ထိုင်းနိုင်ငံ နေရာနှစ်ခုတွင် တစ်နေ့တည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ နေရာနှစ်ခုတွင် တစ်နေ့တည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၂ ဦး ဖမ်းဆီးခံရ
Published 9 October 2021
ကိုရွှေသိန်း

ထိုင်းနိုင်ငံ ရနောင်းခရိုင်နှင့်ကန်ချနပူရီခရိုင်တို့တွင် အောက်တိုဘာ ၇ ရက်က တစ်နေ့တည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံ နယ်ခြားစောင့်ရဲ၊ စစ်တပ်နှင့် လူကုန်တားရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ရနောင်းခရိုင်တွင် အထောက်အထားမဲ့  မြန်မာနိုင်ငံသား ၄၁ ဦးနှင့် ကန်ချနပူရီခရိင်တွင် ၂၁ ဦးဖမ်းဆီးခံခဲ့ရကြောင်း မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

အောက်တိုဘာ ၇ ရက် နံနက်က ခြုံဘော်ခရိုင်ဘက်သို့သွားသော ယာဉ်တစ်စီးအား အုပ်စု (၃) ရှိ စစ်ဆေးရေးဂိတ်တွင် ရပ်တန့်စစ်ဆေးရာ ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦးနှင့်အတူ ကားနောက်ခန်းအတွင်း လိုက်ပါလာသည့် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄၃ ဦး (ကျား ၃၆ ၊ မ ၇) တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသား ယာဉ်မောင်းသမား၏ ထွက်ဆိုချက်အရ ရနောင်းမှခြုံဖော်သို့ ဘတ် ၈၀၀၀ ဖြင့် ကားငှားသဖြင့် လိုက်ပို့ခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူများတွင် အသက် ၁၅ နှစ်အရွယ် ကလေးနှစ်ဦးမှ အပ ကျန် ၄၁ ဦးတို့ကို တရားမဝင်နယ်စပ် ဖြတ်ကျော်မှုဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အတူ အောက်တိုဘာ ၇ ရက်က ကန်ချပူရီခရိုင်တွင် တရားမဝင်အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၁ ဦး ဖမ်းဆီးခံခဲ့ရသည့်အတွက် စက်တင်ဘာလတစ်လ၊အောက်တိုဘာလပထမပတ်၊ ရက် ၄၀ အတွင်း ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်ပြီး ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဦးမိုးကြိုးက ပြောကြားသည်။                   

Most Read

Most Recent