ဈေးဗန်းပေါ် တင်ရောင်းမိမှာစိုးလို့ ရေးလိုက်ရတယ် (တကယ် မပျော်ဘူး)

ဈေးဗန်းပေါ် တင်ရောင်းမိမှာစိုးလို့ ရေးလိုက်ရတယ် (တကယ် မပျော်ဘူး)
Photo: Blue Thumb
Photo: Blue Thumb
Published 20 September 2021
နိုလှိုင်း

(၁)

နောင်တစ်နေ့ကျရင် ဒီနေ့ရက်စွဲကို အမှတ်ရပြီး သတိတရ ပြန်ဆွနေကြဦးမလားလို့ တွေးကြည့်နေမိတယ်။ နှစ်တစ်ပတ်လည်ပြီးတိုင်းမှာ ဒီနေ့ဟာကြယ်လိုအရောင်ထွက် ထူးထူးခြားခြား တောက်ပနေဦးမလားရယ်လို့လည်း မက်မက်စက်စက် စိတ်ကူးယဉ်နေမိတာ၊ ရှာလို့တောင် မလွယ်ကူခဲ့ပါဘူး။ ဒီနေ့ဟာလည်း တခြားနေ့တွေနဲ့အတူ ရောထွေးကျန်ရစ်သွားမှာပဲ ဆိုပါတော့။ ဒီနေ့ဟာလည်း ထပ်ရောက်လာမယ့် မနက်ဖြန်နဲ့အတူ။ နောက်တစ်နေ့နဲ့ အတူတူ။ နောက်တစ်နှစ်ရဲ့ ရွက်စုတ်ပြက္ခဒိန် ရက်စွဲတစ်ခုနဲ့သာ သံတူကြောင်းကွဲ တူနေလိမ့်မှာပါပဲ။ ကံတရားအတူတူ။ ပြုမူကြံစည်ခဲ့သမျှ အကျိုးပေးအတူတူ။ ထူးမခြားနား အကြောင်းအရာတွေနဲ့၊ ထူးမခြားနား လှုပ်ရှားသွားလာမှုနဲ့၊ ထူးမခြားနားဇာတ်လမ်းနဲ့သာ ရောထွေးသွားတော့မှာပေါ့။ သိပ်မကြာခင်မှာ အားလုံးဟာဒီနေ့ကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပဲ မဟုတ်လား။ ဒီနေ့ရဲ့ စိတ်အားတက်ကြွနေမှုတွေဟာ သဲထဲရေသွန်၊ ရယ်စရာ ပြက်လုံးတစ်ခုသာသာ။ မျှော်လင့်ချက်ဆိုတာဟာ ရေပွက်ပမာ ခဏတာလောက်ပါပဲတဲ့။ လူကျပ်ကျပ် စျေးလမ်းပေါ် တိုးဝှေ့တွန်းထိုးရင်း ကြားမိလိုက်တယ်။ ကြာလာတာနဲ့အမျှ တကယ့်ဘဝကို သတိရသွားကြမယ်။ လက်တွေကိုလှုပ်မှ ပါးစပ်တစ်ပေါက်လုံးကိုလိုသလို လှုပ်နိုင်မယ့်အဖြစ်ကို ရိပ်မိကြမယ်။ လှုပ်မရ၊ ပြုမရ အသက်ကို ထုပ်ပိုးနိုင်ဖို့ ဖက်ရွက်တွေ ထွက်ခူးရလိမ့်မယ်ပေါ့။ နောက်ပိုင်းကျရင် ဘာတွေပဲ ဖြစ်လာပါစေ အခုလတ်တလောမှာတော့ ကြောက်စိတ်ကို သူငယ်အိမ်နဲ့ သရုပ်ဆောင်နေရတယ်တဲ့။ ဘယ်မှမရောက်တဲ့လမ်းကို အရေးတကြီးဖြတ်သန်းမိနေတာ။ မနက်ဖြန်တိုင်းမှာ မျက်လုံးအသေ၊ ကျိုးကြောင်းစီစဉ်နိုင်စွမ်းအသေ၊ လှိုက်ဖိုနေတဲ့ ရင်ဘတ်တစ်စုံနဲ့သာ။ ဆာလောင်နေတဲ့ ငတ်မွတ်မှုနဲ့ပဲ အဖြစ်အပျက်တိုင်းကို ကျော်ကြည့်နေရသေးတယ်။ “တစ်ခါတစ်ခါလည်း ညီမတွေးမိတယ် သိလား” ရယ်လို့ ဝတ္ထုထဲက ရိုးအတဲ့ ဇာတ်လိုက်မင်းသမီးလေးလို သနားကရုဏာသက်စရာလေး ဆိုချင်မိပါသေးရဲ့။ တကယ်ရော မျှော်လင့်စရာ ကျန်ဦးမလားလို့ပါ။ အဲဒါကိုတောင်မှ ဒီနေ့ကိုတေးမှတ်ထားချင်ကြတာ အံ့သြစရာကောင်းမလားတော့ မသိနိုင်ဘူး။ နောက်နှစ်တွေကျရင် “ကဲ၊ ကျုပ်မပြောဘူးလား။ တွေ့တယ်မဟုတ် လား။ အဲဒါတွေမြင်လို့ ဒီနေ့ကို မှတ်မှတ်ရရ ရေးမှတ်ထားခဲ့သေးတယ်” ရယ်လို့ ပြောလို့ရအောင် တစ်နေရာရာမှာ ထုံးတို့ထားလိုက်မိတယ်။ ဒီနေ့အတွက်တော့ စိတ်ကျေနပ်စရာ ဖျော်ဖြေရေးတစ်ခုမျှပါပဲ။ နောက်မှသာ လူတွင်ကျယ်လုပ်လိုမှုဟာ ရယ်စရာဖြစ်လာလိမ့်မှာ။ တကယ်က ပြန်အမှတ်ရစရာ ဘာတစ်ခုမှ ရှိမနေခဲ့ပြန်ပါဘူး။ စိတ်ကူးယဉ်ဆန်တဲ့ မရေမရာ လေလုံးကြီးမှုလောက်သာ လေထဲပျံ့နှံ့နေခဲ့မယ်။ အဆိုးမြင်ဆန်ဆန် ဘာတစ်ခုမှ ဖြစ်မလာနိုင်ဘူးလို့သာ မှတ်ချက်ချ၊ အိပ်ပျော်အောင် အိပ်ကြည့်နေမိတယ်။ ဇာတ်ခုံပေါ်မှာတော့ တစ်ယောက်ပြီး တစ်ယောက် ရောယောင်ယိမ်းနွဲ့လို့။ မောင်ဘမောင်ဟာ အညာသားဟန်နဲ့ လမ်းလျှောက်နေပုံကို စာအုပ်မျက်နှာဖုံးမှာ တွေ့လိုက်ရကတည်းက အကြွားပိုတော့မယ်ဆိုတာ ဒီကောင်က သိနေခဲ့ပြီ။

ငါတို့ကိုယ်နှိုက်က တချို့ကိစ္စတွေကို နားမလည်ခဲ့ပါဘူး။ တစ်ခါတစ်ခါ စျေးဝယ်စင်တာတွေရောက်လို့ နာမည်ကြီးတံဆိပ်တွေ ဒစ်စကောင့်ချတဲ့အခါ လူတွေဘာကြောင့် အလုအယက်ဝယ်နေကြလဲဆိုတာကို နားမလည်သလိုမျိုးပဲ။ အကျႌတစ်ထည်ကို ဘာလို့များသိန်းကျော်ပေးပြီး ဝတ်နေတယ်ဆိုတာက အစ၊ လက်လေးလုံးလောက်ရှိတဲ့ အသားတုံးကလေးတစ်တုံးကို ဘာလို့များ ပိုက်ဆံတွေအကုန်ခံ စားနေကြတာလဲဆိုတာကို အချိန်အကြာကြီး မေ့မေ့လျော့လျော့ စဉ်းစားနေမိတယ်။ အရာရာချွတ်ခြုံကျ၊ ဘာမှမရတဲ့ ဘဝဆိုပေမဲ့ အကြွေးရရင် ဘာမဆိုယူတယ်ဆိုပြီး ဘဝကိုမျောချလိုက်သလိုမျိုး အတွေးသက်သက်နဲ့ပဲ ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ ကြိုးစားနေမိတယ်။ ဒါပေမဲ့ အပြည့်အဝကြီးလည်း မြင်ခွင့်မရခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ်တောင် မျက်တောင်တစ်ဆုံးကုန်အောင် မမြင်တတ်ခဲ့၊ လက်ရှိအဖြစ်အပျက်တွေကိုလည်း အမှန်အတိုင်း မမြင်တတ်ခဲ့ပါဘူး။ လဆုတ်ရက်များမှာ တိမ်တွေဖုံးနေခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ ပျင်းရိငြီးငွေ့စရာကို ရှာဖွေတတ်လွန်းလို့ ဘာမှအရာမထင်တဲ့ နေ့တွေသာ တွေ့ကြုံနေရတော့တယ်။ တစ်ညတစ်ည လွယ်လွယ်လေးနဲ့ အိပ်လို့မပျော်ခဲ့ဘူးလို့သာ ရောယောင်ဆိုချင်မိတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချက်က မိုးရွာမယ်လို့ အိပ်မက်ကို စမက်တော့ တကယ့်အပြင်မှာ မိုးရေက တဖြောက်ဖြောက်နဲ့ သွပ်မိုးပေါ်ကျနေခဲ့ပြီ။ အာရုံက ထိလိုက်၊ သိလိုက်နဲ့ မပြတ်ရှုမှတ်ချင်စိတ်ဟာ ကျင့်သားမရဘူး ဖြစ်နေတာ။

(၂)

လမ်းဖြတ်ကူးမလိုလုပ်လိုက်မှပဲ ရုတ်တရက် ကားတွေပြိုင်ထွက်လာသလိုမျိုး မေ့ထားတဲ့အတိတ်ဟာ တဗွက်ဗွက် ထဆူနေလေရဲ့။ ကွေ့ကြောကနေ ဗင်ကားတွေ ကွေ့သွားတာကို ကြောင်ငေးနေရင်း မီးပွိုင့်ဟာ စိမ်းသွားခဲ့သလို အငိုက်မိပုံမျိုးနဲ့ မျက်နှာချင်းဆိုင်က ဆလွန်းကားတွေ အတန်းလိုက်ပြေးထွက်လာ။ အတိတ်ထဲ ကျွံကျနေမိပေါ့။ ရုတ်တရက် သတိထားမိတဲ့ အချိန်ရောက်တော့ မီးခိုးတွေအူနေခဲ့ပြီ။ ငါတို့ဟာ ဆယ်စုနှစ်တွေကိုလိုက်ပြီး အုပ်စုဖွဲ့နေတတ်ခဲ့တာပဲတဲ့။ အနူချင်းအတူတူ ဝဲစွဲရာတိုင်းနေသလိုမျိုး အတွေ့အကြုံဆိုတာကြီးကို တစ်ဖြတ်စီ၊ တစ်ကန့်စီ၊ တစ်ပိုင်းစီ ခွဲခြားပစ်လိုက်တာ။ ဘယ်သူဘယ်လောက် မှောင်မိုက်ခဲ့တယ်ဆိုတာကို ကြွားလုံးထုတ်၊ အလုအယက် ပြိုင်ဆိုင်နေရသလိုပါပဲ။ ငါတို့ဟာ ဘယ်ခေတ်မှာ ကြီးပြင်းလာခဲ့တယ်ဆိုတာကို အမှတ်အသားလုပ်ပြီး ဘဝပေးကို ဆုံးဖြတ်ကြမယ်။ ဘဝမှာ ဘယ်လို၊ ဘယ်လောက် ထစ်အခဲ့တယ်ဆိုတာကအစ ကိုယ်နဲ့ယှဉ်ပြီး တခြားတစ်ယောက်ကို အကဲဖြတ်လေ့ရှိကြမယ်ပေါ့။ ၁၉၈၀ ခုနစ်များ၊ ၁၉၉ဝကျော်က မအောင်မြင်တဲ့ သက္ကရာဇ်တွေ။ အဖေက ကလီနာဗင်။ ဒီဇယ်မှ ဒီဇယ်ဆိုတုန်းက ငါတို့မှာ အသက်လေး၊ ငါး၊ ဆယ်နှစ်။  မီးပွိုင့်မှာ ကားရပ်နေတုန်း လူကြီးတွေက အဲဒါဓာတ်ဆီကား၊ ဟိုဟာ ဒီဇယ်ကားဆိုပြီး ခွဲပြနေတာကို ငါ့မှာအံ့တွေသြလို့။ ငါက အခုအချိန်အထိ အဲဒီလိုမခွဲတတ်သေးပါဘူး။

ဒီကာလတွေကို နာကျည်းမှုအသီးသီး၊  ဒဏ်ရာအသီးသီးနဲ့သာ ခါးသီးမှုတွေကို ဖြတ်ကျော်နေရတာပါပဲပေါ့။ အရာရာကို တောသားကြီးတစ်ယောက်လို ထုံပေပေလိုက် ကြည့်နေရတာလည်း အရသာရှိသားပဲလို့ တစ်ယောက်က ပြောတယ်။ အထပ် ၂  ကော်ဖီဆိုင်ကနေ အောက်ကိုတအံ့တသြ ငုံ့ကြည့်နေသလိုမျိုးဖြစ်မှာပဲလို့ တွေးမိသွားတော့ ငါတို့ဟာအမြင့်ရောက်နေတယ်လို့ စိတ်ကြီးဝင်ပြီး တကယ်တမ်းကျ ဘယ်လောက်တုံးအခဲ့တယ်ဆိုတာကို သိလိုက်ရတယ်။ ငါတို့ဟာ လူအထင်ကြီးခံလိုမှုနဲ့ လူသိအောင် ထုတ်ဖော်ခဲ့။ လူထူရင် ကျွမ်းပြန်အောင် ထိုးပြခဲ့ပြီ မဟုတ်လား။ ငယ်ငယ်တုန်းက နွေရာသီ ရန်ကုန်မှာလာနေတော့ လမ်းလျှောက်ရင်း ဟိုဟိုဒီဒီ လက်ညှိုးလျှောက်ထိုးလို့တဲ့။ အစ်ကိုကလက်ညိုးတထိုးထိုး မလုပ်စမ်းပါနဲ့ကွာ။ ရှက်စရာကြီးလို့ပြောတာ အမှတ်ရနေမိပြန်တယ်။ တောသားရုပ်ရှင်ကြည့်တဲ့ပုံကို သိလားတဲ့။ လူကြီးတွေပြောတာ ကြားဖူးခဲ့တာ။ အပြင်မှာ ဘဝနဲ့ချီခံစားခဲ့သမျှ ရုပ်ရှင်ကြည့်ရင်း ကြေကွဲ၊ ဇာတ်လမ်းထဲ ရောယောင်ဝမ်းနည်းလို့။ ဘောလုံးပွဲရောက်မှ တစ်ခေတ်လုံးကို အော်ဆဲလို့ရတော့တယ်ဆိုတဲ့ စိတ်ဖြေမှုမျိုးနဲ့သာ။ ခေတ်ဟာ ကျော်ဟိန်းက ဗီလိန်နေရာဝင်ရိုက်တော့လည်း ကျော်ဟိန်းပဲ အားပေးမယ်ဆိုတာမျိုး၊ ပုဂ္ဂိုလ်မင်စိတ်မှာ တရားရလို့။ ပညာတတ်မြောက်မှုနဲ့ ဆင်ခြင်တုံတရားဟာ အဓိကကျလာပြီဆိုတာကြီးကို မြို့ထဲလမ်းလျှောက်နေရင်း ကောက်တွေ့လိုက်ရတယ်။ ဗွတ်နစ်နေတဲ့ တစ်မတ်စေ့ကိုမှ ကိုယ့်မျက်လုံးက တည့်တည့်ကြီး မြင်လိုက်ရသလိုမျိုး ဖြစ်မှာပေါ့။ ခင်မောင်ရင်ရုပ်ရှင်ရိုက်တော့ ငါတို့မမွေးသေးပါဘူး။ သူကကမ်းစပ်က လှိုင်းတွေကို ကင်မရာထောင်ပြီး အသေအချာ ရိုက်ပြခဲ့တာတဲ့လေ။ ကြည့်ဖူးလို့လည်း မဟုတ်ဘူး။ သူများတွေ ပြောပြတာ။ တကယ်သာ ကိုယ်တိုင်ကြည့်ခဲ့ဖူးရင်တောင်မှ “အဲဒါ လှိုင်းတွေကွ၊ သိတယ်။ အဲဒါ လှိုင်းတွေကွ။ ဘာဖြစ်လဲ” ဆိုပြီး ခုံတွေကိုရိုက်ချိုးခဲ့တဲ့အထဲ ကိုယ်လည်းပါနေမှာ။ ဒီလိုမျိုး ပတ်ဝန်းကျင်နဲ့သာ ငါတို့ဘဝ အပင်ပေါက်ကြီးပြင်းလာ။ တစ်သက်လုံးအညာမိပြီး အဖြေမရဖူးတဲ့ လူပျိုကြီးလို မရိုးမရွ ခံစားနေမိတယ်။ အရာရာကို ကြေကွဲသိမ်ငယ်နေစိတ်တွေနဲ့ ကြည့်ကြည့်နေမိပြန်တယ်။

(၃)

