ပြည်သူတို့၏ စားဝတ်နေရေးကို ခြိမ်းခြောက်နေသော ကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့် ကုန်ဈေးနှုန်း

ပြည်သူတို့၏ စားဝတ်နေရေးကို ခြိမ်းခြောက်နေသော ကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့် ကုန်ဈေးနှုန်း
မော်လမြိုင်မြို့ ဈေးတစ်ခုတွင် ဈေးရောင်းဈေးဝယ်တို့ကို တွေ့ရစဉ်
မော်လမြိုင်မြို့ ဈေးတစ်ခုတွင် ဈေးရောင်းဈေးဝယ်တို့ကို တွေ့ရစဉ်
Published 19 September 2021
နီလာ

ငွေကြေးဖောင်းပွမှုကို ကာလအတန်ကြာ အထွေထွေစျေးနှုန်း မြင့်တက်လာခြင်းဟု စီးပွားရေးနယ်ပယ်တွင် အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ လူအများစားသုံးသည့်အခြေခံ ကုန်စည်များ၏ စျေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကို ငွေကြေးဖောင်းပွမှုရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အချိန်အတိုင်းအတာတစ်ခု၌ စီးပွားရေးရပ်ဝန်းအတွင်း ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများ၏ အထွေထွေစျေးနှုန်း မြင့်တက်လာသည့်အခါ တူညီသောငွေကြေး ယူနစ်ဖြစ်သော်လည်း ပိုမိုနည်းပါးသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့ကိုသာ ဝယ်ယူနိုင်မည်ဖြစ်သည်။

တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှုကို ငွေကြေး၏ ဝယ်ယူနိုင်စွမ်း၊ ငွေကြေးယူနစ်၏တန်ဖိုးကို လျော့ကျစေခြင်းဖြစ်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်းကို ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) ဟု ခေါ်ဆိုပြီး အထွေထွေစျေးနှုန်း အညွှန်းတစ်ရပ်ဖြင့် နှစ်စဉ်ရာခိုင်နှုန်း အပြောင်းအလဲကို ဖော်ပြကာ အဆိုပါအညွှန်းကို စားသုံးသူစျေးဆနှုန်း (CPI – Consumer Price Index) ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို အကဲဖြတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုရှိစေရန် ထိုက်သင့်သော ငွေကြေးဖောင်းပွမှုရှိရန် လိုအပ်သကဲ့သို့ လွန်ကဲသော ငွေကြေးဖောင်းပွမှုကြောင့် နိုင်ငံများကာလကြာရှည်မတည်မငြိမ် ဖြစ်စေနိုင်သည်။

ငွေကြေးဖောင်းပွမှုကို တိုင်းတာမှုအမျိုးမျိုးရှိပြီး ယေဘုယျအားဖြင့် အထွေထွေစျေးနှုန်းများ ကာလကြာရှည်မြင့်တက်မှု သို့မဟုတ် နိုင်ငံတစ်ဝန်း လူနေမှုစရိတ်များ မြင့်တက်မှုဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့် စားသုံးသူစျေးဆနှုန်း မြင့်တက်နေခြင်းသည် ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ခြိမ်းခြောက်လျက်ရှိသည်။

(၁)

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာကြည့်ပါက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၉ ဒသမ ၀၉ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ ပြည့်နှစ် မတ်လ၌ မြန်မာနိုင်ငံတွင် COVID-19 စတင်ဖြစ်ပွားလာချိန်မှစ၍ အိမ်ထောင်စုများ၏ သုံးစွဲမှုလျော့နည်းလာခြင်းနှင့် လောင်စာဆီစျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာခဲ့ရာ ဒီဇင်ဘာလတွင် သုည ဒသမ ၇၅ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တစ်နိုင်ငံအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် တစ်နှစ်ပျမ်းမျှ ၄ ဒသမ ၆၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၇၃ လျော့နည်းလာကြောင်း တွေ့ရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ၉ ဒသမ ၀၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ရောဂါ သက်ရောက်မှုကြောင့် ပြည်သူများ သုံးစွဲမှုကျဆင်းပြီး စားသုံးသူစျေးဆနှုန်းမှာ တိုးနှုန်းအရှိန်လျော့နည်းလာရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၃ ဒသမ ၈၇ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့သည်။

ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်ထုတ်ပြန်လျက်ရှိသည့် မြန်မာနိုင်ငံ၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတို့မှာ  ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွက် မြန်မာနိုင်ငံ၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေ ထုတ်ပြန်ပြီး နောက်ပိုင်း လက်ရှိအချိန်အထိ ထပ်မံထုတ်ပြန်ခြင်းမရှိသေးပေ။

(၂)

လတ်တလော ငွေကြေးစျေးကွက်အတွင်း ဒေါ်လာစျေး အလှုပ်အခတ်ရှိခဲ့ပြီး ဒေါ်လာစျေး တစ်ဒေါ်လာ ကျပ် ၂၀၀၀  ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့ခြင်းသည် အခြေခံပြည်သူလူထုအပေါ် ရိုက်ခတ်လျက်ရှိသည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှ စတင်ကာ သိသိသာသာ မြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့်ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင်  ၁၆၂၂ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံးစံချိန် ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့သော်လည်း တစ်လအတွင်း ဆက်တိုက်မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ အမြင့်ဆုံးစံချိန်တင်ခဲ့ခြင်း ဖြစ်သည်။

ထိုနောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သော်လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိပြန်လည် မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ်အထိ ပြန်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိ၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ်အထိ ကျဆင်းခဲ့သည်။ မတ် ၁၈ ရက်တွင် ၁၅၂၇ ကျပ်အထိ မေ ၁၄ ရက်တွင် ၁၅၃၈ ကျပ်အထိ ပြန်တက်ခဲ့ပြီး ဇွန်  ၁ ရက်တွင် ၁၅၂၉ ကျပ် ဝန်းကျင်ရှိခဲ့သည်။

သြဂုတ် ၂၆ ရက်တွင် ၁၅၁၄ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ၁၅၆၅ ကျပ်အထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂၅ ရက်မှ စတင်ဘာ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အောက်၊ ၂၀၂၀ ပြည့်နှစ် မတ် ၅ ရက်မှစ၍ ကျပ် ၁၄၀၀ အောက် ကျဆင်းခဲ့သည်။ မတ် ၁၀ ရက်တွင် တစ်ဒေါ်လာကျပ် ၁၃၂၀ အထိ ကျဆင်းခဲ့ပြီး ဧပြီလတွင် ၁၄၄၀ ကျပ်၊ မေလတွင် ၁၄၂၆ ကျပ်အထိ ပြန်တက်ခဲဲ့ပြီး ဇူလိုင်တွင် ၁၃၆၇ ကျပ်၊ သြဂုတ်တွင် ၁၃၄၂ ကျပ်၊ စက်တင်ဘာတွင် ၁၃၂၄ ကျပ်၊ အောက်တိုဘာတွင် ၁၂၉၇ ကျပ်အထိ ပြန်ကျခဲ့သည်။

နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း အမေရိကန်ဒေါ်လာစျေးနှုန်း သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၁ ကျပ်မှ စက်တင်ဘာလ လက်ရှိအချိန်တွင် ကျပ် ၂၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

(၃)

နိုင်ငံခြားငွေလဲနှုန်း အတက်အကျသည် နိုင်ငံခြားငွေဝယ်လိုအားနှင့် ရောင်းလိုအားကို သက်ရောက်စေနိုင်သော အကြောင်းရင်းများအပေါ်တွင် အခြေခံပြီး အဓိကကျသည့်အချက်များမှာ နိုင်ငံခြားငွေကြေး စျေးကွက်အခြေအနေ၊ နိုင်ငံ့ပို့ကုန်သွင်းကုန်ပမာဏ၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ ရသုံးမှန်းခြေ ငွေစာရင်းအခြေအနေ၊ စီးပွားရေးစနစ်အတွင်းရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏စျေးနှုန်း အခြေအနေတို့ဖြစ်သည်။

ဒေါ်လာစျေး မြင့်တက်မှုကြောင့် သွင်းကုန်စျေးနှုန်းများ၊ အထူးသဖြင့် စျေးကွက်အတွင်း သုံးစွဲမှုများပြားသော စက်သုံးဆီ၊ ဆက်သွယ်ရေးပစ္စည်း၊ ဆေးဝါး၊ အစားအစာကဲ့သို့ ကုန်စည်များကို စျေးနှုန်းမြင့်တက်စေပြီး ကုန်စျေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်စေမည်ဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း  ပျမ်းမျှအားဖြင့် အစားအစာအုပ်စုတွင် ဆီစျေး၊ ဆန်စျေးမြင့်တက်ခဲ့ပြီး စားဖိုဆောင်သုံးပစ္စည်းများအနက် ကြက်သွန်နီစျေးနှုန်းမှာ သိသိသာသာ မြင့်တက်ခဲ့ခြင်းမရှိခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ချက်များအရ သိရသည်။

