လူမှုရေး ပဋိညာဉ် (The Social Contract)

လူမှုရေး ပဋိညာဉ် (The Social Contract)
Published 19 September 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

တိုင်းပြည် တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ် ဖွံ့ဖြိုးလာစေရန်မှာ အလိုအလျောက်၊ အလွယ်တကူ ပေါ်ပေါက်ဖြစ်လာစေနိုင်မည့် ဖြစ်ရိုး၊ ဖြစ်စဉ်၊ ဖြစ်ရပ် မဟုတ်ပါ။ တည်ရှိနေသည့် အခြေအနေ၊ အားသာချက်များ၊ အားနည်းချက်များကို စနစ်တကျလေ့လာဆင်ခြင် သုံးသပ်ပြီးလျှင် မှန်ကန်ကောင်းမွန်သည့် ချဉ်းကပ်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် အချိန်ကာလ အတိုင်းအတာတစ်ခုသို့ ရောက်ရှိချိန်တွင် အောင်မြင်မှုမှ ရရှိလာသည့် အသီးအပွင့်များကို အကျိုးရလဒ်အဖြစ် ခံစား၊ စံစား နိုင်မည်ဖြစ်ပါသည်။

တိုင်းပြည် နိုင်ငံတော်တည် ဆောက်ရေးလုပ်ငန်းစဉ်များအတွက် ယနေ့မိမိတို့တိုင်းပြည်နိုင်ငံတော်တွင် တည်ရှိနေသည့် အခြေအနေတစ်ရပ်မှာ တိုင်းပြည်နိုင်ငံတော် နယ်နိမိတ်အတွင်း တိုင်းရင်းသား လူမျိုးပေါင်းစုံ အတူတကွနေ ထိုင်လျက်ရှိကြပြီး တန်ဖိုးထားရှိသည့် ယဉ်ကျေးမှုဓလေ့ထုံးစံများသည်လည်း ကွဲပြားခြားနားလျက် ရှိနေပါသည်။ အတိအကျတင်ပြရမည်ဆိုပါက တိုင်းရင်းသားလူမျိုးကြီးရှစ်မျိုးမှ လူမျိုးစုငယ် ၁၃၅ မျိုးအထိ အတူအကွနေထိုင်လျက်ရှိကြပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် ချစ်စရာကောင်းသည့် မိမိတို့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်လျက် ရှိနေကြပါသည်။

လောကသဘာဝအရ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုဓလေ့မျိုးစုံ တည်ရှိနေခြင်းမှာ ကောင်းမွန်ပြီး မင်္ဂလာရှိသည့် လက္ခဏာရပ် တစ်နည်းအားဖြင့် ပန်းပေါင်းစုံ ဖူးပွင့်နေပြီး လှပတင့်တယ်သည့် လက္ခဏာရပ်များဖြစ်ကြပြီး ထိုသို့အမျိုးမျိုးသော စရိုက်လက္ခဏာရပ်များ တည်ရှိနေခြင်းအားဖြင့် လူမှုပတ်ဝန်းကျင်သည် အသစ်အဆန်းများဖြင့် လှုပ်ရှားတက်ကြွ အသက်ဝင်လာစေပြီး ယဉ်ကျေးမှုဓလေ့ထုံးစံများဖြင့် ပြုလုပ်သည့် ပွဲတော်များ၊ အခမ်းအနားများ၊ အသုံးအဆောင်ပစ္စည်းများစသည် အမျိုးမျိုးသော လှုပ်ရှားဆောင်ရွက်မှုများနှင့် ဘက်ပေါင်းစုံဖွံ့ဖြိုးမှုများကို ဆောင်ကြဉ်းပေးနိုင်ပါသည်။

သို့သော် အခြားတစ်ဖက်မှလည်း လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုဓလေ့မျိုးစုံ တည်ရှိနေခြင်းကို အဆိုးမြင်ဝါဒဖြင့် အင်အားကြီးသူတို့က မိမိတို့နှင့် မတူညီရကောင်းလားဟု အပြစ်မြင်ကာ ၎င်းတို့သဘောကျ စိုးမိုးချယ်လှယ်ပြီး ယဉ်ကျေးမှုဓလေ့ထုံးစံများကို ပြောင်းလဲကျင့်သုံးလာစေရန် တစ်နည်းအားဖြင့် ယူနီဖောင်းဖြစ်လာစေရန် ကြိုးပမ်းအားထုတ်ခဲ့ပါလျှင် မလိုလားအပ်သည့် ပြဿနာများ၊ ဆန့်ကျင်မှုများမှ တစ်ဆင့် လူ့အသက်များ သေကျေပျက်စီးစေပြီးလျှင် မတည်ငြိမ်မှုများ၊ ကြောက်ရွံ့မှုများဖြင့် အသက်ရှင်နေကြရပြီး တိုင်းပြည်နိုင်ငံ ဖွံ့ဖြိုးလာစေရန်မှာ မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ပါသည်။

မိမိတို့ တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက တိုင်းရင်းသားလူမျိုးစုများကို အခြေခံပြီး လက်နက်ကိုင်ဆောင်သည့် အဖွဲ့အစည်းများ ဖြစ်ထွန်းပေါ်ပေါက်လျက် တည်ရှိနေသည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် ပြည်တွင်းလက်နက်ကိုင်ပြဿနာကို အခြေခံသည့် ပစ်ခတ်တိုက်ခိုက်မှုများ၊ မငြိမ်သက်မှုများ၊ အိုးအိမ်စွန့်ခွာရမှုများ၊ စစ်ဘေးရှောင်ပြဿနာများ စသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များရှိသည့် နိုင်ငံများစာရင်းတွင် နှစ်ပေါင်းကြာရှည်စွာ အကျုံးဝင်လျက်ရှိနေသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါသည်။

စာရေးသူတစ်ဦးတည်း၏ အမြင်အရ တင်ပြရမည်ဆိုပါလျှင် အထက်ပါကဲ့သို့ ကမ္ဘာပေါ်တွင် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နှစ်ကာလကြာရှည် ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်များ ဖြစ်ပေါ်နေရသည့် အဓိကအချက်မှာ လူတစ်ဦး နှင့်တစ်ဦးအကြား၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုးအကြား၊ အုပ်ချုပ်သူအစိုးရနှင့် ပြည်သူပြည်သားများအကြားတွင် ယုံကြည်မှုမတည်ဆောက်နိုင်ခြင်း သို့မဟုတ် ယုံကြည်မှုတည်ဆောက်ရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့အကြား၊ အုပ်ချုပ်သူအစိုးရနှင့် ပြည်သူပြည်သားများ (နိုင်ငံသားများ) အကြားတွင် ယုံကြည်မှုတည်ဆောက်နိုင်ရန်မှာ အသက်တမျှ အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်လာပါသည်။ ကမ္ဘာပေါ်ရှိ ပညာရှင်တိုင်း၊ ခေါင်းဆောင်တိုင်း၊ အကြီးအကဲအားလုံးတို့က လက်ခံထားသည့် အခြေအနေတစ်ရပ်မှာ ယုံကြည်မှုတည်ဆောက်ကြရသည့်အခါတိုင်း အသုံးပြုရသည့် ဘာသာရပ် သို့မဟုတ် ပညာရပ်မှာ လူမှုရေး ပဋိညာဉ် သို့မဟုတ် လူမှု ပဋိညာဉ် (Social Contract) သဘောတရားများနှင့် သီအိုရီများပင် ဖြစ်ပါသည်။ ယနေ့စာရေးသူတို့၏ တိုင်းပြည်နိုင်ငံအခြေအနေမှာ လူမှုရေးပဋိညာဉ် သဘောတရားများနှင့် သီအိုရီများကို မဖြစ်မနေ အသုံးပြုကြရမည့် အခြေအနေ ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ ယနေ့ စာရေးသူတို့ တိုင်းပြည်နိုင်ငံတွင် နှစ်ကာလကြာရှည်စွာ ကြုံတွေ့နေရပြီး တည်ရှိဖြစ်ပေါ်လျက်ရှိသော ဝမ်းနည်းကြေကွဲဖွယ်ရာ လက်နက်ကိုင်ပဋိပက္ခများ လျော့နည်းပပျောက်ချုပ်ငြိမ်းစေပြီး ပြည်သူပြည်သားများ (နိုင်ငံသားများ) အားလုံး ပျော်ရွှင်ချမ်းမြေ့စွာ၊ ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်နိုင်စေမည့် ခေတ်မီဖွံ့ဖြိုးသော၊ ကြွယ်ဝချမ်းသာသော၊ အင်အားကြီးမားတောင့်တင်းသော တိုင်းပြည်နိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။

ယခု စာရေးသူတင်ပြမည့် အကြောင်းအရာသည် နိုင်ငံရေး သိပ္ပံပညာဘာသာရပ်၊ ဥပဒေပညာ ဘာသာရပ်၊ စာရင်းအင်းပညာဘာသာရပ် စသည့် အဓိကကျသည့် ဘာသာကြီးသုံးရပ်အပြင် ကျန်ဘာသာရပ်ပေါင်းမြောက်မြားစွာနှင့် ဆက်စပ်ပတ်သက်လျက်ရှိနေပါသည်။ စာရေးသူမှာ နိုင်ငံရေး သိပ္ပံပညာရှင်တစ်ဦး မဟုတ်သကဲ့သို့ ဥပဒေပညာရှင်လည်း မဟုတ်ပါ။ စာရင်းအင်းပညာဘာသာရပ်ကို နှစ်ပေါင်းများစွာ လေ့လာ၊ သင်ယူ၊ သင်ကြားခဲ့သည့် အတွေ့အကြုံသာရှိပါသည်။

နိုင်ငံရေးသိပ္ပံပညာဘာသာရပ်နှင့် ပတ်သက်ပြီး ဘွဲ့ကြိုတန်းတွင် ပထမနှစ်မှ စတုတ္ထနှစ်အထိ လေးနှစ်ခန့် သင်ယူခဲ့ရပါသော်လည်း ယခုကဲ့သို့ လေ့လာ၊ စိစစ်သည့် အဆင့်သို့ မရောက်ရှိနိုင်ခဲ့ပါ။ ထိုနည်းတူစွာ ဥပဒေပညာဘာသာရပ်နှင့် ပတ်သက်၍လည်း ဥပဒေပညာဌာနမှ ဆရာကြီး၊ ဆရာမကြီးများ၏ ပြောပြချက်များ၊ စာအုပ်စာပေများတွင် လေ့လာတွေ့ရှိရသည့်အချက်များနှင့် စာရေးသူ၏ အတွေ့အကြုံတစ်ခုဖြစ်သည့် ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနက ဥပဒေပညာဘာသာရပ် ဒေါက်တာပါရဂူဘွဲ့အတွက် တင်သွင်းသော (Ph.D. Thesis) ကျမ်းအတွက် (Viva) ပြုလုပ်ရာတွင် (Referee) အဖြစ် တက်ရောက်စစ်ဆေး အကဲဖြတ်ပေးရန် ဖိတ်ကြားခဲ့သည့်အတွက် လေ့လာခဲ့ရသည့် အတွေ့အကြုံသာရှိပါသည်။ ဥပဒေပညာဘာသာရပ်နှင့် ပတ်သက်ပြီး သဘောတရားအကျဉ်းကို သိမြင်နားလည်နိုင်ရန်အတွက် ဥပဒေပညာဌာနကကြီးမှူး ဖွင့်လှစ်ပြီး ပြင်ပမှလူပုဂ္ဂိုလ်များ တက်ရောက်နိုင်သည့် အချိန်ပိုင်းသင်တန်းကို တက်ရောက်နိုင်ရန် စဉ်းစားစီစဉ်လျက်ရှိရာ ယနေ့အချိန်အထိ ထမြောက်အောင်မြင်နိုင်ခြင်း မရှိသေးပါ။

စာဖတ်သူများအတွက် စာရင်းအင်းပညာဘာသာရပ်နှင့် ယခုတင်ပြသည့်အကြောင်းအရာ မည်ကဲ့သို့ ဆက်စပ်ပတ်သက်လျက် ရှိနေသည်ကို အကျဉ်းမျှ တင်ပြပါမည်။ စာရင်းအင်းပညာဘာသာရပ်၏ မူရင်းသဘောတရားမှာ (Political State) ဆိုသည့် စကားလုံး၊ စကားရပ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး အဓိပ္ပာယ်မှာ ဂရိတို့၏ (Politics) ဆိုသည့် ဒီမိုကရေစီ၊ လွတ်လပ်မှု သဘောတရားနှင့် ရောမတို့၏ (State) ဆိုသည့် စည်းလုံးညီညွတ်ခြင်း၊ တည်ငြိမ်ခြင်း၊ အာဏာစသည့် သဘောတရားနှစ်ရပ်ကို ပေါင်းစပ်ကျင့်သုံးနိုင်ရန် ဖော်ထုတ်ထားသည့် ဘာသာရပ်ဖြစ်ပါသည်။

ဂရိစံနှုန်းလွန်ကဲလျှင် မင်းမဲ့စရိုက်ဖြစ်ပေါ်လာစေမည်ဖြစ်ပြီး ရောမစံနှုန်းလွန်ကဲလျှင် အာဏာရှင်စနစ် ဖြစ်ပေါ်လာစေမည် ဖြစ်ပါသည်။ မင်းမဲ့စရိုက်ကြောင့် လူတို့၏အသက်များ သေကျေပျက်စီးနိုင်သလို အာဏာရှင်များကြောင့်လည်း လူတို့၏အသက်များ သေကျေပျက်စီးစေနိုင်ပါသည်။ လူတို့၏ အသက်များနှင့် အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရန်မှာ စံနှုန်းနှစ်ခုအပေါ်တွင် အခြေခံပြီး တိုင်းပြည်နိုင်ငံ၏ ဟန်ချက် သို့မဟုတ် မျှခြေကို ရှာဖွေထိန်းညှိနိုင်ရန် စာရင်းအင်းပညာ သို့မဟုတ် အခြေခံကိန်းဂဏန်း အချက်အလက်များ (Data) နှင့် သတင်းအချက်အလက်များ (Information) ကို အသုံးပြုရပါသည်။ မိမိတို့ တိုင်းပြည်နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှ ယနေ့ထက်တိုင် ဟန်ချက်၊ မျှခြေကို ရှာဖွေပြီး ရေရှည်ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ အစွန်းနှစ်ဖက်ဖြစ်သည့် ဒီမိုကရေစီဖြစ်လိုက်၊ အာဏာရှင်ဖြစ်လိုက်နှင့် ဆိုးရွားသံသရာတွင် လည်ပတ်လျက် ရှိနေပါသည်။

ယခုအချိန်မှ စတင်ကာ လူမှုရေးပဋိညာဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ သဘောတရားများ၊ သီအိုရီများကို စာရေးသူသိမြင်၊ နားလည် လေ့လာတွေ့ရှိ လက်လှမ်းမီသမျှ တင်ပြပါမည်။ အဓိကအားဖြင့် ဆရာကြီး သောမတ် (စ်) ဟိုဘေး (စ်) (Thomas Hobbes) ၊ ဆရာကြီး ဂျွန်လော့(ခ်) (John Locke) နှင့် ဆရာကြီး ဂျိမ်းဂျက် (ခ်) ရိုဆူး (Jean Jacques Rousseau) တို့၏ ရေးသားတင်ပြထားချက်များကို အခြေခံကာ အကျဉ်းချုပ်တင်ပြပါမည်။

လူမှုရေးပဋိညာဉ် သဘောတရားများသည် ကျယ်ပြန့်လွန်းသည့်အတွက် ယခုဆောင်းပါးအဆင့်ဖြင့် ပြည့်စုံနားလည်နိုင်မည့် အခြေအနေသို့ ရောက်ရှိရန် မဖြစ်နိုင်ပါ။

ပထမဦးစွာ (Social Contract) ဆိုသည့် စကားလုံး၊ စကားရပ်နှင့် ပတ်သက်သည်များကို တင်ပြပါမည်။ အင်္ဂလိပ်စကားလုံး (Contract) ကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုကြရာတွင် အသုံးပြုကြသည့် မြန်မာစကားလုံး၊ စကားရပ်များကို ရှင်းလင်းတင်ပြပါမည်။ ဘာသာပြန်ဆိုကြရာတွင် ဘာသာပြန်ဆိုသည့် အကြောင်းအရာအပေါ်တွင် မူတည်ကာ အမျိုးမျိုးအဖုံဖုံ ပြောင်းလဲအသုံးပြုလေ့ ရှိကြပါသည်။ သာမန်အရပ်ဘက်အနေဖြင့်မူ အင်္ဂလိပ်စကားလုံး “Contract” ၏ တိုက်ရိုက်အသံထွက် ‘ကန်ထရိုက်’ ဟု သုံးစွဲလေ့ရှိပြီး အဓိပ္ပာယ်အားဖြင့်လည်း ‘သဘောတူစာချုပ်’ ၊ ‘သဘောတူညီချက်’ အဖြစ် ဘာသာပြန် သုံးစွဲကြပါသည်။ သို့သော်လည်း ဒေသအဆင့်၊ နိုင်ငံတော်အဆင့်၊ နိုင်ငံတကာအဆင့် ကတိကဝတ်များ၊ အာမခံချက်များ၊ သဘောတူညီချက်များ၊ ဥပဒေကိစ္စရပ်များနှင့် တန်းတူ ဖော်ပြရာတွင်မူ ‘ပဋိညာဉ်’ ၊            ‘ပဋိညာဉ်စာချုပ်’ များအဖြစ် ဘာသာပြန်ဆိုလေ့ရှိကြပါသည်။

အင်္ဂလိပ်စကားလုံး (Contract) နှင့် ပတ်သက်သည့် အဓိပ္ပာယ်၊ သဘောတရားကို ဆရာကြီး သောမတ်(စ်) ဟိုဘေး(စ်) (Thomas Hobbes) ၏ မူရင်းရေးသားထားချက်ကို တိုက်ရိုက်စကားလုံးများဖြင့် တင်ပြရမည်ဆိုပါက “The mutuall transferring of Right, is that which men call CONTRACT” ဖြစ်ပါသည်။ (Reference: 1, pp-94) ဖော်ပြထားချက်အရ “ပဋိညာဉ်ဆိုသည်မှာ လူနှစ်ဦးနှစ်ဖက်၊ အပြန်အလှန် အခွင့်အရေးများ ဖလှယ်ခြင်းကို ခေါ်ဆိုပါသည်။”

တစ်ဖန် (Social) ဆိုသည့် အင်္ဂလိပ်စကားလုံးကိုမူ ‘လူမှုရေး’ သို့မဟုတ် ‘လူမှု’ အဖြစ် ဘာသာပြန်ဆိုလေ့ရှိပြီး ယခု (Social Contract) ကိုမူ ‘လူမှုရေးပဋိညာဉ်’ သို့မဟုတ် ‘လူမှုပဋိညာဉ်’ အဖြစ် ဘာသာပြန်ဆို အသုံးပြုကြပါသည်။ စာရေးသူအနေဖြင့် ယခုဆောင်းပါးတွင် ‘လူမှုရေး ပဋိညာဉ်’ အဖြစ် ဘာသာပြန်ဆို အသုံးပြုပါမည်။

ဆရာကြီးဂျွန်လော့ (ခ်) ၏ လူမှုရေးပဋိညာဉ်နှင့် ပတ်သက်သည့် တင်ပြချက်မှာ “The social contract is a result of actual historical choices, only to then elaborate its terms as if they were dictated by reason.” (Reference: 4, pp-84). ဖော်ပြထားချက်အရ ‘လူမှုရေးပဋိညာဉ်ဆိုသည်မှာ အကျိုးသင့်၊ အကြောင်းသင့် စကားရပ်၊ ဝေါဟာရများဖြင့် ရေးသားချမှတ် ပြဋ္ဌာန်းထားရှိခဲ့သည့် အသေးစိတ် မှတ်တမ်းများထဲမှ သမိုင်းတွင် အမှန်တကယ်ဖြစ်ပေါ်ခဲ့သည်များကို ရွေးချယ်ကျင့်သုံးသည့် ရလဒ်တစ်ခုပင် ဖြစ်ပါသည်။”

ဒုတိယအနေဖြင့် လူမှုရေး ပဋိညာဉ်နှင့် ပတ်သက်သည့် သဘောတရားကို ပုံတွင်ဖော်ပြထားပါသည်။ လူမှုရေးပဋိညာဉ် သဘောတရားများသည် ဂရိတို့၏စံနှုန်းဖြစ်သည့် ဒီမိုကရေစီ၊ လွတ်လပ်ခြင်းစသည့် နိုင်ငံရေးဖြစ်စဉ်များမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး နိုင်ငံရေး အခွင့်အရေးများနှင့် ပတ်သက်သည်မူများ (Principles of Political Right) ကို ချမှတ်ပြဋ္ဌာန်းပေးပါသည်။ ဥပဒေအတည်ပြု ပြဋ္ဌာန်းခြင်း သဘောတရားများသည် ရောမစံနှုန်းများမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး နိုင်ငံသားအခွင့်အရေး သို့မဟုတ် ပြည်သူ့အခွင့်အရေးနှင့် ပတ်သက်သည့်မူများ (Principles of Civil Right) ကို ချမှတ်ပြဋ္ဌာန်းပေးပါသည်။ အဆင်ပြေ သင့်တော်သည့် အချိန်တွင် နိုင်ငံရေးအခွင့်အရေး (Political Right) နှင့် နိုင်ငံသားအခွင့်အရေး သို့မဟုတ် ပြည်သူ့အခွင့်အရေး (Civil Right) သဘောတရားများကို သီးခြားဆောင်းပါးတစ်ပုဒ်ဖြင့် တင်ပြပေးပါမည်။

စာဖတ်သူများအတွက် ဥပဒေနှင့် အခွင့်အရေး ခြားနားချက်ကို အလွယ်တကူ သိမြင်နားလည်ရန် တင်ပြပါမည်။ ဆရာကြီး ဂျိန်းဂျက်(ခ်) ရိုဆူးက ဥပဒေများနှင့် ပတ်သက်ပြီး တင်ပြရာတွင် “Laws are properly only the conditions of civil association.” (Reference: 3, pp-133) ဖော်ပြချက်အရ ‘ဥပဒေဆိုသည်မှာ အမှန်တကယ်အားဖြင့် နိုင်ငံသား သို့မဟုတ် ပြည်သူ့အဖွဲ့အစည်း၏ အခြေအနေများသာလျှင် ဖြစ်ပါသည်။’ တစ်ဖန် ဆရာကြီး သောမတ် (စ်) ဟိုဆေး (စ်) က ဥပဒေ (Law) နှင့် အခွင့်အရေး (Right) ခြားနားချက်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “Law, and Right, differ as much, as Obligation, and Liberty, which in one and the same matter are inconsistent” (Reference: 1, pp-91). ဖော်ပြချက်အရ ‘ဥပဒေဆိုသည်မှာ တာဝန်ဝတ္တရားဆိုသည့် အဓိပ္ပာယ်ဆောင်ပြီး အခွင့်အရေးဆိုသည်မှာ လွတ်လပ်ခွင့်၊ လွတ်မြောက်ခြင်း၊ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ခွင့်ကို ဆိုလိုပါသည်။ သို့သော်လည်း အဓိပ္ပာယ်များသည် ပုံသေတစ်သမတ်တည်း တစ်မျိုးတည်း တည်ရှိနေသည် မဟုတ်ပါ။’

