မုံရွာမြို့နယ် မုံရွေးကြေးမုံ စံပြကျေးရွာရှိ နေအိမ်တစ်လုံးကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းဟုသိရ

မုံရွာမြို့နယ် မုံရွေးကြေးမုံ စံပြကျေးရွာရှိ နေအိမ်တစ်လုံးကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းဟုသိရ
Published 9 October 2021

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် မုံရွေးကြေးမုံ စံပြကျေးရွာရှိ နေအိမ်တစ်လုံးအား အောက်တိုဘာ ၇ ရက်က နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ သိမ်းဆည်းခံခဲ့ရသည့် နေအိမ်မှာ မုံရွေးကြေးမုံရွာရှိ ဆူးလေကုန်းရပ်နေကို ဇင်မင်းတိုး၏ နေအိမ်ဖြစ်ကြောင်း၊ ယင်းနေအိမ်ကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခဲ့သည်ဟု စာသားများချိတ်ဆွဲခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“မနေ့ကပဲ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းတဲ့အကြောင်း စာလာကပ်သွားတယ်။ ဘာကြောင့်ဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ ပြီးခဲ့တဲ့လက ရွာသားတွေ အဖမ်းခံရတာရှိတယ်။ အချို့ကလည်း လွတ်တယ်။ အချို့ကလည်း ပြန်မလွတ်ကြသေးဘူး” ဟု မုံရွာမြို့နယ် မုံရွေးကြေးမုံစံပြကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

မုံရွာမြို့နယ် မုံရွေးကြေးမုံစံပြကျေးရွာသည် ယခင် NLD အစိုးရလက်ထက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့်  ဦးသန့်ဇင်မောင်၏ မွေးရပ်မြေဇာတိရွာလည်း ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ဒေါနခြံရပ်ကွက်ရှိ RC နှစ်ထပ်တိုက် လူနေအိမ်တစ်လုံးကိုလည်း နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent