COVID-19 ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး လာရောက်ထိုးနှံပါက မှတ်ပုံတင် သို့မဟုတ် သန်းခေါင်စာရင်းပြခိုင်းခြင်းမျိုးနှင့် မလိုအပ်ဘဲ အချိန်ကြန့်ကြာအောင် မလုပ်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက နိုင်ငံပိုင်သတင်းစာသို့ ဖြေကြားထားချက်များအရ သိရသည်။
“ဆေးထိုးစုရပ်ကို လာပြီဆိုရင် မှတ်ပုံတင် သို့မဟုတ် သတ်သေခံကတ်ပြား ယူဆောင်လာရမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်း ပြခိုင်းတာမျိုးတွေနဲ့ မလိုအပ်ဘဲကြန့်ကြာအောင် မလုပ်သင့်ပါဘူး။ ဥပမာပြောရရင် အသက် ၆၅ နှစ်အထက်တွေကို ထိုးပေးတာဆိုရင် ၆၅ နှစ်ပြည့်ပြီးကြောင်း သက်သေပြနိုင်ရင် ထိုးပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လာရောက်ထိုးနှံတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာဖြစ်ပါတယ်။ ချိန်းဆိုရက်ကို စာရွက်ပေါ်မှာ ရေးတာမျိုးမဟုတ်ဘဲ နောက်လဘယ်ရက်မှာ လာရောက်ပြီး မပျက်မကွက် ထိုးနှံဖို့လည်းပြောပါ။ အကြောင်းကြောင်းကြောင့် ကာကွယ်ဆေးထိုးနှံဖို့ ပျက်ကွက်တယ်ဆိုရင်လည်း အနီးဆုံးရက်မှာ လာရောက်ထိုးနှံပါ။ ထိုးပြီးရင် QR ကုတ်ပါတဲ့ကတ်ကို ပေးလိုက်မှာဖြစ်ပါတယ်။ မဖြစ်မနေ ခရီးသွားဖို့လိုအပ်တယ်ဆိုရင် ဒီကတ်ကို ယူဆောင်သွားပါ” ဟု ၎င်းကပြောကြားသည်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးလွှမ်းခြုံမှုသည် လက်ရှိအချိန်အထိ ၁၅ ရာခိုင်နှုန်းခန့်သာ ရှိသေးသည့်အတွက် ကာကွယ်ဆေးထိုးပြီးသူများကို ရောဂါပိုးရှိ-မရှိ မစစ်ဆေးရန်၊ Quarantine မဝင်ရန် စသည်တို့ကို ခွင့်ပြုထားခြင်းမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းကဲ့သို့ သွားလာပါက ခရီးသွားသည့် အရပ်ဒေသများတွင် ကူးစက်မှုများနှင့် ကာကွယ်ဆေးမထိုးရသေးသူများ ရှိနေပါက မိမိမှတစ်ဆင့် ကူးစက်နိုင်ရန် အခွင့်အလမ်းများခြင်းကြောင့်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကာကွယ်ဆေးထိုးနှံပေးမှုသည် ချမ်းသာသည့် နိုင်ငံများတွင် ရာခိုင်နှုန်း ၅၀၊ ရာခိုင်နှုန်း ၆၀ ကျော်ရှိသော်လည်း ဖွံ့ဖြိုးမှုလိုအပ်သည့်နိုင်ငံများတွင် (တစ်) ရာခိုင်နှုန်း၊ (နှစ်) ရာခိုင်နှုန်း၊ (ငါး) ရာခိုင်နှုန်းဝန်းကျင်သာ ရှိသေးသည်ကို တွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် တတိယလှိုင်းကို ထိန်းချုပ်နိုင်သည့် အနေအထားရှိနေပြီး ရောဂါဖြစ်ပွားမှုသည်လည်း ယခင်နှင့်နှိုင်းယှဉ်ပါက လေးပုံတစ်ပုံထက် နည်းလာကြောင်း ၊ လှိုင်း၏သဘောသည်ကျပါက ဖြည်းဖြည်းခြင်းကျပြီး ပေါ့ဆမှုဖြစ်ပြီဆိုပါက ပြန်ထောင်တက်၍ နောက်ထပ်လှိုင်းတစ်လှိုင်း ဖြစ်နိုင်ကြောင်းနှင့် အချို့နိုင်ငံများတွင် တစ်လှိုင်းပြီးတစ်လှိုင်း ဖြစ်နေသည့် အနေအထားတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။