ဒီရာစုမှာ ငှက်တွေဟာ တီဗွီကြည့်နေဖို့ ကိုပဲ အားထုတ်ကြတော့တယ်တဲ့။ ရီမုဒ်ကို ဟိုနှိပ်ဒီနှိပ်လုပ်ပြီး နေကြာစေ့ကို အခွံခွာတယ်။ ခြင်ရိုက်ဘတ်တံကို ဘေးမှာအလွယ်တကူ ချထားတယ်။ တစ်နေရာရာကနေပဲ သရုပ်ဆောင်တွေကိုကြည့်ပြီး ဇိမ်ခံနေတော့မယ်ပေါ့။ ဇာတ်ကောင်တွေခမျာမှာတော့ ပင်ပန်းလွန်းလို့ ညည်းညူဖို့တောင် မတတ်နိုင်ရှာဘူး။ ရယ်ရပြုံးရ တစ်ခါတစ်ခါ ပရိသတ်အကြိုက် မျက်ရည်ချူရ၊ လက်သီးလက်မောင်းတန်းရ၊ ခဏခဏ ဒိုင်ဗင်လူစားထိုးရ၊ လူထူရင် ကျွမ်းထိုးပြ၊ တစ်ခန်းပြီးတစ်ခန်း ပြောင်းရိုက်နေပေမဲ့လည်း အခုအချိန်အထိကို ဗွက်အိုင်ထဲက ရုန်းမထွက်နိုင်သေး။ ကမ်းစပ်ပေါ် တက်လာလို့ မရသေးပါဘူး။

ရသမျှ ရှာကြံစားကြ၊ နှုတ်လှန်ထိုးကြ၊ အချင်းချင်း တက်လက်ခွပ်ကြရင်း၊ နောက်တစ်နေ့ရောက်တော့လည်း မနက်မိုးလင်းကတည်းက ဘဝကို စျေးဗန်းပေါ်တင် လည်ရောင်းနေရဦးမှာပဲမဟုတ်လား။ ဘယ်နေရာမှာမဆို မဆင်မပြေမှုနဲ့ စတင်နေရတယ်။  နိစ္စဓူဝကို ဝေကျနေတဲ့ ထမင်းအိုးတန်းလန်း၊ ဓာတ်တိုင်မှာ စွန်ကြိုးတန်းလန်းနဲ့ ရေစိုနေတဲ့ အိပ်မက်တွေနဲ့သာ။ အရာမပေးနိုင်လို့ အရေးမပါရင်း ဘေးကကျီးမော။ မျှော်လင့်ချက် မျှော်လင့်ချက်နဲ့ မေရီအင်တွိုင်းနက် လိုက်ဝေနေတဲ့ ကိတ်မုန့်ကြီးတစ်လုံးနဲ့။

အသက်ကို ချခင်းထားရသေးတယ်။ တစ်ချိန်လုံး ဆာလောင်နေတတ်တဲ့ ခန္ဓာကိုယ်ကြီးကို အိမ်ကမိသားစုတတွေကို မီးပွိုင့်မှာ စပယ်ပန်းလိုက်ရောင်းနေတဲ့ ကလေးတစ်ယောက်လို၊ အမှိုက်ပုံဖွနေတဲ့ တွန်းလှည်းသမားလို၊ လမ်းတကာလည် အဆက်မပြတ်အော်ရင်း အညောင်းမိနေတဲ့ စျေးသည်လို ညနေခင်းတွေကို ချခင်းထားရတယ်။ နောက်တစ်နေ့ မနက်ဖြန်ကို ချနင်းလိုက်ရပြန်ရဲ့။  ဘာမဆို လွှတ်ချ။ သိပ်ကိုလွှတ်လှနေတဲ့ ဘဝတွေက လိုင်းပေါ်မှာ ကူးရေးနေကျစကားလို ကိုယ်လုပ်မှ ကိုယ်စားရတယ်ဆိုသူတွေသိဖို့က ဆိုတာမျိုးဟာ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်းသူတွေနဲ့ ပဋိပက္ခဆိုတာမျိုး။ တကယ်က ကိုယ့်အလုပ်ကိုယ်လုပ်ခြင်းကသာ ဒီနေ့အတွက် ကဗျာတစ်ပုဒ်ဖြစ်ပါလိမ့်မယ်၊ ဘာမှမသိခြင်းကို လိပ်မူပြီး စာတစ်ပုဒ် ရေးသားလိုက်ပါရဲ့...

ငါတို့ရဲ့ အမင်္ဂလာနံနက်ခင်းရေ

အိပ်မက်ဆိုတာတွေကို ရေအိမ်ထဲ သွန်ချလိုက်ပေတော့...။