၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာသည့် အစိုးရလက်ထက်တွင် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အခြားကဏ္ဍများ၌ တပ်မတော်က ဖြစ်သင့်ဖြစ်ထိုက်သည်များကို အကြံပြု ထောက်ပြခဲ့သော်လည်း စစ်ဘက်အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာသည့် အစိုးရလက်ထက်တွင် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အခြားကဏ္ဍများ၌ တပ်မတော်က ဖြစ်သင့်ဖြစ်ထိုက်သည်များကို အကြံပြု ထောက်ပြခဲ့သော်လည်း စစ်ဘက်အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
Published 20 September 2021

၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာသည့် အစိုးရလက်ထက် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အခြားကဏ္ဍများ၌ တပ်မတော်က ဖြစ်သင့်ဖြစ်ထိုက်သည်များကို အကြံပြု ထောက်ပြခဲ့သော်လည်း စစ်ဘက်အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက  ရှမ်းပြည်နယ် လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူုးကြီး မင်းအောင်လှိုင်က ထိုသို့ထည့်သွင်း ပြောကြားသည်။

တပ်မတော်အနေဖြင့် ၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရ ပထမသက်တမ်း ကာလကတည်းကပင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူအကျိုးပြု လုပ်ငန်းများကိုသာ ဦးစားပေး လုပ်ဆောင်ခဲ့ကြောင်း၊ တိုင်းပြည်တိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို အစိုးရနှင့် အတွဲညီညီ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ဒီမိုကရေစီအစိုးရသစ် တစ်ရပ် တက်လာခဲ့ပြီး ငါးနှစ်တာ အုပ်ချုပ်ခဲ့ကာ စီမံခန့်ခွဲရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အခြားကဏ္ဍများ၌ တပ်မတော်မှ ဖြစ်သင့်ဖြစ်ထိုက်သည်များကို အကြံပြု ထောက်ပြခဲ့သော်လည်း စစ်ဘက်အရပ်ဘက် ပူးပေါင်း ဆောင်ရွက်မှု အားနည်းခဲ့ကြောင်း၊ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် သိရှိပြီး ဖြစ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲစာရင်းကြီးမားစွာ မှားယွင်းမှုများကို စိစစ်တွေ့ရှိရပြီး နိုင်ငံရေးအရ အရေးပေါ်ကြေညာ တာဝန်ယူခဲ့ရခြင်း ဖြစ်သဖြင့် အခြေခံဥပဒေအတိုင်းသာ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူလူထု တစ်ရပ်လုံး ဆန္ဒမဲပေး၍ အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ခုနှစ်ပါ ဥပဒေပြဋ္ဌာန်းချက်များကို လေးစား လိုက်နာရမည် ဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် လိုအပ်ချက်၊ အားနည်းချက်များ ရှိကောင်းရှိမည် ဖြစ်သော်လည်း တိုင်းပြည်နှင့် ပြည်သူကို အကာအကွယ်ပေးထားသည့် ကောင်းမွန်သည့် အချက်များစွာလည်း ပါရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး  ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရပြီး နောက်ပိုင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ ရှေ့လုပ်ငန်းစဉ် ငါးရပ်၊ ဦးတည်ချက ်ကိုးရပ်ကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသားရေးအရ လုပ်ဆောင်ရမည့် အချက် တစ်ချက်နှင့် နိုင်ငံရေးအရ လုပ်ဆောင်ရမည့် အချက် နှစ်ချက်ရှိကြောင်း၊ အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်ရမည့် လုပ်ငန်းမှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ဖြစ်ကြောင်း၊ နိုင်ငံရေးအရ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် နှစ်ခုမှာ စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ကြောင်း၊ အထက်ပါအချက် သုံးချက်ကို တို့တာဝန်အရေးသုံးပါး ကဲ့သို့ပင် ခံယူဆောင်ရွက်လျက်ရှိကြောင်း၊  မိမိတို့နိုင်ငံသည် ပြည်မကို ဗဟိုပြု၍ တိုင်းရင်းသား ဒေသများဖြင့် ပေါင်းစည်းထားသည့် ပြည်ထောင်စုနိုင်ငံ တစ်ခုဖြစ်ကြောင်း၊ ဘာသာရေးအရ၊ တိုင်းရင်းသားရေးအရ အယူအဆကွဲလွဲမှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် အုပ်ချုပ်မှုပုံစံမျိုးကို ကျင့်သုံးနိုင်ရေး ကြိုးပမ်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

ထို့အတူ နိုင်ငံတော်ကို အုပ်ချုပ်ရာတွင် တစ်ဗိုလ်တစ်မင်း ဖြစ်နေ၍မရနိုင်ဘဲ မှန်ကန်သည့် အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှုရှိရမည် ဖြစ်သဖြင့် ခိုင်မာသည့် အဖွဲ့အစည်း၊ ပါတီတို့ ပူးပေါင်းဆောင်ရွက်မှသာလျှင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ တပ်မတော်၏ အဓိက တာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန် ဖြစ်သဖြင့် စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသသည် တိုင်းရင်းသားလူမျိုးစုများ အဓိက နေထိုင်သည် ဖြစ်သဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့် ဒေသတွင်း ဖြစ်ပေါ်သည့် အခက်အခဲများကို တိုင်းရင်းသားများနှင့်အတူ အေးအတူပူအမျှ လုပ်ဆောင်၍ လက်တွဲဖြေရှင်းကြရမည် ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ စီမံခန့်ခွဲမှု ကောင်းစွာဖြင့် မိမိအလုပ်ကို စေတနာထား၍ မှန်မှန် ကန်ကန်ဖြင့် လုပ်ဆောင်မည်ဆိုပါက ကောင်းမွန်သည့် အကျိုးအမြတ်များ ရရှိနိုင်မည် ဖြစ်ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို တတ်စွမ်းသရွေ့ ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent