မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအခင်းအကျင်းနှင့် အရှေ့မြောက်တံခါးကိုမှီခိုနေရသော တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝ

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအခင်းအကျင်းနှင့် အရှေ့မြောက်တံခါးကိုမှီခိုနေရသော တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝ
တရုတ်- မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု တုံ့ဆိုင်းရပ်တန့်နေသည်မှာ နှစ်လနီးပါးကြာမြင့်နေပြီဖြစ်သော မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တစ်နေရာကို တွေ့ရစဉ်
တရုတ်- မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု တုံ့ဆိုင်းရပ်တန့်နေသည်မှာ နှစ်လနီးပါးကြာမြင့်နေပြီဖြစ်သော မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တစ်နေရာကို တွေ့ရစဉ်
Published 19 September 2021
ပြည့်စုံ (မူဆယ်)

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ပထဝီနိုင်ငံရေးနှင့် ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သည့် COVID-19 ရောဂါကို မြန်မာနိုင်ငံရှိ လူဦးရေ ၅၅ သန်းကျော်က လူမှုစီးပွားဘဝ ထိခိုက်ခံစား ကြုံတွေ့နေကြရသည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် အေးချမ်းသာယာဖို့ဆိုလျှင် နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်မှုက အသက်သွေးကြောပင် ဖြစ်သည်။ထိုအထဲတွင် ကုန်သွယ်မှုကို အကြောင်းပြု၍ ဘဝရှင်သန်ရပ်တည်မှုကို အဓိကကျသည့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို မှီခိုအားထားနေရသော ကုန်သည်လုပ်ငန်းရှင်များမှစ၍ စားသုံးသူ အထိပါရှိသည်။

တရုတ်- မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု တုံ့ဆိုင်းရပ်တန့်နေမှုမှာ နှစ်လနီးပါးကြာမြင့်နေပြီဖြစ်ရာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်လည်ပတ်နိုင်ရန် တာဝန်ယူထားသူများနှင့် ကုန်သည်ပွဲစားက မျှော်လင့်တောင့်တနေသော်လည်း တရုတ်ဘက်က COVID-19 ကပ်ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းမှလွဲ၍ ဆက်လက် ပိတ်ထားဆဲဖြစ်သည်။

“တရုတ်ဘက်က သဘောအရက နှစ်နိုင်ငံနယ်စပ်တစ်လျှောက်မှာ ရှိနေထိုင်တဲ့ နှစ်နိုင်ငံ မြို့ရွာတွေကို COVID-19 ကပ်ရောဂါ ကင်းရှင်းရေးဇုန်ဖြစ်ချင်တယ်။ ဒီဘက်မှာရှိတဲ့လူအားလုံးကို COVID-19 ကာကွယ်ဆေးထိုးပြီး ရောဂါကူးဆက်မှုမရှိမှ ဂိတ်တွေပြန်ဖွင့်မယ်လို့ ပြောထားတာရှိတယ်။ ဒီအပေါ်မှာ မူတည်ပြီး နယ်စပ်ဂိတ်တွေကို ဖွင့်မယ့်သဘောရှိတယ်” ဟု ကုန်သွယ်မှုပြုလုပ်နေသော ကိုနိုင်ကပြောသည်။

မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အရှေ့ဘက်ရှိ အရှေ့မြောက်တံခါး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ပိုင်နေရာ သစ်သီးရောင်းဝယ်ရေး အဆောက်အအုံတွင် ခုတင်တစ်ထောင် COVID-19 ကပ်ရောဂါ ကုသရေးနှင့် စောင့်ကြည့်ရေးစင်တာ တည်ဆောက်မှုမှာ စက်ရေတွင်းမှအပ အားလုံးပြီးစီးနေပြီဖြစ်သည်။

ထိုအဆောက်အအုံပြီးလျှင် ဂိတ်ပြန်လည်ဖွင့်မည်ဟု ကောလာဟလများ ထွက်ပေါ်လာနေသော်လည်း မြေပြင်အခြေအနေတွင်  တရုတ်သမ္မတက ကူမင်းမြို့သို့ လာရောက်ရန်ရှိနေခြင်း၊ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံ နယ်စပ်ကပ်‌ရောဂါနှင့် နယ်မြေလုံခြုံဘေးကင်းမှု အခြေအနေပေါ်မူတည်၍ နယ်စပ်ဂိတ်များ နိုဝင်ဘာလအထိ ပြန်ဖွင့်နိုင်ရန်မသေချာသေးပေ။

တရုတ်တီးသည့် ဗုံအတိုင်း လိုက်ကနေရသလိုဖြစ်နေသော နယ်စပ်ကုန်သွယ်မှုအပိုင်း၌ တရုတ်ဘက်က ဆက်လက်ပိတ်ထားလျက်ရှိရာ အကျိုးဆက်အားဖြင့် တရုတ်ထုတ်ကုန်ပစ္စည်းတစ်ခုလျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ စျေးတက်သွားကြောင်း သိရသည်။

“ကျွန်တော်တို့အရင်က တရုတ်ပစ္စည်းဝယ်ရင် နယ်စပ်က သယ်ယူလို့ရတဲ့အခါမှာ ပစ္စည်းတစ်ခုက ၁၀၀၀ ဆိုရင် အခုက လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ သယ်ယူရတဲ့အတွက် ကုန်ကျစရိတ် ပိုများတဲ့အတွက် ကုန်ပစ္စည်းတစ်ခုကို အနည်းဆုံး ငါးထောင်ကျပ်ကနေ တစ်သောင်းကျပ်အထိ စျေးတက်သွားတယ်” ဟု  တရုတ်နယ်စပ် မူဆယ်မြို့တွင် ဖုန်းအပိုပစ္စည်းရောင်းချနေသူ ကိုဇေကပြောကြားသည်။

ထို့အတူ တရုတ်က တစ်ပတ်သုံးရက်သာ ထွက်ခွင့်ပေးနေသော ကျန်းမာရေးပစ္စည်းများ၊ ကြက်သွန်ဖြူများ၊ ပန်းသီးများကို သယ်ယူပို့ဆောင်ရာတွင် သယ်ယူခမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေး သမိုင်းတစ်လျှောက်တွင် မကြုံဖူးသော ကားတင်ခစျေးနှုန်းများ ဖြစ်ပေါ်နေသည်။

COVID-19 ကပ်ရောဂါ ကာလမတိုင်ခင်ကတည်းက မြန်မာကုန်သည်ပွဲစားအချို့က တရုတ်တီးသောဗုံသံအတိုင်း အလိုက်သင့်လိုက်ကရာမှ ကုန်သွယ်ရေးမညီမျှမှုများ ကြုံခဲ့ရသည့်အပြင် နယ်စပ်ကုန်သွယ်မှုတွင် ကုန်သည်လုပ်ငန်းရှင်များ ကုန်ကားသမားနှင့် ရွှေ့ပြောင်းအလုပ်သမားများ ဘဝရှင်သန်ရေးအတွက် ခက်ခဲစွာရုန်းကန်လှုပ်ရှားခဲ့ရပြီး ၂၀၂၀ ပြည့်နှစ် နှစ်စပိုင်းမှစတင်၍ COVID-19 ကပ်ရောဂါကို အကြောင်းပြု၍ တရုတ်နိုင်ငံ၏ စည်းချက်များက မြိုင်မြိုင်ဆိုင်တီးခက်လာပြီး နယ်စပ်ကုန်သွယ်ရေးအပိုင်းနှင့် ပြည်ဝင်ပြည်ထွက်အပိုင်းတို့ကို ကန့်သတ်ပိတ်ပင်လာခဲ့သည်။

ထိုသို့ ကန့်သတ်ပိတ်ပင်မှုကို အခွင့်ကောင်းယူ၍ တရုတ်ဘက်၌ ရှန်တိန်မောင်းရန် စနစ်တစ်ခုကို ကုမ္ပဏီတစ်ခုက လျှောက်ထားခဲ့ရာမှစ၍ ကုန်တင်ယာဉ်နှင့် မြန်မာနိုင်ငံသားများ ဝင်ထွက်ခွင့်ကန့်သတ်ခံ ခဲ့ရသည်။

အဆိုပါ ဂယက်နှင့်အတူ ရွှေလီမြို့နှင့် ဂျယ်ဂေါင်မြို့တွင် COVID-19 ကပ်ရောဂါပိုး ထပ်မံတွေ့ရှိမှုကို အကြောင်းပြု၍ မြို့လုံးကျွတ်လော့ဒေါင်းချခြင်းနှင့်အတူ နယ်စပ်ဂိတ်များကို ပိတ်ထားခြင်းကြောင့် မြန်မာကုန်ကားအချို့ တရုတ်နိုင်ငံအတွင်း သောင်တင်ခဲ့ရာမှ ကုန်တင်ကားခစျေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့သည်။ ယခင်ကုန်တင်ပြီးသား မြန်မာကားအစီးရေ ၁၀၀ ဝန်းကျင်ခန့် လက်ရှိအချိန်အထိ ဝမ်တိန်ဘက်တွင်ရှိနေသော်လည်း တရုတ်နိုင်ငံက တင်းကျပ်ထားသောကြောင့် အလွယ်တကူထွက်ခွင့်မရခြင်းနှင့် ကားရှာရခက်ခဲခြင်းတို့ကြောင့် ကုန်တင်ယာဉ် ၁၂ ဘီးကားခမှာ ၆၀ သိန်း၊ ၂၂ ဘီးယာဉ်ကားခမှာ ၇၀ သိန်းပေါက်စျေးအထိ‌ ရှိနေသည်။

“အခုဟာတော့ တခြားကျန်းမာရေးကုန်ပဲ ထွက်လို့ရတာ။ ကျန်တဲ့ကုန်တွေက ဘယ်ဟာမှ ထွက်လို့မရဘူးလေ။ လော့ဒေါင်းက ဇွန်လ ၈ ရက်နေ့စပိတ်ကတည်းက အခုအချိန်အထိက ဘာမှမရှိဘူးရပ်တန့်မှုပဲ။ မန္တလေး-ရန်ကုန်က အခုဟာက အခုလက်ရှိ ပိတ်မိထားတဲ့ ကားတွေကတော့ စျေးနှုန်းက ၅၅ သိန်း ၆၀ သိန်းလောက်နဲ့ပိတ်မိနေတာပေါ့။ နဂိုကတော့ စပိတ်တဲ့ အချိန်တုန်းကတော့ ၄၅ သိန်းလောက်နဲ့ တင်ထားတဲ့ကားတွေပေါ့ဗျာ။ နောက်ပိုင်းမှာက တင်ပြီးသားပြန်မချဖြစ်တာရယ်ပြီးရင် တခြားကားတွေထွက်တာရယ်ဆိုတော့ ကားသမားတွေ စျေးတိုးတောင်းလို့ ကုန်လည်းပြန်ချပေးလို့ အဆင်မပြေတာရယ်ကြောင့် ဆက်ပြီးညှိနှိုင်းရင်းညှိနှိုင်းရင်းနဲ့ ဒီထဲမှာရှိတဲ့ အခုလက်ရှိ ၁၂ ဘီးကုန်ကားတွေကိုတော့ ၅၅ သိန်း သိန်း ၆၀ ဝန်းကျင်နဲ့ဒီအတိုင်းရပ်ထားရတာ အဲဒါမျိုးပေါ့။ တွဲကားက မန္တလေးကိုသိန်း ၇၀ လောက်အထိရှိတယ်” ဟု ဝမ်တိန်ရှိ မြန်မာကုန်များကို တင်ပေးနေသော ကုန်ဂိတ်ပိုင်ရှင် ကိုအောင်က ပြောသည်။

ထိုသို့ကားခများ အဆမတန် တိုးသွားရသည့် အကြောင်းရင်းမှာ တရုတ်နိုင်ငံထဲသို့ မြန်မာကုန်တင်ကားများ ဝင်ခွင့်မရတော့ခြင်း၊ မြန်မာကုန်ကားရှားပါးလာခြင်း၊ ရွှေလီဂျယ်ဂေါင်များရှိ မြန်မာကုန်ဂိတ်များရှိ ကုန်ပစ္စည်းများ သောင်တင်နေခြင်း၊ ကုန်ကားရှာပွဲစားများ၏ နှုတ်တွင်ပေါက်စျေးရှိနေခြင်း၊ မူဆယ်-မန္တလေးလမ်းကြောင်း၌  COVID-19 ကပ်ရောဂါနှင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအခြေအနေတို့ကြောင့် လိုအပ်ချက်ပေါ် မူတည်၍ စျေးမြင့်နေရခြင်းဖြစ်ကြောင်း ကိုအောင်က ဆိုသည်။

“ကားစျေးတက်တာဖြစ်ရတဲ့ အကြောင်းရင်းကတော့ လော့ဒေါင်းမပိတ်ခင် ကာလတွေမှာကျတော့ ကားကျင့်စန်းကျော့၊ ဝမ်တိန်ဘက်ကထက် ဝမ်တိန်ထဲဝင်တဲ့ ကားတွေက ကားတန်းရတာအရမ်းကြာတယ်။ အရမ်းကြာတော့ပုံမှန်ဆိုရင်တော့ အစီးနှစ်ရာ၊ သုံးရာလောက်ဝင်နေတဲ့ ကာလမျိုးဆိုရင်တော့ ကားက စျေးအဲဒီလောက်မရှိဘူးပေါ့။ ဒါပေမဲ့ အဲဒီချိန်ကာလမှာကိုကတည်းက ကားတန်းရတာ အရမ်းကြာတော့ကျတော့ တစ်ပတ်တစ်ပတ်ကိုကားမှ အစီးရာဂဏန်းလောက်ပဲ ဝင်တာ။ ဝင်တော့ဒီကထွက်မယ့် အိတ်စ်ပို့ကုန်နဲ့ ဟိုဘက်ကလာတဲ့ကားတွေက မမျှဘူး။ အဲဒီတော ့ကားကိုစျေးအလုအယက် ခေါ်ရတာပေါ့ဗျာ။ နောက်လော့ ဒေါင်းကာလ အချိန်မရွေးပိတ်နိုင်တော့ အဲဒီလိုမျိုးတွေကြောင့်ကြားထဲမှာလည်း အဓိကဖြစ်တာက ပွဲစားလည်း ပါတာပေါ့။ ဥပမာ ကားသမားတွေ တိုက်ရိုက်ဝင်လို့မရဘူး။ အုံနာကားသမားတွေ တိုက်ရိုက်ဝင်လို့မရဘူး။ တိုက်ရိုက်ချိန်လို့မရဘူး။ ကြားထဲမှာ ဂိတ်တင်တွေက ဒီလမ်းလျှောက်ပွဲစားပုံစံမျိုးပေါ့။ ကားအကျိုးဆောင်ပေးတဲ့သူလည်း ရှိတာပေါ့နော်။ ရှိတော့ကျတော့ ဘယ်လိုပြောမလဲ စျေးကစားကြတာပေါ့။ ဥပမာ ကားယူထားလိုက်တယ်။ ဘယ်စျေးရမှတင်ပေးမယ်ဘာညာအဲဒီလိုမျိုးတွေတော့ ကြားထဲကစျေးကစားကြတာတွေကြောင့် ကားစျေးက အဆမတန် မြင့်တက်သွားတာ။ ပိုဆိုးတာကတော့ ကားတစ်စီးဝင်လာလိုက်လို့ရှိရင် ကိုယ့်ကားကိုယ်  ကိုယ်မပိုင်ဘူး။ ကြားထဲမှာ ကုမ္ပဏီနဲ့လုပ်တဲ့ပွဲစား (သို့မဟုတ်) တရုတ် မြန်မာစကားတတ်တဲ့သူပေါ့။ အဲဒီလိုမျိုးတွေ ဆိုင်ရာဆိုင်ရာ လူလက်ထဲမှာ ကားရောက်သွားလို့ရှိရင် ကျွန်တော်တို့က ပြန်ယူရတာ ခက်တယ်။ ခက်တော့ ကိုယ့်ဂိတ်က ကားတင်ချင်တယ်ဆိုလို့ရှိရင် သူတို့ဆီကိုသွားပြီးမှ ကားကိုယူရတာ။ ကြားထဲမှာလည်း ကားသမားနဲ့ ချိတ်ဆက်ရရင်တော့ ကားစျေးက အဲဒီလောက်မပေးရဘူး” ဟု ကိုအောင်က ဆိုသည်။

တရုတ်ဘက်က မူဆယ် မန်းဝန်းပေါက် ပိတ်ထားခြင်းကြောင့် ရွှေလီဂျယ်ဂေါင်ရှိ မြန်မာကုန်ဂိတ်များတွင် ကုန်စည်များစွာကျန်ရှိနေပြီး မူဆယ်မြို့ရှိ ဂိုဒေါင်များတွင်လည်း တရုတ်နိုင်ငံသို့ တင်ပို့ရန် ကုန်စည်များရှိနေရာ အချို့ကုန်စည်များကို မြန်မာပြည်အောက်ပိုင်းသို့ ပြန်လည်သယ်ဆောင်မှုများရှိနေသည်။

“ဆန်တို့ဆန်ကွဲတို့ အများဆုံးကတော့ ပဲတီစိမ်းများတယ်။ ပြီးရင်ဆန်များတယ်။ ဆန်ကွဲများတယ်။ ပြောင်းကတော့ နည်းပါတယ်။ ဂိုဒေါင်အသီးသီးမှာ ၁၀၅ မိုင်မှာရှိတဲ့ ဂိုဒေါင်တွေ ကျင့်ဆန်းကျော့မှာရှိတဲ့ ဂိုဒေါင်တွေ မူဆယ်မှာရှိတဲ့ ဂိုဒေါင်တွေ အားလုံးပေါင်းရင်တော့ ကီလို ၅၀ အိတ် ၁၀ သိန်းနဲ့ ၁၂ သိန်း အထက်မှာရှိတယ်။ ဒါတွေရှင်းရင်တောင်မှ အနည်းဆုံး ၁၅ ရက် လောက်ကြာမယ်။ ဒါတွေကို ဂိုဒေါင်သီးသီးမှာ ပိတ်မိနေတယ်။ ပြောင်းတချို့ကိုအောက်ပြန်သယ်တာတွေတော့ ရှိနေတယ်” ဟု  မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဆိုသည်။

တရုတ်နိုင်ငံက ပိတ်ထားသော နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်ပေးမည်ဆိုပါကလည်း ကျန်းမာရေး ကန့်သတ်ချက်များဖြင့်သာ ပြန်လည်ဖွင့်လှစ်ပေးရန်သာရှိနေသည်။

တရုတ်နိုင်ငံ ရွှေလီမြို့၌ တရုတ်မြန်မာကုမ္ပဏီတစ်ခုက စက်တင်ဘာ ၇ ရက်ကပြုလုပ်သော နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ရန် တရုတ်အစိုးရကို တင်ပြထားသော အခြေအနေအား ရွှေလီကျယ်ဂေါင်ရှိ မြန်မာကုန်သည်များကိုခေါ်ယူ၍ အသိပေးရာတွင် ၁၀၅ မိုင်မှ ကျင်ဆန်းကျော့၊ ထိုမှတစ်ဆင့် ဝမ်တိန်သို့ ကုန်စည်ပို့ဆောင်ရာတွင် နှစ်ဆင့်ခံ ရှန်တိန်ယာဉ်မောင်းစနစ်ထားရှိမည်ဖြစ်ပြီး မြန်မာကုန်သည်များက ၎င်းကုမ္ပဏီက သတ်မှတ်ထားသော ကားကိုသာ ယွမ်  ၃၈၀၀ ပေး၍ ဝမ်တိန်မှ ကျင်ဆန်းကျော့သို့ ထွက်ခွာရမည်ဖြစ်ကာ ရှန်တိန်ယာဉ်မောင်းတစ်ဦးက ကျင်ဆန်းကျော့မှ ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်သို့၊ နောက်ထပ် ရှန်တိန်ယာဉ်မောင်းတစ်ဦးက ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် COVID-19 စောင့်ကြည့်ရေးစင်တာသို့ လည်းကောင်း ပို့ဆောင်မောင်းနှင်ပေးမှာဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ထိုသို့သာ အမှန်တကယ်ဖြစ်ပေါ်လာပါက တရုတ်နိုင်ငံအတွင်းမှ ကုန်စုံပြုလုပ်‌နေ‌သော မြန်မာကုန်ဂိတ်လုပ်ငန်းရှင်များ အကျိုးစီးပွားနစ်နာမှုရှိမည်အပြင် အခြားကုန်သွယ်မှုအပိုင်းတွင် မြန်မာကုန်သည်များစွာအတွက် အကျိုးစီးပွားပျက်စီးစေနိုင်မှာ ဖြစ်ပေါ်နိုင်မှာ ဖြစ်တယ်ဟု ကုန်သည်များက စိုးရိမ်ပူပန်နေသော်လည်း တချို့မှာ ဝယ်သူစျေးကွက်မှ ရောင်းသူစျေးကွက်ဖြစ်ပေါ်လာနိုင်မည်ဟု ခန့်မှန်းပြောဆိုကြပြန်သည်။

