ပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများကို ရက် ၃၀ အတွင်း AD လိုင်စင်ရဘဏ်များသို့ မပျက်မကွက်ရောင်းချရန် ဗဟိုဘဏ်ထုတ်ပြန်

ပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများကို ရက် ၃၀ အတွင်း AD လိုင်စင်ရဘဏ်များသို့ မပျက်မကွက်ရောင်းချရန် ဗဟိုဘဏ်ထုတ်ပြန်
Published 4 October 2021

ပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများကို ရက်ပေါင်း ၃၀ အတွင်း AD လိုင်စင်ရာဘဏ်များသို့ မပျက်မကွက်ရောင်းချရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉ ပုဒ်မ ခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယင်းအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈-ခ၊ပုဒ်မ ၄၂-ကနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းအပိုဒ် ၃၅ တို့အရ ပို့ကုန်တင်ပို့သူက ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက်ထည့်သွင်းရမည် ဖြစ်သည်။

AD လိုင်စင်ရ ဘဏ်များတွင် စာရင်းဖွင့်လှစ်ထားသည့် ပို့ကုန်တင်ပို့သူများအနေဖြင့် ရရှိလာသော ပို့ကုန်ရငွေများကို ၎င်း၏ ငွေစာရင်းတွင် ထည့်သွင်း၍ ရရှိသည့်အချိန်မှ ရက်ပေါင်း ၃၀ မပြည့်မီကာလအတွင်း အဆိုပါပို့ကုန်ရငွေကို ၎င်းကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ် မဟုတ်သော အခြားသူများထံသို့ ရောင်းချခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် မိမိ၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ပြီးဖြစ်သည့် ပို့ကုန်ရငွေအနက်မှ အသုံးမပြုဘဲ လက်ဝယ်တွင် ကျန်ရှိသည့် ပို့ကုန်ရငွေများကို ပို့ကုန်ရငွေဝင်ရောက်ပြီး ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာနိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်သို့ စျေးကွက်ပေါက်စျေးဖြင့် မပျက်မကွက်ရောင်းချရမည်။

AD လိုင်စင်ရ ဘဏ်များမဟုတ်သည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းတို့သည် ၎င်းတို့ဝယ်ယူရှိထားသည့် ပို့ကုန်ရငွေကို ရက်ပေါင်း ၃၀ အတွင်း ကိုယ်တိုင်အတွက် သုံးစွဲခြင်း သို့မဟုတ် AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကို ဆောင်ရွက်ရန်ဖြစ်ပြီး ကျန်ရှိသောပမာဏကို ရက်ပေါင်း ၃၀ မပြည့်မီကာလအတွင်း AD လိုင်စင်ရဘဏ်များသို့သာ စျေးကွက်ပေါက်စျေးဖြင့် မပျက်မကွက်ရောင်းချရမည်၊ အခြားလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ ထပ်ဆင့်ပြန်လည် ရောင်းချခြင်းမပြုရ၊ အထက်ဖော်ပြပါအတိုင်း ဆောင်ရွက်ရာတွင် ပို့ကုန်ရငွေ စတင်ဝင်ရောက်သည့်အချိန်မှစ၍ ပို့ကုန်ရငွေရရှိသူမှတစ်ဆင့် ပြန်လည်ရောင်းချခြင်းအပါအဝင် AD လိုင်စင်ရဘဏ်သို့ အပြီးရောင်းချသည့် အချိန်ကာလစုစုပေါင်းသည် ရက်ပေါင်း ၃၀ ထက် မကျော်လွန်ရပါ။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် ၃၃/၂၀၂၁ အား ယခုအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးလိုက်သည်။ ယင်းအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃ ရက်မှစ၍ အကျိုးသက်ရောက်စေရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent