ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ထားသည့် အမှုနှင့်ပတ်သက်၍ ၎င်းတို့တွင် အပြစ်မရှိဟု သမ္မတ၊ အတိုင်ပင်ခံနှင့် ဒေါက်တာ မျိုးအောင်တို့ ထွက်ဆိုကြောင်း ၎င်းတို့၏ရှေ့နေ ပြောကြား

ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ထားသည့် အမှုနှင့်ပတ်သက်၍ ၎င်းတို့တွင် အပြစ်မရှိဟု သမ္မတ၊ အတိုင်ပင်ခံနှင့် ဒေါက်တာ မျိုးအောင်တို့ ထွက်ဆိုကြောင်း ၎င်းတို့၏ရှေ့နေ ပြောကြား
Published 28 September 2021
အောင်မင်းသိန်း

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ထားသည့် အမှုနှင့်ပတ်သက်၍ ရုုံးတော်က အပြစ် ရှိ၊ မရှိ မေးမြန်းမှုကို သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့က ၎င်းတို့အနေဖြင့် ကျူးလွန်ခဲ့ခြင်း မရှိသည့်အတွက် အပြစ်မရှိဟု ထွက်ဆိုခဲ့ကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

စက်တင်ဘာ ၂၈ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ နေပြည်တော်ကောင်စီ ဝန်းအတွင်းရှိ သီးသန့် တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ခြင်း ခံထားရသည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်တို့ကို ရုံးထုတ် စစ်ဆေးခဲ့သည်။

“ ၅၀၅ (ခ) နဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ ပြန်ခေါ်ထားတဲ့ သက်သေ နှစ်ဦးကို စစ်တယ်။ စစ်ပြီးတဲ့ အခါကျတော့ ပြန်ခေါ်ထားတဲ့ သက်သေ နှစ်ဦးကို တရားလိုပြသက်သေ တစ်ဦးရယ်၊ တရားလိုရယ်ကို စစ်တဲ့အခါမှာ စစ်ပြီးသွားတော့ မေးတယ်။ ရုံးတော်ကနေပြီးတော့ တစ်ဦးစီကို အပြစ်ရှိလား၊ မရှိလား မေးတော့ မရှိဘူးလို့ ပြောတယ်။ ဘာကြောင့် မရှိတာလဲလို့ မေးတော့ မကျူးလွန်လို့ မရှိတာလို့ပဲ ပြောတယ်” ဟု တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံနှင့် ဒေါက်တာ မျိုးအောင်တို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)ဖြင့် စွဲချက်တင်ထားသည့် အမှုနှင့်ပတ်သက်၍ လာမည့်ရုံးချိန်း (အောက်တိုဘာ ၅ ရက်) တွင် သက်သေ တင်ပြရန်နှင့် CMP ( မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေး) ပြုလုပ်ရန်အတွက် ချိန်းဆိုထားကြောင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် ပတ်သက်၍လည်း အမှုစစ်ကို စစ်ဆေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက “နောက် အမေ့ကို စွဲထားတဲ့ သဘာဝဘေး အမှုအတွက်ကတော့ အမှုစစ်ကို စစ်တယ်။ တရားလိုပြသက်သေ တစ်ဦးကျန်တဲ့ လူကတော့ သူက ဆင့်စာ အတည်မဖြစ်ဘူး ဆိုပြီးတော့မှ သူ့ကို နောက်ရုံးချိန်းမှာ ပြန်စစ်ဖို့ ချိန်းလိုက်တယ်။ အင်္ဂါနေ့ကိုပဲ ချိန်းတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မည့်သည့် အကြောင်းအရာများကို ဆွေးနွေးဖြစ်ပါသလဲ ဆိုသည့် မေးမြန်းမှုကို “ ပြောဖြစ်ပါတယ်။ ဒါပေမယ့် အမှုအကြောင်းကို ပြောလို့ အချိန်မလောက်ဘူး။ အမှုတွေက များနေတော့၊ ဟိုအမှုတွေရော၊ ဒီအမှုတွေရောနဲ့ ဆိုတော့ အကုန်လုံးအတွက်က တွေ့ရတဲ့ အချိန်လေးမှာ ခဏပြောရတာဆိုတော့ အမှုအကြောင်းပဲ ပြောဖြစ်တယ်။ အမေက ကျန်းမာတယ်။ ကျန်းကျန်းမာမာ ရှိတယ်၊ သုံးဦးလုံး ကျန်းမာပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြန်လည် ဖြေကြားသည်။

သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ အပတ်စဉ် တနင်္လာနေ့တွင် ရုံးထုတ် စစ်ဆေးလျက်ရှိပြီး သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅ ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ အပတ်စဉ် အင်္ဂါနေ့တွင် ရုံးထုတ် စစ်ဆေးလျက် ရှိသည်။

Most Read

Most Recent