“တကယ်လို့ အဲဒီလိုဖြစ်ခဲ့ရင် ကုန်စုံတင်ဖို့ တရုတ်ရှန်တိန် ခေါ်က်တိုကားတွေက မြန်မာကုန်ဂိတ်တွေကို ပတ်တင်မှာမဟုတ်ဘူး။နောက် အသီးတင်ဖို့ သို့မဟုတ် အခြားကုန်တင်ဖို့ လုပ်တဲ့အခါ သူတို့သတ်မှတ်ထားတဲ့ ကုမ္ပဏီကို ပြောရမယ်ဆို၊ အဲဒီကုမ္ပဏီက သတင်းလက်ဦးပြီး ကျွန်တော်တို့ကို ကားမပေးတောာ့ဘဲ သူတို့ဟာ သူတို့အောက်ကိုပို့ရင် မြန်မာကုန်သည်တွေ ဂိတ်တွေပျောက်ကုန်ပြီး တရုတ်ကုမ္ပဏီတွေ ၀ါမျိုခြင်းခံရလာနိုင်တယ်။ အခုသူတို့ခေါ်ယူ အသိပေးတဲ့ဟာကို မြန်မာကုန်သည်အားလုံးက သဘောမကျကြပါဘူး။ ရှန်တိန်နှစ်ဆင့်ကြောင့် ကုန်စည်သယ်ယူရေးမှာ ပိုလို့ကုန်ကျစရိတ် များပြားလာနိုင်ပြီး အရင်လို ကုန်ကားပျက်စီးဆုံးရှုံးမှုတွေ ထပ်ရှိလာနိုင်တယ်။ ဒါ ကြောင့် ၁၀၅ မိုင်မှာ COVID-19 စစ်ပြီးလို့ မရှိတဲ့သူတွေကို တရုတ်နိုင်ငံထဲ ဝင်ခွင့်မရရင်တောင် ကျင်ဆန်းကျော့အထိ မောင်းသွားနိုင်ရင် စားသုံးသူတွေအတွက်ပါ မထိခိုက်နိုင်တော့ဘူး။ ဒီလိုမှမဟုတ်ရင် ကုန်စျေးနှုန်းကျဖို့ဆိုတာ မမြင်တဲ့အပြင် တက်လာနိုင်ပါတယ်” ဟု ကုန်ဂိတ်ပိုင်ရှင် ကိုသန်းနိုင်ကပြောကြားသည်။

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ပထဝီနိုင်ငံရေးနှင့် COVID-19 ကပ်ရောဂါတို့ကြောင့် တရုတ်တီးမှ ဖွင့်ခြင်းပိတ်ခြင်းနှင့် အတူကနေရသော မြန်မာကုန်သည်ကြီးများ၏ နယ်စပ်ကုန်သွယ်ရေးဂယက် အကျိုးဆက် ဘယ်အတိုင်းအတာအထိ သက်ရောက်မလဲဆိုတာ မသိနိုင်သေးသော်လည်း တရုတ်မြန်မာ အရှေ့မြောက်တံခါး‌ပေါက် (တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတံခါးပေါက်) ကို မှီခိုနေရသော တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝတိုးတက်စေရန်အတွက်မှာမူ မသေချာမရေရာမှုများရှိနေသည်။

ထို့ကြောင့် အရှေ့မြောက် တံခါး (တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးတံခါးပေါက်) ကို မှီခိုနေရသော တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝများ ကျဆင်းလာနိုင်ခြေ ပိုမိုများပြားလာနိုင်ပြီး မြန်မာနိုင်ငံသွင်းကုန်များက စျေးကျနိုင်ခြေမရှိနိုင်ပါ။ ကုန်သည်လုပ်ငန်းရှင်များကလည်း အရှေ့မြောက်တံခါး (တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတံခါးပေါက်)ကို အလွန်အမင်းမှီခိုမှုကင်းအောင် ပြုလုပ်ရမှာဖြစ်သလို အခြားနိုင်ငံများက အစားထိုးတန်ဖိုးသင့် သွင်းကုန်များကို ပိုမိုအားထုတ်ရမှာဖြစ်သည်။ ဒါမှသာ အခြေခံလိုအပ်ချက် သွင်းကုန်းများ စျေးကျလာနိုင်ပြီး အောက်ခြေလူထုအတွက် အဆင်ပြေချောမွေ့မှာဖြစ်ပါသည်။

သက်ဆိုင်ရာအစုအဖွဲ့များက နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုအပိုင်းတွင် Win Win Policy ချမှတ်လုပ်ဆောင်လာနိုင်ရင်ဖြင့် အောက်ခြေလူထုအတွက် အထိအခိုက်အနည်းဆုံး ဖြစ်လာနိုင်မှာဖြစ်သလို စီးပွားရေး ပြန်လည်ထူထောင်ရေးအပိုင်းများတွင် လျင်မြန်စွာ အောင်မြင်မှုကို ရရှိမည်ဖြစ်ပါကြောင်း အပြုသဘောဆောင် ရေးသားလိုက်ရပါသည်။