(၁)
နယ်ရုပ်ကလေးတွေကို လေးရုပ်စီတန်းပြီး လှေကားထစ်လို စီလိုက်တယ်။ တစ်ဘက်ကလည်း အတူတူစီလိုက်တယ်။ ကစားခုံအလယ်မှာ အနီရောင်နယ်ကလေးနဲ့ အနက်ရောင်နယ်နယ်ကလေး နှစ်ရုပ်တစောင်းဆိုင်ပြီး ပွဲမစခင်ကတည်းက စတိုက်နေကြပြီ။ နယ်ရုပ်ကလေးတွေရဲ့နောက်ဖက် ကိုယ့်ပိုင်နက်တွေမှာ ကိုယ့်ပါ၀ါကောင်တွေကို စိတ်ကြိုက်နေရာချနေကြတယ်။ ဒါ မြန်မာစစ်တုရင်။
ဟိုးရှေးရှေးတုန်းကတော့ အလယ်မှာ ကန့်လန့်ကာခြားထားပြီး အရုပ်တွေကို နေရာချထားကြတယ်။ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ကန့်လန့်ကာကိုဖယ်ပြီး အနီရုပ်က စရွှေ့တယ်။ နောက်ပိုင်းမှာတော့ အနီကစပြီး စီရတယ်။ တပ်တည်တယ်လို့ ခေါ်တယ်။ အနီဘက်က စီတာပြီးရင် အနက်က စီရတယ်။ နှစ်ဖက်စလုံး တပ်တည်ပြီးချိန်မှာ အနီကစရွှေ့ပြီး ပွဲစကစားတယ်။
နယ်တွေထဲက ကိုယ့်ရထားသွားချင်တဲ့ လမ်းကြောင်းပေါ်မှာရှိနေတဲ့ နယ်တွေကိုရှင်းပြီး လိုင်းဖွင့်တယ်။ ဒါကလည်း အလကားရှင်းလို့မရဘူး။ နယ်ကို လဲတန်လဲ၊ ကျွေးတန် ကျွေးရတယ် သေချာတာကတော့ စစ်တုရင် ခုံပေါ်မှာ အင်အားအကြီးဆုံးရထား သွားလိုရာသွားနိုင်ဖို့အရေး နယ်ကလေးတွေကို စတေးတာ။
အဲဒီနယ်ကလေးတွေ အသက်ရှည်မယ်၊ မသေဘူးဆိုရင် ဘာဖြစ်နိုင်သလဲတဲ့ မေးခွန်းတစ်ခုတက်လာတယ်။ ဘာမှမဖြစ်ဘူးဆိုရင် နည်းနည်းတော့ ပြင်းထန်ရာကျမယ်။ စစ်ကဲကြိုးလို့ခေါ်တဲ့ စစ်တုရင်ခုံရဲ့ ထောင့်ဖြတ်လိုင်းပေါ်ရောက်ရင် နယ်ဟာစစ်ကဲအဖြစ် ရာထူးတိုးခွင့်ရှိတယ်။ ဒါပေမဲ့ စစ်ကဲမရှိတော့မှ တိုးလို့ရတယ်။ စစ်တုရင်စကားနဲ့ပြောရင် စစ်ကဲတင်တယ်လို့ ဆိုတယ်။ စစ်တုရင်ခုံပေါ်မှာ စစ်ကဲရှိနေသမျှ ကာလပတ်လုံး ဘယ်နယ်မှ စစ်ကဲမဖြစ်နိုင်ဘူး။ ဒါမြန်မာစစ်တုရင်ရဲ့ သဘာဝကျတဲ့ စည်းကမ်း။
( ၂ )
အင်တာနေရှင်နယ်စစ်တုရင်ကျတော့ မြန်မာနဲ့ကွဲလွဲချက်တွေ ရှိတယ်။ ဒုတိယတန်းမှာ နယ်ရှစ်ရုပ်ကို တန်းစီထားတယ်။ ပထမတန်းက ပါ၀ါကောင်တွေကို နယ်ကလေးတွေက ရှေ့ကနေ အကာအကွယ်ပေးထားတာပေါ့။ ပထမဦးဆုံးရွှေ့ကွက်မှာ ရွှေ့နိုင်တာက နယ်ရှစ်ရုပ်နဲ့ မြင်းနှစ်ကောင်သာ။ ဒါပေမဲ့ အများအားဖြင့် နယ်တွေကိုပဲ စရွှေ့ကြတာများတယ်။ မြန်မာစစ်တုရင်မှာရော အင်တာနေရှင်နယ်စစ်တုရင်မှာပါ နယ်ကလေးတွေဟာ ရှေ့ပဲတက်ခွင့်ရှိတယ်၊ နောက်ပြန်ဆုတ်လို့ မရဘူး။ ဆိုလိုတာက ရွှေ့ပြီးရင် ပြန်ပြင်ဆင်ခွင့်မရှိတော့ဘူး။ ဒါကြောင့် နယ်ရွှေ့မယ်ဆိုရင် သတိထားလို့ ပြောတာ။
( ၃ )
အင်တာနေရှင်နယ်စစ်တုရင်မှာလည်း ရှေ့ပဲတက်ခွင့်ရှိတဲ့ နယ်ကလေးတွေအတွက် ဆုလာဘ်ရှိပါတယ်၊ စစ်တုရင်ခုံရဲ့ တစ်ဖက်စွန်းအထိရောက်အောင် ချီတက်နိုင်မယ် ဆိုရင်ပေါ့လေ။ ဘာဆုလာဘ်လည်းဆိုတော့ နယ်ကလေးဘဝကနေ နှစ်သက်ရာ ပါ၀ါကောင်အဖြစ် အဆင့်တိုးမြှင့်ခွင့် ပေးထားတာ။ ဘုရင်ကလွဲလို့ ကြိုက်ရာယူလို့ ရတယ်။ (နိုင်ငံတစ်နိုင်ငံမှာ ဘုရင်ဟာတစ်ပါးပဲ ရှိရမယ်)။ နယ်ရှစ်ရုပ်စလုံး ရောက်သွားရင် ရှစ်ရုပ်စလုံးရာထူးတိုးမယ်။ အခြေအနေပေါ်မူတည်ပြီး တခြားပါ၀ါကောင်တွေဖြစ်တဲ့ မြင်းတို့၊ ဘစ်ရှော့တို့၊ ရထားတို့ ယူတာရှိတတ်ကြပေမဲ့ အများအားဖြင့်တော့ ဘုရင်မယူကြတယ်။ အင်္ဂလိပ်လို Queen လို့ ရေးတာကို စစ်တုရင်မှာ မိဖုရားဆိုပြီး သုံးစွဲတာ ကြိုက်သူတွေ ရှိသလို ဘုရင်မစာလုံးက ပိုပြီးသင့်တော်တယ် ယူဆသူတွေလည်း မနည်းမနောရှိတယ်။ (ဒီနေရာမှာ မဆီမဆိုင် ငယ်ငယ်တုန်းက မြန်မာ့ရိုးရာဟာသပုံပြင်များထဲမှာ ဖတ်ဖူးခဲ့တဲ့ ငါ့ဖာသာ ယပင့်နဲ့ကျောင်းကျောင်း၊ ရရစ်နဲ့ကြောင်းကြောင်း ဘယ်သူတောင်းစားကမှ ဇရပ်လို့ မဖတ်ဘူးဆိုတာလေး သတိရမိတယ်)။ ဘာစာလုံးပဲသုံးသုံး နယ်ကလေး အတွက်တော့ အိပ်မက်ကြီးတစ်ခုပေါ့။
(၄)
