ထိုင်းဘတ်ငွေစျေး ရုတ်တရက် ခုန်တက်သွား၍ မြဝတီမြို့တွင် မြန်မာကျပ်ငွေ လက်ဝယ်ရှိသူများ သိန်းနှင့်ချီ အရှုံးပေါ်ဟုဆို

ထိုင်းဘတ်ငွေစျေး ရုတ်တရက် ခုန်တက်သွား၍ မြဝတီမြို့တွင် မြန်မာကျပ်ငွေ လက်ဝယ်ရှိသူများ သိန်းနှင့်ချီ အရှုံးပေါ်ဟုဆို
မြဝတီမြို့ရှိ မြန်မာ-ထို်င်း နယ်စပ်ဂိတ်ကို တွေ့ရစဉ်
မြဝတီမြို့ရှိ မြန်မာ-ထို်င်း နယ်စပ်ဂိတ်ကို တွေ့ရစဉ်
Published 29 September 2021
ကိုရွှေသိန်း (မြဝတီ)

မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ နှစ်မျိုးလုံးဖြင့် ရောင်းဝယ်မှု ပြုလုပ်သော မြဝတီမြို့တွင် စက်တင်ဘာ ၂၈ ရက်က ထိုင်းဘတ်ငွေစျေး ရုတ်တရက် ခုန်တက်သွား၍ မြန်မာကျပ်ငွေ လက်ဝယ်ရှိသူများ သိန်းရာဂဏန်းအထိ အရှုံးပေါ်ကြောင်း သိရသည်။

မြဝတီမြို့ ငွေကြေးစျေးကွက်တွင် စက်တင်ဘာ ၂၇ ရက်က မြန်မာငွေကျပ် တစ်သိန်းလျှင် ဘတ် (၁၆၃၀/၁၆၄၀) ပေါက်စျေးရှိခဲ့ရာမှ စက်တင်ဘာ ၂၈ ရက်တွင် ကျပ်တစ်သိန်းလျှင် (၁၄၈၀/၁၅၀၀) ဘတ်အထိ ဘတ်ငွေစျေး မြင့်တက်သွားခဲ့သည်။

“ငွေအလဲအလှယ် အရောင်းအဝယ် လုပ်သူတွေက သိန်းထောင်နဲ့ချီပြီး အရောင်းအဝယ် လုပ်ကြတာပါ။ မနေ့က ကျပ်ငွေ သိန်းတစ်ထောင်လောက် လက်ထဲမှာ ကိုင်ထားမိရင်တော့ ကနေ့မှာ သိန်းတစ်ရာလောက်တော့ ရှုံးသွားတာပဲ။ မြန်မာငွေစျေးကျလေ ကျွန်တော်တို့တွေ ဒုက္ခဖြစ်လေပါပဲ”ဟု မြဝတီမြို့မှ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

ဒေါ်လာစျေးနှင့်အပြိုင် ထိုင်းဘတ်ငွေ စံချိန်တင် မြင့်တက်လာသည့်အတွက် ဘတ်ငွေဖြင့်သာ ဝယ်ယူ တင်သွင်းရသော ထိုင်းကုန်စည် တင်သွင်းသည့် ကုန်သည်အချို့လည်း ကုန်သွယ်မှုလုပ်ငန်း ရပ်ဆိုင်းထားရသည်ဟု သိရသည်။

ထိုင်းကုန်ပစ္စည်းများမှာ ထိုင်းဘတ်ငွေဖြင့် ဝယ်ယူလျှင် စျေးနှုန်းအပြောင်းအလဲ မရှိသော်လည်း မြန်မာကျပ်ငွေဖြင့် လဲလှယ် ဝယ်ယူရသောအခါ ဘတ် ၁၀၀၀၀ ဖိုး ဝယ်ယူတိုင်း ယခင်လကထက် ကျပ် ၁၆၀၀၀၀ ခန့် အလိုက်ပေး ဝယ်ယူရသည်။

ထိုင်းနိုင်ငံ ထုတ်ကုန်များသာ အဓိကထား စားသုံးနေကြသော မြဝတီမြို့ စားသုံးမှု စျေးကွက်တွင်လည်း အခြေခံစားကုန် ဟင်းသီးဟင်းရွက်၊ သားငါး၊ ဆီ၊ အချိုမှုန့်၊ အချိုရည်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်များလည်း စျေးမြင့်တက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent