ကျပ် ၂၂၅၀၀၀၀ အထိ စံချိန်တင် ရောက်ရှိခဲ့သည့် ရွှေဈေး၊ တစ်ဒေါ်လာ ကျပ် ၂၇၀၀ အထိ မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းနှင့် တစ်လီတာ ကျပ် ၁၅၀၀ ကျော်အထိ မြင့်တက်ခဲ့သည့် စက်သုံးဆီဈေးများ

ကျပ် ၂၂၅၀၀၀၀ အထိ စံချိန်တင် ရောက်ရှိခဲ့သည့် ရွှေဈေး၊ တစ်ဒေါ်လာ ကျပ် ၂၇၀၀ အထိ မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းနှင့် တစ်လီတာ ကျပ် ၁၅၀၀ ကျော်အထိ မြင့်တက်ခဲ့သည့် စက်သုံးဆီဈေးများ
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 3 October 2021

နိုင်ငံခြားငွေအသုံးပြုမှု လျှော့ချနိုင်ရန် ပြည်ပမော်တော်ယာဉ် တင်သွင်းခွင့်ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။

COVID-19 ရောဂါကူးစက်မှု နောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်း၊ နိုင်ငံ၏ပို့ကုန်တင်ပို့မှု လျော့ကျခြင်း အစရှိသည့် အကြောင်းရင်းများကြောင့် ပြည်ပမှ ကုန်စည်များတင်သွင်းမှုနှင့် စပ်လျဉ်း၍ နိုင်ငံခြားငွေကြေးအသုံးပြုမှုကို လျှော့ချနိုင်ရန်ရည်ရွယ်၍ အောက်တိုဘာ ၁ ရက်မှစတင်ကာ လူစီးမော်တော်ယာဉ် တင်သွင်းခွင့်အား ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်းများမှ တင်သွင်းခြင်း၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ ရဲမှုထမ်းကောင်းတံဆိပ်ရရှိသူများအား သက်ဆိုင်ရာဌာနများ ခွင့်ပြုချက်ရရှိထားသည့် ဝန်ထမ်းတစ်ဦးချင်း တင်သွင်းခွင့်ပါမစ်ထုတ်ပေးခြင်းတို့ကို ယာယီပိတ်သိမ်းခြင်းဖြစ်သည်။

ထို့ပြင် မော်တော်ယာဉ် အရောင်းစင်တာအသစ် ဖွင့်လှစ်ခွင့်အား အောက်တိုဘာ ၁ ရက်မှစတင်၍ ယာယီရပ်ဆိုင်းလိုက်သည်။

ယင်းသို့ ကားတင်သွင်းမှု ယာယီပိတ်ထားခြင်းတွင် ပြည်တွင်းတပ်ဆင် ထုတ်လုပ်နေသည့် SKD နှင့် CKD အမျိုးအစားများအား ပါမစ်ပိတ်ထားခြင်းမရှိကြောင်း မော်တော်ယာဉ် တင်သွင်းထုတ်လုပ်သူများထံမှ သိရသည်။

ကျပ်ငွေတန်ဖိုး ကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ အထိ စံချိန်တင်မြင့်တက်

ပြည်တွင်း၌ ကျပ်ငွေတန်ဖိုး ကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၂၈ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၃ ပွိုင့် ဝန်းကျင်ရှိကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

နိုင်ငံခြားငွေရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာဟချက် သတ်မှတ်ခြင်းကို ပယ်ဖျက်ပြီးနောက် နိုင်ငံခြားငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၂၀၀၀ ဝန်းကျင်ဖြင့် စတင်ရောင်းချခဲ့ကြောင်း နိုင်ငံခြားငွေလဲကောင်တာများမှ သိရသည်။

သြဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားငွေများရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းတို့ လုပ်ဆောင်ရာတွင် CBM Reference Rate အား Mid-Rate ဖြင့် သတ်မှတ်၍ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းကို သုည ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းမှဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ ဒေါ်လာစျေး အညွှန်းကိန်း ၉၄  ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၄၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများ ထံမှသိရသည်။

တစ်ရက်အတွင်း ကျပ်နှစ်သိန်းကျော် ခုန်တက်ခဲ့သည့် ပြည်တွင်းရွှေစျေး

စက်တင်ဘာ ၂၈ ရက်တွင်  ပြည်တွင်း ရွှေစျေးနှုန်းမှာ တစ်ရက်အတွင်း ကျပ်နှစ်သိန်းကျော် ခုန်တက်ကာ ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်သို့ စံချိန်တင်ရောက်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။စက်တင်ဘာ ၂၈ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၂၂၅၀၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၂၀၁၄၀၀၀ ဝန်းကျင်ရှိခဲ့သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ကျပ် ၂၂၅၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည့် ရွှေစျေးမှာ  စက်တင်ဘာ ၃၀ ရက်တွင် ကျပ် ၂၀၂၀၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။စက်တင်ဘာ ၃၀ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၂၀၃၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၈၆၃၅၀၀ ဝန်းကျင်ရှိနေခြင်း ဖြစ်သည်။

ရွှေစျေးထိန်းနိုင်ရန် ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်းက နေ့စဉ်ရွှေပိဿာချိန် ၂၀ ရောင်းချပေးခြင်း

ရွှေစျေးနှုန်း ထိန်းနိုင်ရန် ရန်ကုန်ရွှေ လုပ်ငန်းရှင်များအသင်းက နေ့စဉ်ရွှေပိဿာချိန် ၂၀ ရောင်းချပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။  

စက်တင်ဘာ ၂၉ ရက်က ပြုလုပ်သည့် ရန်ကုန်ရွှေအသင်း၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ အောင်သမာဓိရွှေဆိုင်၊ ဇွဲထက်၊ အကယ်ဒမီ စိန်ရွှေရတနာဆိုင်နှင့် ရွှေကုန်သည် ဦးဧရာစိုးနိုင်တို့က တစ်ထုပ်လျှင် တစ်ပိဿာနှုန်းဖြင့် ရန်ကုန်ရွှေအသင်းသို့ ငါးထုပ်စီရောင်းချပေးသွားရန် ဆုံးဖြတ်သဘောတူခဲ့ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“အဓိက ရွှေစျေးကွက်က ရန်ကုန်နဲ့ မန္တလေးပေါ့။ ရန်ကုန်မှာဆိုရင် စျေးထိန်းနိုင်ဖို့ ရွှေဆိုင်တွေနဲ့ ညှိနှိုင်းပြီးစီစဉ်တာပါ။ ရွှေဆိုင်တွေကလည်း ရောင်းပေးမယ်။ အဓိကစျေးကို ထိန်းနိုင်ဖို့ပါ” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောကြားသည်။

ရန်ကုန်ရွှေစျေးကွက်အတွင်းသို့ ရွှေဆိုင်များမှ ရွှေပိဿာချိန် ၅၀ ခန့် ရောင်းချပေးထားကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

“ဒီနေ့က ရွှေဆိုင်တွေက လာရောင်းပေးတယ်။ ဇွဲထက်က ခုနစ်ပိဿာ၊ အောင်သမာဓိက ခြောက်ပိဿာ၊ အကယ်ဒမီက ငါးပိဿာ၊ ကိုစိုးနိုင်ကလည်း ငါးပိဿာ ရောင်းပေးသွားတယ်။ အပြင်ကလည်း လာရောင်းကြ၊ ဝယ်ကြတာတွေရှိတယ်။ စုစုပေါင်းဆို ပိဿာ ၄၀ နဲ့ ၅၀ လောက်ရှိတယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

စက်တင်ဘာ ၃၀ ရက်တွင် ပြည်တွင်းစက်သုံးဆီ အမျိုးအစားအားလုံး တစ်လီတာ ကျပ် ၁၅၀၀ ကျော်အထိ မြင့်တက်

စက်တင်ဘာ ၃၀ ရက်တွင်  ပြည်တွင်းစက်သုံးဆီ အမျိုးအစားအားလုံး တစ်လီတာကျပ် ၁၅၀၀ ကျော်အထိ မြင့်တက်၍ ရှစ်လအတွင်း စက်သုံးဆီအမျိုးအစားအလိုက် ၁၀၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၁၃ဝခန့် အထိ မြင့်တက်ခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီ အရောင်းဆိုုင်များမှ သိရသည်။

စက်တင်ဘာ ၃၀ ရက်တွင် ပြည်တွင်း၌ စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်တစ်လီတာလျှင် ၁၅၀၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၁၅၀၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၁၅၀၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၅၂၅ ကျပ်ရှိကြောင်း ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်တစ်လီတာလျှင် ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၆၇၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၇၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် လက်ရှိဖြစ်ပေါ်နေသည့် ပြည်တွင်းစက်သုံးဆီစျေးနှုန်းများကို နှိုင်းယှဉ်ကြည့်ပါက ရှစ်လအတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၈၄၀ အထိ မြင့်တက်၍ ရာခိုင်နှုန်းအားဖြင့် ၁၂၇  ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။

ပရီမီယံဒီဇယ် တစ်လီတာလျှင် ၈၃၅ ကျပ်ကျော်မြင့်တက်၍ ရာခိုင်နှုန်းအားဖြင့် ၁၂၄ ရာခိုင်နှုန်းကျော်၊ အောက်တိန်း 92 Ron တစ်လီတာလျှင် ကျပ် ၈၈၀ ကျော် မြင့်တက်၍ ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၁၄၀ ကျော်၊ အောက်တိန်း 95 Ron တစ်လီတာလျှင် ၇၇၅ ကျပ် မြင့်တက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

စက်သုံးဆီများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သတ်မှတ်ထားသော စက်သုံးဆီစျေးနှုန်းနှင့် အရောင်းဆိုင်များလိပ်စာ ထုတ်ပြန်ကာ စက်သုံးဆီရောင်းချပေးနေပြီး ယင်းစျေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်း မရှိပါက ဆက်သွယ်တိုင်ကြားနိုင်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ထားသည့် စျေးနှုန်းများအရ တနင်္သာရီတိုင်းဒေသကြီးတွင် စက်သုံးဆီတစ်လီတာ စျေးနှုန်းများအနေဖြင့် Ron 92 ၁၁၇၇ ကျပ် ၊ရိုးရိုးဒီဇယ် ၁၁၅၇ ကျပ်၊ Premium ဒီဇယ် ၁၁၆၄ ကျပ်၊ရှမ်းပြည် နယ်တွင် Ron 92 ၁၁၇၇ ကျပ် ၊ရိုးရိုးဒီဇယ် ၁၁၆၇ ကျပ်၊ Premium ဒီဇယ် ၁၁၇၄ ကျပ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် Ron 92 ၁၁၇၂ ကျပ် ၊ရိုးရိုးဒီဇယ် ၁၁၅၂ ကျပ်၊ Premium ဒီဇယ် ၁၁၅၉ ကျပ်၊ရခိုင်ပြည်နယ်တွင် Ron 92 ၁၁၈၂ ကျပ်၊ရိုးရိုးဒီဇယ် ၁၁၇၂ ကျပ်၊ Premium ဒီဇယ် ၁၁၇၉ ကျပ်၊မွန်ပြည်နယ်တွင် Ron 92 ၁၁၇၂ ကျပ် ၊ရိုးရိုးဒီဇယ် ၁၁၆၂ ကျပ်၊ Premium ဒီဇယ် ၁၁၆၉ ကျပ်၊ မကွေးတိုင်းဒေသကြီးတွင် Ron 92 ၁၁၆၂ ကျပ် ၊ရိုးရိုးဒီဇယ် ၁၁၅၂ ကျပ်၊ Premium ဒီဇယ် ၁၁၅၉ကျပ်၊ ပဲခူးတိုင်းဒေသကြီးတွင် Ron 92 ၁၁၄၂ ကျပ် ၊ရိုးရိုးဒီဇယ် ၁၁၃၇ ကျပ်၊ Premium ဒီဇယ် ၁၁၄၄ ကျပ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် Ron 92 ၁၁၃၇ ကျပ် ၊ရိုးရိုးဒီဇယ် ၁၁၃၂ ကျပ်၊ Premium ဒီဇယ် ၁၁၃၉ ကျပ် တို့ဖြစ်သည်။ သို့သော် ရန်ကုန်- ပုသိမ်လမ်းမကြီးဘေးရှိ OK Petroleum ဆိုင်တွင် Ron 92 ၁၁၄၂ ကျပ်၊ ရိုးရိုးဒီဇယ် ၁၁၃၇ ကျပ်၊ Premium ဒီဇယ် ၁၁၄၄ ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် စက်သုံးဆီတန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျှက်ရှိကြောင်း သိရသည်။

Most Read

Most Recent