အိပ်မက်တွေဟာ မပေါဘူးတဲ့။ အိပ်မက်တွေဟာ စျေးကြီးတယ်တဲ့။ အိပ်မက်ကြီးလေလေ တန်ဖိုးကြီးလေလေ ရဖို့ခက်လေလေမို့ ပိုပြီးအားထုတ်ရတယ်တဲ့။ ကြည့်တော့သာ နယ်ကလေး ခြေလှမ်းလှမ်းရမှာ စတုရန်းခြောက်ကွက်သာလို့ ဆိုတာ၊ ပြောင်ရှင်းနေတဲ့လိုင်းမှာ သွားရတက်ရတာ မဟုတ်တဲ့အခါ မလွယ်တာကို တွေ့ရတယ်။ လွယ်လွယ် မလွယ်လွယ် ဘာပဲဖြစ်ဖြစ်ပါ နယ်တစ်ရုပ်အသာဟာ စစ်တုရင်တစ်ပွဲနိုင်ဖို့ လုံလောက်တယ်လို့ ဆိုပါတယ်။ အဲဒီမှာတင် စီစီစစ်စစ်နဲ့ ဖြစ်ညှစ်ပြီး နယ်အသာရဖို့ ကြိုးစားသူတွေ ရှိလာတယ်။
အစားကြူးရင် အရိုးစူးတတ်တယ်လို့ ဆိုတယ်။ အစားငမ်းသူတွေဟာ အဆိပ်ခပ်ခံရဖို့ ပိုနီးစပ်တယ်။ အင်္ဂလိပ်လို Poisoned Pawn လို့ နာမည်ပေးထားတဲ့ အဆိပ်လူးနယ် စစ်တုရင်ကွက်ဟာ နာမည်နဲ့လိုက်ဖက်စွာ စားမိသူကို ဒုက္ခရောက်စေတယ်။ ဒါပေမဲ့လည်း စားမှာပဲစားမှာပဲဆိုတဲ့ နယ်ကလေးတွေကို လိုက်လိုက်စားတတ်တဲ့ နယ်စားကြီးတွေလည်း ရှိနေတတ်တော့ နယ်ကျွေးကစားတဲ့ခေတ်ဟာ ဘယ်တော့မှ မကုန်သလိုပါ။
(၅)
နယ်ကျွေးကစားတယ်ဆိုတော့ တခြားပါ၀ါကောင်တွေကိုရော မကျွေးဘူးလားဆိုရင် သိပ်သေချာတဲ့အခါ ကျွေးပါတယ်လို့ ဖြေရမယ်ထင်ရဲ့။ အနိုင်ရဖို့သေချာတဲ့ အသာစီးရမှုအတွက်၊ တစ်ဘက်ဘုရင်ကို အသေသတ်ကွက်အတွက် ပါ၀ါကောင်တွေကို စတေးတယ်။ လိုအပ်ရင် ဘုရင်မကြီးလည်း ကျွေးတယ်။
အဲဒီလို စတေးကွက်ကြီးကြီးမားမားတွေကို ပွဲစစချင်းမှာ မလုပ်တာတော့ သေချာတယ်။ အနေအထားအသာရဖို့စတေးကွက် (Positional Sacrifice) ကို ထိပ်တန်းဂရင်း မာစတာတွေထဲမှာတောင်မှ လုပ်ကြသူ မများလှဘူး။ အသေသတ်ဖို့ သေချာတဲ့ ပေါင်းစပ်တိုက်ခြင်းစတေးကွက် (Combinational Sacrifice) တွေ လုပ်တာ များတယ်။ သိသာထင်ရှားတဲ့ အင်အားအသာရဖို့ စတေးပြီး တိုက်တာလည်း ဒီအထဲမှာ အကျုံးဝင်တယ်။
( ၆ )
