ထိုင်းနိုင်ငံ ပကျွတ်ခီရီခမ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၅၈ ဦး အဖမ်းခံရပြီး တစ်လကျော်အတွင်း ဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိကြောင်း သိရ

ထိုင်းနိုင်ငံ ပကျွတ်ခီရီခမ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၅၈ ဦး အဖမ်းခံရပြီး တစ်လကျော်အတွင်း ဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိကြောင်း သိရ
တရားမဝင် ဝင်ရောက်လာ၍ အဖမ်းခံရသူ မြန်မာနိုင်ငံသားများကို တွေ့ရစဉ်
တရားမဝင် ဝင်ရောက်လာ၍ အဖမ်းခံရသူ မြန်မာနိုင်ငံသားများကို တွေ့ရစဉ်
Published 5 October 2021

ထိုင်းနိုင်ငံအတွင်းသို့  ပကျွတ်ခီရီခမ် ခရိုင်ဘက်မှ တရားမဝင် အထောက်အထားမဲ့ ဝင်ရောက်ခဲ့သူ မြန်မာနိုင်ငံသား ၅၈ ဦး အောက်တိုဘာ ၄ ရက်က ဖမ်းဆီးခံရကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာ ၁ ရက်တွင် တာ့ခ်ခရိုင် မဲဆောက်ဧရိယာအတွင်း ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသားအမျိုးသမီး ၃၉ ဦး၊အောက်တိုဘာ ၃ ရက်တွင် မဲဆောက်နယ်အတွင်း အမျိုးသားအမျိုးသမီး၂၀ နှင့် ချင်းမိုင်ခရိုင်ဖန် ရွာအနီးဥယျဉ်ခြံတစ်ခုတွင် တရားမဝင်မြန်မာလုပ်သား ၁၅ ဦးဖမ်းဆီးခံရကြောင်း ထိုင်းနိုင်ငံဘက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံဘက်သို့ စက်တင်ဘာနှင့် အောက်တိုဘာ ပထမအပတ်အတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့်အတွက် ဖမ်းဆီးခံရသူ မြန်မာလုပ်သား ၄၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက်က ဖမ်းဆီးခံရသူများသည် ထိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးနယ်စပ် ပကျွတ်ခီရီခမ်ခရိုင်အတွင်း တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားစုစုပေါင်း ၅၈ ဦး၊ လမ်းပြခေါ်ဆောင်လာသူနှစ်ဦးနှင့် ကားတစ်စီးတို့ကို အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် သီးခြားဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းစစ်တပ်၏ သတင်းထုတ်ပြန်များအရ သိရသည်။

အောက်တိုဘာ ၃ ရက် ည ၇ နာရီခန့်တွင် ပကျွတ်ခီလီခမ်ခရိုင် အွတ်နွဲ့မြို့နယ် ဘန်နောင်စုနယ်မြေတွင် အမျိုးသားအမျိုးသမီး ၃၄ ဦး၊ အောက်တိုဘာ ၃ ရက် ညကဖမ်းဆီးခံခဲ့ရသလို အောက်တိုဘာ ၄ ရက် နံနက် ၈ နာရီအချိန်ကလည်း အမျိုးသားအမျိုးသမီး၂၄ ဦး ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ မြိတ်ခရိုင်နှင့် ပုလောမြို့နယ်တို့မှဖြစ်ကြောင်း သိရသည်။

ထိုသို့ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများ တရားမဝင်ဝင်ရောက်မှု များပြားလာခြင်းသည် ထိုင်းနိုင်ငံအတွင်း အထောက်အထား မရှိသူများအား အထောက်အထား လုပ်ပေးမည်ဆိုသော သတင်းနှင့်ပွဲစားများ၏ တစ်ကျော့ပြန် လှုံ့ဆော်မှုများကြောင့်ဖြစ်သည်ဟု မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“နယ်စပ်ကနေတရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ယခုရက်ပိုင်း အတွင်းများပြားလာတာက ထိုင်းနိုင်ငံထဲမှာ အထောက်အထား ပြုလုပ်ပေးမယ်ဆိုတဲ့ သတင်းပျံ့နှံ့မှုရယ်၊ တစ်ကျော့ပြန်ထကြွလာတဲ့ ပွဲစားတွေရဲ့လှုံ့ဆော်မှုတွေရယ်၊ မြန်မာနိုင်ငံမှာ ကိုဗစ်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင်ရှားပါလာတာရယ်ကြောင့် ကျွန်တော်တို့ဘယ်လိုပင် သတိပေးပေး ခုတော့ဖမ်းဆီခံရတာတွေက များနေပါပြီ။ တားမနိုင်ထိန်းမရ ဖမ်းဆီးခံရသူတွေကလည်း ဥပဒေအတိုင်း အရေးယူခံရမှသာ အသိ၊သတိလေးဝင်လာကြမှာ ဖြစ်ပါတယ်” ဟု ဦးမိုးကြိုးက ပြောကြားသည်။

Most Read

Most Recent