တတိယအနေဖြင့် လူမှုရေး ပဋိညာဉ် တည်ဆောက်ခြင်း သဘောတရား နှင့် ဥပဒေအတည်ပြုပြဋ္ဌာန်းခြင်း သဘောတရားတို့ ထပ်တူတည် ရှိနိုင်သည့် အခြေအနေ၊ ကွာခြားပုံနှင့် မိမိတို့ တိုင်းပြည်နိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် အခြေအနေကို စာရေးသူ လက်လှမ်းမီသမျှ တင်ပြပါမည်။

လူမှုရေးပဋိညာဉ် တည်ဆောက်ခြင်းနှင့် ဥပဒေအတည်ပြု ပြဋ္ဌာန်းခြင်းတို့ ထပ်တူကျသည့် အခြေအနေမှာ နိုင်ငံရေးဥပဒေ (Political Law) သို့မဟုတ် အခြေခံဥပဒေ (Fundamental Law) ကို အတည်ပြု ပြဋ္ဌာန်းခြင်းဖြစ်ပါသည်။ တိုင်းပြည်နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခြင်းသည် လူမှုရေးပဋိညာဉ်နှင့် ဥပဒေတို့ ထပ်တူကျသည့် သဘောတရား အခြေအနေတစ်ရပ် ဖြစ်ပါသည်။ တရားမဥပဒေများ သို့မဟုတ် နိုင်ငံသား ပြည်သူပြည်သားများအတွက် ပြဋ္ဌာန်းသည့် ဥပဒေများ (Civil Laws)၊ ပြစ်မှုဆိုင်ရာဥပဒေများ (Criminal Laws) နှင့် အခြားသော ဥပဒေများ စသည်တို့သည် ရောမတို့၏ စံနှုန်းဖြစ်သည့် နိုင်ငံတော် (The State) ကို အခြေခံရသည့်အတွက် လူမှုပဋိညာဉ် တည်ဆောက်ခြင်း သဘောတရားနှင့် ကွဲပြားခြားနားသည့် အခြေအနေဖြစ်ပါသည်။

မိမိတို့ တိုင်းပြည်နိုင်ငံတွင် လူမှုရေးပဋိညာဉ် တည်ဆောက်အသုံးပြုခြင်း အခြေအနေကို စာရေးသူ တစ်ဦးတည်း၏ အမြင်ဖြင့် တင်ပြရပါလျှင် ဝမ်းနည်းဖွယ်ရာ ကောင်းလှပါသည်။ လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက အုပ်ချုပ်သူ အစိုးရအဆက်ဆက်သည် လူမှုရေးပဋိညာဉ်နှင့် ပတ်သက်သည်များကို တည်ဆောက်အသုံးပြုရန် စိတ်ကူးစိတ်သန်းပင် မရှိခဲ့ကြပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့ကြသည်မှာလည်း ဥပဒေသဘောတရားအရသာ ဆောင်ရွက်ကြခြင်းဖြစ်ပြီး လူမှုရေးပဋိညာဉ် သဘောတရားများ ပါဝင်လာစေရန် ကြိုးစားအားထုတ်ခြင်း မပြုခဲ့ကြပါ။ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၊ နိုင်ငံသားများကို ထိန်းသိမ်းကြပ်မတ်သည့်အခါတွင်လည်း ဓမ္မစက်ဟုခေါ်ဆိုသည့် ဥပဒေသဘောတရားနှင့် အာဏာစက်ဟုခေါ်ဆိုသည့် အမိန့်ပေးစေခိုင်းခြင်းများသာ တွေ့ရှိရပြီး ပြည်သူပြည်သားများ၊ နိုင်ငံသားများ အလွယ်တကူ ရေရှည်လိုက်ပါ ဆောင်ရွက်စေနိုင်မည့် လူမှုပဋိညာဉ် သဘောတရားများကိုမူ ထည့်သွင်းနိုင်ရန် ကြိုးပမ်းအားထုတ်သည့် အခြေအနေ မတွေ့ရှိရပါ။

ယနေ့အချိန်အခါတွင် တိုင်းပြည်နိုင်ငံများအနေဖြင့် လူမှုရေးပဋိညာဉ် မည်မျှအားကောင်းမောင်းသန် တည်ရှိဖြစ်ပေါ်လျက်ရှိနေသည်ကို လေ့လာတိုင်းတာသည့် အတိုင်းအတာ သို့မဟုတ် အုပ်ချုပ်သူအစိုးရနှင့် ပြည်သူပြည်သားများအကြား ယုံကြည်မှုတည်ဆောက်နိုင်ခြင်း အခြေအနေကို တိုင်းတာသည့် အတိုင်းအတာတစ်ခုမှာ အခွန်နှင့်ဂျီဒီပီအချိုး ဖြစ်ပါသည်။ ပိုပြီးရှင်းလင်းစေရန် ဖော်ပြရပါလျှင် အခွန်အကောက်နှင့် စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုးအချိုး (Taxes and Duties Ratio to Gross Domestic Product (GDP)) ဖြစ်ပါသည်။ အခွန်ထမ်း ပြည်သူပြည်သားများ၏ အခွန်ထမ်းဆောင်ရာတွင် စိတ်ကျေနပ်မှုအခြေအနေနှင့် အခွန်ကောက်ခံသည့် လုပ်ငန်းစဉ်များ ချောမွေ့ပြေပြစ်မှု အခြေအနေများကိုလည်း လေ့လာနိုင်ပါသည်။ စာဖတ်သူများကပင် မိမိတို့တိုင်းပြည်နိုင်ငံ၏ အခြေအနေကို ဝေဖန်သုံးသပ် အကဲဖြတ်ကြစေလိုပါသည်။

နောက်ဆုံးအနေဖြင့် တင်ပြလိုသည်မှာ ယခုကဲ့သို့သောဆောင်းပါး အမျိုးအစားကို စာရေးသူ၏ အဆင့်အတန်းနှင့် ရေးသားတင်ပြရသည်မှာ လွန်စွာခက်ခဲပင်ပန်းလှပါသည်။ အဘယ်ကြောင့်ဆိုသော် ပညာရှင်ကြီးများ တွေးခေါ်ကြံဆခဲ့ကြသည့် အချက်အလက်များသည် ကာလကြာရှည်လာသည့်အခါတွင် ပေါင်းစည်းလျက်ရှိကြပြီး တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားလာစေရန်နှင့် အလွယ်တကူ သိမြင်နားလည် နိုင်စေရန်အတွက် နိုင်ငံရေးသိပ္ပံဘာသာရပ်၊ ဥပဒေပညာဘာသာရပ်နှင့် စာရင်းအင်းပညာဘာသာရပ်များကို အသုံးပြုကာ ခွဲခြမ်းစိတ်ဖြာ လေ့လာရခြင်းကြောင့် ဖြစ်ပါသည်။

အထက်ပါကဲ့သို့ ခွဲခြမ်းစိတ်ဖြာလေ့လာတွေ့ရှိချက်များကို လက်တွေ့ကျကျကျင့်သုံး အကောင်အထည်ဖော်နိုင်မှသာလျှင် မိမိတို့ တိုင်းပြည်နိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပေါ်လျက်ရှိသည့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ၊ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု စာရေးသူအနေဖြင့် ယုံကြည်ပါသည်။  ယခု လေ့လာတင်ပြချက်များသည် စတင်မိတ်ဆက်ခြင်းအဆင့်သာ ဖြစ်ပါသဖြင့် မိမိတို့တိုင်းပြည် နိုင်ငံတော်အပေါ်တွင် အမှန်တကယ်သစ္စာရှိပြီး တိုင်းပြည်နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးစေရေးနှင့် နိုင်ငံသားများ သို့မဟုတ် တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ လူမှုဒုက္ခအပေါင်းကို သက်သာပျောက်ကင်းစေပြီး လူ့ဂုဏ်သိက္ခာနှင့် အသက်ရှင်ရပ်တည်နိုင်စေရန်အလို့ငှာ တာဝန်ရှိသူ အကြီးအကဲများအနေဖြင့် ဆက်လက်လေ့လာပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးကို မျှော်လင့်မိပါသည်။

စာရေးသူအနေဖြင့် အဆိုပြုတင်ပြလိုသည့်အချက်မှာ ယခုကဲ့သို့အရေးကြီးပြီး ထိလွယ်၊ ရှလွယ်ဖြစ်လှသည့် တိုင်းပြည်နိုင်ငံတော်ကို ကိုယ်စားပြုမည့် လူမှုရေးပဋိညာဉ်နှင့် ပတ်သက်ဆက်စပ်နေသော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါလျှင် စီမံကိန်းများ သို့မဟုတ် စီမံချက်များ (Projects) အား အချိန်ကာလ အပိုင်းအခြား တစ်ခုပြီးတစ်ခု သတ်မှတ်ပြီး လွတ်လပ်ပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးနိုင်မည့် အမှီအခို၊ အရောင်အသွေးကင်းသည့် သက်ဆိုင်ရာ ဘာသာရပ်ပညာရှင်များ၊ တိုင်းရင်းသားလူမျိုးစုများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို နားလည်တတ်ကျွမ်းသည့် ပညာရှင်များ၊ အချိန်ပိုင်းအရ ပါဝင်ဆောင်ရွက်ပေးနိုင်မည့် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ စသည်တို့ပါဝင်စေလျက် အဖွဲ့ငယ်များ (Teams) ဖြင့် လုပ်ငန်းရည်ရွယ်ချက်နှင့် လုပ်ငန်းအစီအစဉ်များ ချမှတ်စေကာ ရလဒ်ထွက်ပေါ်လာစေသည်အထိ ဆောင်ရွက်စေပြီး ပြည်သူပြည်သားများထံသို့ သတင်းအချက်အလက်များကို အဆက်မပြတ် ထုတ်ပြန်ပေးနေရန် ဖြစ်ပါသည်။

ဤနေရာတွင် အရေးကြီးဆုံး အချက်တစ်ခုမှာ ပါဝင်ဆောင်ရွက်သူ အားလုံးတို့အား ရလဒ်နှင့် ထိုက်တန်သည့် ချီးမြှင့်ငွေများ ပေးအပ်ရန်နှင့် လိုအပ်မည့်ငွေကြေးကို ချွေတာခြင်းမပြုဘဲ အသုံးပြုရန်ဖြစ်ပါသည်။ အလကားခိုင်းစေလျှင် အလကားရလဒ်များသာ ရရှိမည်ဆိုသည်ကို သတိပြုရန်ဖြစ်သည့်အပြင် လူတို့၏အသက်များ၊ အိုးအိမ်စည်းစိမ်များ မဆုံးရှုံးမပျက်စီးစေရန် ငွေကြေးများကို အသုံးပြုရသည်ဟု သဘောထားရှိရန် ဖြစ်ပါသည်။

မိမိတို့ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် နိုင်ငံသားများ၊ တိုင်းရင်းသားများ၏ အသက်ထက် တန်ဖိုးရှိသောအရာသည်မရှိဟု စာရေးသူအနေဖြင့် ခံယူပါသည်။ ယခု အသုံးပြုရသည့် ငွေကြေးသည် နိုင်ငံသားများ၊ တိုင်းရင်းသားများ၏ အသက်များနှင့် နှိုင်းယှဉ်ရန် မသင့်ပါ။ ငွေကြေးအသုံးမပြုနိုင်သဖြင့် နိုင်ငံသားများ၊ တိုင်းရင်းသားများ၏ အသက်များ ဆုံးရှုံးနေရခြင်းဆိုသည်မှာ မဖြစ်သင့်၊ မဖြစ်ထိုက်သည့်အချက် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ‘လူမှုရေးပဋိညာဉ်’ နှင့် ပတ်သက်ဆက်စပ်သည့် လုပ်ငန်းစဉ်များသည် တိုင်းရင်းသားလူမျိုးစုများအကြား၊ အုပ်ချုပ်သူအစိုးရနှင့် ပြည်သူပြည်သားများအကြားတွင် ယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။ မိမိတို့ တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက နှစ်ပေါင်း ၇၀ ကျော်ကြာ တိုင်းရင်းသားလူမျိုးစုများကို အခြေခံသည့် လက်နက်ကိုင် ပဋိပက္ခများ တည်ရှိနေသည့်အပြင် အုပ်ချုပ်သူ အစိုးရနှင့် ပြည်သူပြည်သားများအကြားတွင်လည်း ယုံကြည်မှုတည်ဆောက်နိုင်ရန် လိုအပ်လျက်ရှိနေပါသဖြင့် ‘လူမှုရေးပဋိညာဉ်’ နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို မဖြစ်မနေ ဆောင်ရွက်ရမည့် အခြေအနေဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

References:

1. Thomas Hobbes (1994), “Leviathan”, Edited by Richard Tuck, Cambridge University Press.

2. John Locke (1884), “Two Treaties on Civil Government”, London, George Routledge and Sons.

3. Jean Jacques Rousseau (1895), “The Social Contract or Principles of Political Right”, Swan Sonneschein & Co., New York: Charles Scribner’s Sons.

4. Joseph. H. Kary (2000), “Contract Law and Social Contract: What Legel History Can Teach Us About the Political Theory of Hobbes and Locke”, Ottawa Law Revue/Revue de droit d’Ottawa, Vol 31:1 [1999-2000], pp-73-91.