ပွဲစစချင်း စတေးပြီး အသာစီးရဖို့ ကြိုးစားကြချိန်မှာ ရှေ့ဆုံးက အသက်ပေးရတာ နယ်ကလေးတွေပါပဲ။ ဂမ်းဘစ် (Gambit) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အဖွင့်ပိုင်းနည်းစနစ်တွေ၊ လိုင်းခွဲတွေ အများကြီးရှိတယ်။ စတင် ဖော်ထုတ်လာချိန်ကစပြီး ဒီနေ့အထိ ကစားနေကြတာ အများကြီးရှိတယ်။ စစ်ဦးဘီလူးဆိုသလို စတာနဲ့ နယ်ကလေးတွေ ဆက်တိုက်ကျွေးပြီး ထိုးစစ်ဆင်တဲ့ ဒင်းနစ်ဂမ်းဘစ် (Danish Gambit) ၊ ဘုရင်ဘက်ခြမ်း ဘစ်ရှော့ရှေ့ကနယ်ကို စတေးပြီးတိုက်တဲ့ ကင်းဂမ်းဘစ် (King’s Gambit) စတဲ့ အဖွင့်ပိုင်းတွေဟာ တိုက်စစ်အဓိက ကစားသမားတွေ အဖြူရုပ်ကိုင်ပြီး စတင်ခွင့်ရချိန်မှာ ရွှေ့တတ်တဲ့ အဖွင့်တွေပေါ့။ အနက်က ကောင်းကောင်းခုခံနိုင်ရင်တော့ ရလဒ်ဟာ ပြောင်းပြန်ဖြစ်သွားနိုင်တာကြောင့် ထိပ်တန်းဂရင်းမာစတာတွေ ကစားကြတဲ့ပွဲတွေမှာ သိပ်ပြီးသုံးလေ့မရှိတော့ပါဘူး။ ဒါတောင် လျှပ်တပြက်စစ်တုရင်ပွဲတွေမှာ အလစ်အငိုက် သုံးတတ်တဲ့ စူပါဂရင်းမာစတာတွေ ရှိသေးတယ်။ အဲဒီထဲမှာ အအောင်မြင်ဆုံး စူပါဂရင်းမာစတာကတော့ အမေရိကန်က နာကာမူရာ (Hikaru Nakamura) ဖြစ်ပါတယ်။
( ၇ )
ကင်းဂမ်းဘစ်ဖွင့်ပြီး အောင်အောင်မြင်မြင်နဲ့ ဂန္ထဝင်မြောက်ထိုးစစ်ဆင်ကစားပြခဲ့သူက အန်ဒါဆင် (Adolf Anderssen) ပါ။ ၁၈၅၁ ဇွန်လ ၂၁ ရက်နေ့က လန်ဒန်မှာ ကီဆာရစ်စကီး (Lionel Kieseritzky) ကို ဘုရင်မ၊ ရထားနှစ်လုံး၊ ဘစ်ရှော့တစ်ရုပ် စတေးပြီး လှပစွာအသေသတ်ခဲ့တယ်။ ပွဲပြီးချိန် ကီဆာရစ်စကီးဘက်မှာ ပါ၀ါကောင်တွေ တစ်ကောင်မှ မလျော့ပဲ အပြည့်အစုံ ကျန်ရှိနေသေးတယ်။ ဒီပွဲကို စစ်တုရင်သမိုင်းမှာ ထာဝရရှင်သန်သတိရနေမယ့် Immortal Game ဆိုပြီး မှတ်တမ်းတင်ခဲ့တယ်။
(၈)
အဖြူသမားက ပထမဦးဆုံးစပြီး ရွှေ့ကစားခွင့်ရတာကို အခွင့်အရေးယူ တိုက်စစ်ဆင်ကစားနိုင်တာကြောင့် ဂမ်းဘစ်အဖွင့်တွေအများစုဟာ အဖြူဘက်ကကစားတာတွေ ဖြစ်နေတယ်။ ဒါဆို အနက်ဘက်ကရော မရှိဘူးလားလို့ မေးခွန်းပေါ်ပေါက်လာပါတယ်။ ရှိပါတယ်။ ဂမ်းဘစ်ဆိုတဲ့ စကားလုံးသုံးစွဲတာရော မသုံးစွဲတာရော ရှိပါတယ်။ အနက်ကနေ ကစားတဲ့လိုင်းထဲမှာ ဂမ်းဘစ်ဆိုတဲ့ စကားလုံးပါဝင်တာ နမူနာပြရရင် အဖြူရဲ့ဘုရင်မနယ်စစ်အဖွင့်ကို တုန့်ပြန်ရာမှာ နာမည်ကြီး ခံစစ်တစ်ခုဖြစ်တဲ့ ဘင်နိုနီခံစစ် (Benoni Defence) ရဲ့ အနက်ရွှေ့ကွက်အမှတ် ၃ မှာ နယ်စတေးတဲ့ ဘင်ကိုဂမ်းဘစ် (Benko Gambit) ရှိပါတယ်။ ဗော်လဂါဂမ်းဘစ် (Volga Gambit) လို့လည်း ခေါ်တယ်။
ထင်ရှားတဲ့ အဖွင့်တစ်ခုဖြစ်တဲ့ ရွိုင်လိုပက် (Roy Lopez) အနက်က နယ်စတေးပြီး တုန့်ပြန်တိုက်ခိုက်တဲ့ လိုင်းခွဲတစ်ခုဖြစ်တဲ့ မာရှယ် (Marshall) ကို စူပါဂရင်းမာစတာတွေ နှစ်သက်စွာ ကစားကြတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာတော့ ၁၉၇၀ စုနှစ်တွေက (ဦး) အောင်သွင်က အမျိုးသားတံခွန်စိုက်အဆင့်အထိ အောင်အောင်မြင်မြင် ကစားပြခဲ့တာကြောင့် မာရှယ်အောင်သွင်ဆိုပြီး နာမည်ကြီးခဲ့တယ်။
( ၉ )
နယ်စတေးတာနဲ့ စတင်ခဲ့တဲ့ စစ်တုရင်ပွဲတွေရဲ့အဆုံးမှာ ပါ၀ါကောင်တွေက ဝင့်ကြွားစွာ အောင်ပွဲခံပြကြတယ်။ သေတဲ့အထိ ရွှေ့သွားတဲ့ စစ်တုရင်ပွဲတွေအများစုရဲ့ အဆုံးသတ်ပုံစံတွေက လှပတယ်။ သတ်ကောင် အများစုဟာ ပါ၀ါကောင်တွေပေါ့။ တွေ့မြင်ရတဲ့ စစ်တုရင်သမားတွေ၊ ၀ါသနာရှင်တွေက ရင်သပ်ရှုမော ချီးကျူးကြတယ်။
နယ်ကလေးချက်လို့ သေတဲ့ဘုရင် ရှိသလားလို့ မေးလာရင်တော့ ရှိတယ် ရှားတယ်လို့ပဲ ဖြေရလိမ့်မယ်။ ကစားကွက် အခြေအနေက ဖန်တီးလာရင်တောင်မှ ကစားသမားက ဖြစ်လာမယ့်အနေအထားကို တွက်ဆမိရင် ပွဲဆုံးအောင် မရွှေ့တော့ပဲ အရှုံးပေးတတ်တယ်။ နယ်သတ်လို့သေရမှာ သိက္ခာကျတယ်များ ထင်သလားလေ။
( ၁၀ )
ဘာပဲဖြစ်ဖြစ်ပါလေ စစ်တုရင်ပွဲတွေမှာ နယ်လေးတွေကတော့ နောက်မဆုတ်တမ်း တက်နေကြမှာပါပဲ။ ပွဲအဆုံးကို မမြင်ရပေမဲ့ စတေးမယ်ဆိုလည်း ခံကြရတာပါပဲ။
ပွဲအစမှာ
ဘဝကဆုံးခဲ့တယ်
စတေးခံနယ်ကလေးပါကွယ်
(ကိုကျေး)
နယ်ရုပ်ကလေးတွေဟာ နယ်ရုပ်က လေးတွေသာမို့ ပါ၀ါကောင်ဘဝမကူးခင်မှာ နယ်အလုပ်လုပ်နေရဦးမှာ။