီဝန်းကျင်က နောက်ထပ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး  ထိခိုက်ဒဏ်ရာ ရရှိသူရှိကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။

'' ပေါက်ကွဲတာက ရေတပ်စခန်းရှေ့မှာ နှစ်ကြိမ်ပေါက်ကွဲတာပါ။ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေတော့ ရှိမယ်။  လူနာတင်ယာဉ်နှစ်စီး နဲ့တော့ ခေါ်သွားပါတယ် '' ဟု အနီးနေထိုင်သူများက ပြောကြားသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီး ပတ်ဝန်းကျင်တွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သံသုမာလမ်းမကြီး သင်္ဃန်းကျွန်းသုဝဏ္ဏနယ်မြေရဲစခန်းအနီးတွင် နံနက် ၁၀ နာရီကျော်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။

'' မနက် ၁၀ နာရီကျော်လောက်မှာ စခန်းအကျော်လေးနားမှာ ပေါက်ကွဲတာပါ။ ပထမတော့ ကားဘီးပေါက်တယ်ထင်လို့။ နောက်ကျမှ ဗုံးပေါက်မှန်းသိတာ။ အမျိုးသားတစ်ဦးတော့ ထိခိုက်ဒဏ်ရာရသွားတယ် '' ဟု အနီးနေထိုင်သူများက ပြောကြားသည်။

ထို့နောက် ဒဂုံမြို့သစ်မြောက်ပိုင်း ၄၉ ရပ်ကွက်တွင် နံနက်စောစောပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် သန်လျင်မြို့နယ်တွင်လည်း နံနက် ၁၀ နာရီက  မြို့နယ်တရားရုံးအနီး နှင့် စည်ပင်သာယာရုံးအနီးတို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးပတ်ဝန်းကျင်ကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများပြောကြားသည်။

 

Most Read

Most Recent