“ဆန်စျေးထဲမှာ ဖျာပုံ၊ မော်ကျွန်း ဆန်တွေ အရင်က ၃၅၀၀၀ ပဲရှိတာ။ အခု ရန်ကုန်မှာဝယ်ရတာ ၅၀၀၀၀ လောက်ဖြစ်လာတယ်။မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းတွေ ၄၃၀၀၀ ကနေ ၅၃၀၀၀ ပေးဝယ်ရတယ်။ အခုဆို ဆန်ကုန်စည်ဒိုင်မှာ ဆန်တွေရောင်းပေးနေတယ်။ ကုန်စည်ဒိုင်ကရောင်းတဲ့စျေးနဲ့ အပြင်ကစျေးအရမ်းကွာတယ်။ ဆန်စျေးတွေ တက်တယ်” ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်က ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၀၀၀၀ မှ ၅၈၀၀၀ ကြား ရှိခဲ့ပြီး ဧပြီ ၂၀ ရက်တွင် ကျပ် ၄၅၀၀၀ နှင့် ၄၈၅၀၀ ကြား စျေးရှိခဲ့သည်။ ပုသိမ်ပေါ်ဆန်းတစ်အိတ်လျှင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်က ကျပ် ၃၈၅၀၀ မှ ကျပ် ၄၁၀၀၀ ကြားရှိခဲ့ပြီး ဧပြီ ၂၀ ရက်တွင် ကျပ် ၃၆ဝဝဝမှ ၃၈၀၀၀ ကြား စျေးရှိခဲ့သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင်  ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၈၀၀၀ မှ ၅၄၀၀၀ ကြား၊ ပုသိမ်ပေါ်ဆန်တစ်အိတ်လျှင် ကျပ် ၄၅၀၀၀ မှ ကျပ် ၄၈၀၀၀ ကြား၊ ဧည့်မထတစ်အိတ်လျှင် ကျပ်၂၄၀၀၀ မှ ကျပ် ၂၅၀၀၀ ကြား ရှိနေကြောင်း သိရသည်။

ထို့ပြင် ရာသီပေါ်သီးနှံများ ဖြစ်သော ပန်းစိမ်း၊ ဂေါ်ဖီထုပ်၊ မုန်လာဥဖြူ၊ ကိုက်လန်ရွက်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ခရမ်းချဉ်သီး စသည်တို့လည်း စျေးပြောင်းလဲလာသည်။

“စျေးတက်တဲ့အထဲ အဆိုးဆုံးက နံနံပင်။ တစ်စည်းကို ၂၀၀ ပေးရတယ်။ တစ်စည်းမှ သုံး၊ လေးပင်ပဲ ရတော့တယ်” ဟု အိမ်ရှင်မတစ်ဦးက ပြောကြားခဲ့သည်။

ကုန်စည်အမည်အများစု စျေးတက်လာခြင်းဖြစ်ပြီး ယခင်က ကျပ် ၂၀၀၀ သာရှိသည့် သတ္တုဒန်အိုးတစ်လုံးလျှင် လက်ရှိတွင် ကျပ် ၂၈၀၀၊ တံမြက်စည်းတစ်ချောင်းလျှင် ယခင်က ကျပ် ၁၂၀၀ မှ ယခု ကျပ် ၁၃၀၀ စသည်ဖြင့်  ကုန်စည် အမည်စုံ စျေးတက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်အတွင်း စတိုးဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ကြက်သွန်ဖြူ/နီ၊ အာလူးတို့ကတော့ အရမ်းကြီးစျေးထိုးတက်သွားတာ မရှိဘူး။ဆီစျေးတက်တယ်။ အထူးသဖြင့် ပြည်ပကနေသွင်းရတဲ့ ကုန်ပစ္စည်းတွေတော့ စျေးတက်တယ်။ ထိုင်းကလာတဲ့ မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေကတော ့စျေးတက်တယ်။ မြန်မာငွေတန်ဖိုးကျလို့လားတော့ မပြောတတ်ဘူး” ဟု တာမွေမြို့နယ်မှ ကုန်စုံဆိုင်တစ်ခု၏ ဆိုင်ပိုင်ရှင်ဖြစ်သူက ပြောကြားသည်။

(၄)

ဒေါ်လာငွေလဲနှုန်း တရိပ်ရိပ် မြင့်တက်လာကာ ကျပ်ငွေတန်ဖိုး ကျဆင်းသွားခြင်းကြောင့် စီးပွားရေး နယ်ပယ်အတွင်း ကြီးစွာလှုပ်ခတ်ခဲ့သည်။

ကျပ်ငွေတန်ဖိုးကျဆင်းမှု၏ နောက်ဆက်တွဲအဖြစ် လူထုအပေါ် သက်ရောက်မှုအတွက် စိုးရိမ်ပူပန်လာ ကြသည်။ စီးပွားရေးလုပ်ငန်းကြီးများနှင့် လုပ်ငန်းရှင်များကို သက်ရောက်ခြင်းထက် အခြေခံလူထုအပေါ် သက်ရောက်နိုင်ခြေကို ပို၍စဉ်းစားတွက်ချက်ရတော့မည် ဖြစ်သည်။

ဒေသတွင်း နိုင်ငံများ၌ အခြေခံလုပ်ခလစာ အနိမ့်ဆုံးဖြစ်သည့် မြန်မာနိုင်ငံတွင် ဆင်းရဲချမ်းသာကွာဟမှု ကြီးသည့်အချက်ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။ အခြေခံလူထုကြားတွင် ဝင်ငွေနှင့် ထွက်ငွေမမျှသည့် ပြဿနာသည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေသည်။

ငွေကြေးစျေးကွက်မတည်ငြိမ်မှု၏ ဂယက်သည် ကုန်စျေးနှုန်းကြီးမြင့်မှုအရ အဓိကအားဖြင့် အခြေခံလူတန်းစားကို ကြီးမားစွာသက်ရောက်သည်ဆိုသည့်အချက်ကို မငြင်းသာပေ။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေလဲနှုန်း မတည်မငြိမ်ဖြစ်နေခြင်းက ပြည်သူအများစုအပေါ် သက်ရောက်နေသည်။ မြန်မာနိုင်ငံသည် အများအားဖြင့် သွင်းကုန်များ အပေါ်တွင်သာ အားထားသုံးစွဲနေရသဖြင့် ဒေါ်လာစျေးမြင့်တက်မှုနှင့် စက်သုံးဆီစျေးမြင့်တက်မှုများက ပြည်သူလူထုအပေါ် အကြီးအကျယ် ရိုက်ခတ်လာနိုင်မည်ဖြစ်သည်။

မြန်မာ့စီးပွားရေး ကျဆင်းနေသဖြင့် ပြည်သူများ၏ ဝယ်ယူစားသုံးနိုင်စွမ်း ကျဆင်းနေချိန်တွင် မြွေပူရာကင်းမှောင့်သကဲ့သို့ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှင့် ကုန်စျေးနှုန်း မြင့်တက်မှုများက အကျပ်အတည်းကြားမှ ပြည်သူများအပေါ် ထပ်ဆင့်ထိုးနှက်လျက်ရှိနေကြောင်း လုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြသည်။

ငွေကြေးဖောင်းပွမှုသည် ဆင်းရဲသော ပြည်သူလူထုကို အထိနာစေသကဲ့သို့  ပို၍လည်း ဆင်းရဲမွဲတေစေသည်။ ထို့အတူ ဆင်းရဲသောနိုင်ငံများသည် ငွေကြေးဖောင်းပွမှုဒဏ်ကို ချမ်းသာသော နိုင်ငံများထက် ပိုခံရသည်။ နိုင်ငံလည်း မချမ်းသာ၊ ဆင်းရဲသော ပြည်သူလူထုလည်း များပြားသော မြန်မာနိုင်ငံအနေဖြင့် တစ်ရှိန်ထိုးဆက်တိုက် မြင့်တက်လာသော ငွေကြေးဖောင်းပွမှုနှုန်းနှင့် စားသုံးသူစျေးဆနှုန်းကို လျှော့ချနိုင်မည့် လက်တွေ့ကျသည့် မူဝါဒများကို ချမှတ်နိုင်ရန် လိုအပ်နေပြီဖြစ်သည်။   

ငွေကြေးဖောင်ပွမှုနှုန်းကို လျှော့ချရန် ရည်ရွယ်သည့်မူဝါဒသည် ငွေကြေးဖောင်းပွမှု ဖြစ်ပွားရသည့် အကြောင်းရင်းအပေါ် မူတည်ခြင်းကြောင့် အနာနှင့်ဆေးတည့်ရန် လိုအပ်လျက်ရှိသည်။

လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှု အခြေအနေသည် နိုင်ငံစီးပွားရေး တည်ငြိမ်ရေးအတွက် စိုးရိမ်ရမည့်အနေအထား ဖြစ်လာပြီး ပြည်သူ့စားဝတ်နေရေးကိုလည်း ခြိမ်းခြောက်လာခြင်းကြောင့်  နိုင်ငံတော်အစိုးရနှင့်မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်း လျှော့ချနိုင်ရန် ဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်သည်။