ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးလဲလှယ်ရာတွင် အများဆုံးထားရှိရမည့်ကွာဟချက်ကို ပယ်ဖျက်ခဲ့ခြင်း၊ ချေးငွေပြန်ဆပ်ရန်ကာလ နောက်ထပ်ခြောက်လ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့သည့် COVID-19 ချေးငွေများ

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးလဲလှယ်ရာတွင် အများဆုံးထားရှိရမည့်ကွာဟချက်ကို ပယ်ဖျက်ခဲ့ခြင်း၊ ချေးငွေပြန်ဆပ်ရန်ကာလ နောက်ထပ်ခြောက်လ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့သည့် COVID-19 ချေးငွေများ
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ်
Published 19 September 2021

နိုင်ငံခြားငွေရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာဟချက်သတ်မှတ်ခြင်းကို ပယ်ဖျက်ပြီး ဗဟိုဘဏ်က စက်တင်ဘာ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

သြဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းတို့ လုပ်ဆောင်ရာတွင် CBM Reference Rate အား Mid-rate ဖြင့် သတ်မှတ်၍ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းကို သုည ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းမှ ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းကို ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း၊နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များ၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူများကို အကြောင်းကြားကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားစာမှာ စျေးကွက်အတွင်း အရောင်းအဝယ်ပြု လုပ်နေသည့် ဒေါ်လာစျေးနှုန်းကို ရိုက်ခတ်မှုမရှိနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာစိုးထွန်းက ဆိုသည်။

“အရင်တုန်းကတော့ စျေးနှုန်းသတ်မှတ်ချက် ရှိထားတဲ့အခါကျတော့ ဘဏ်တွေနဲ့ ကောင်တာတွေမှာ ဘုတ်ပေါ်မှာတင်တဲ့စျေးနဲ့ တကယ်အရောင်းအဝယ်ဖြစ်တဲ့ စျေးကွာနေတာပေါ့။ ဘုတ်ပေါ်မှာ ၁၇၀၀ ရေးထားပေမဲ့လည်း ဝယ်လို့လည်းမရဘူး။ သိတဲ့လူတွေလောက်ပဲ လက်သိပ်ထိုးရောင်းဝယ်နေကြတာ။ အပြင်မှာက ၂၀၀၀ ဖြစ်နေတယ်။ ရောင်းရဝယ်ရတာလည်း ခက်တယ်။ ဒီလို လွှတ်ပေးလိုက်တဲ့ အတွက်ကြောင့်မိုလို့ အရင်လိုပဲ လွတ်လွတ်လပ်လပ် သတ်မှတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ ရောင်းရဝယ်ရတာတော့ လွယ်ကူလာမှာပေါ့။ စျေးနှုန်းအတက်အကျနဲ့တော့ သိပ်မဆိုင်ဘူး။ အရောင်းအဝယ်တော့ ပိုပြီးတွင်လာမှာပေါ့” ဟု ဒေါက်တာစိုးထွန်းက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားငွေ စျေးပြိုင်လေလံမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၃၆ ဒဿမ ၈ သန်းကျော် ရောင်းချခဲ့ခြင်း အပါအဝင် အခြားသော ဆောင်ရွက်ချက်များသည် နိုင်ငံခြားငွေကြေး စျေးကွက်၏ ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်သာဖြစ်ပြီး ငွေလဲစျေးနှုန်းအား စျေးနှုန်းတစ်ရပ်တွင်ရှိနေစေရန် ထိန်းသိမ်းထားခြင်း မဟုတ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

နိုင်ငံခြားငွေကြေးစျေးကွက်တွင် စျေးကွက်ပေါက်စျေးနှင့်အညီ စျေးနှုန်းသတ်မှတ်နိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စက်တင်ဘာ ၁၀ ရက်တွင် ညွှန်ကြားချက် အမှတ်(၁၂/၂၀၂၁) ထုတ်ပြန်၍ နိုင်ငံခြားငွေကြေးစျေးကွက်တွင် CBM Reference Rate အား Mid-rate အဖြစ် သတ်မှတ်၍ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းကို  ± ၀ ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း ဆောင်ရွက်ရန် ညွှန်ကြားချက်ကို ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လက်ရှိဆောင်ရွက်ချက်များသည် နိုင်ငံခြားငွေကြေးစျေးကွက်၏ ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်သာဖြစ်ပြီး နိုင်ငံခြားငွေလဲနှုန်းအား စျေးနှုန်းတစ်ရပ်တွင် ရှိနေစေရန် ထိန်းသိမ်းထားခြင်းမဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းသည် နေ့တစ်နေ့အတွင်း ဘဏ်အချင်းချင်း၊ ဘဏ်နှင့်၎င်း၏ Customer အကြား ရောင်းဝယ်သည့် ငွေလဲလှယ်နှုန်းအား ဝယ်ယူ၊ ရောင်းချသည့်ပမာဏနှင့် အလေးပေးတွက်ချက်ထားသည့် ငွေလဲနှုန်းကိုသာ ကြေညာခြင်းဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရခြင်းသည် နိုင်ငံခြားငွေ လိုအပ်ချက်များပြားမှုအပေါ်မူတည်ပြီး နိုင်ငံခြားငွေဝယ်ယူရာတွင် စျေးပိုပေးဝယ်ယူခြင်း၊ စျေးအမြင့်ဖြင့် ပြန်လည်ရောင်းချခြင်းများကြောင့် နိုင်ငံခြားငွေလဲနှုန်းသည် တက်သင့်၊ မြင့်သင့်သည်ထက် ကြီးမားစွာမြင့်မားခြင်း မဖြစ်စေရန် ဘောင်တစ်ခုအား သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားငွေကြေးစျေးကွက်တွင် နိုင်ငံခြားငွေ လိုအပ်ချက်များပြားနေခြင်းကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်မားလာသော်လည်း ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းကို Mid-Rate အဖြစ်ထား၍ သတ်မှတ်ထားခြင်းကြောင့် ဘဏ်များနှင့် Customer များအကြား အရောင်းအဝယ်ပြုလုပ်ရန်အတွက် ညှိနှိုင်းရာတွင် စျေးနှုန်းသတ်မှတ်ရန် အခက်အခဲများဖြစ်ပေါ်စေခဲ့ပြီး နိုင်ငံခြားငွေကြေးစျေးကွက် အရောင်းအဝယ် ပမာဏကျဆင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ပြည်ပမှမြန်မာနိုင်ငံသို့ နိုင်ငံခြားငွေဝင်ရောက်မှုနှင့် မြန်မာနိုင်ငံမှ ပြည်ပသို့နိုင်ငံခြားငွေ စီးထွက်မှုများတွင် နိုင်ငံခြားငွေစီးထွက်မှုက ပိုမိုများပြားခဲ့ပြီး အမေရိကန်ဒေါ်လာ ဝင်ရောက်လာမှုသည် ယခင်နှစ်အလားတူကာလထက် ထက်ဝက်ကျော် နည်းပါးခဲ့ကြောင်း၊ နိုင်ငံခြားငွေကြေးစျေးကွက်၏ လိုအပ်ချက်ကို အဓိကဖြည့်ဆည်းသည့် ဝင်ငွေရလမ်းများသည် ပို့ကုန်တင်ပို့ခြင်းမှရငွေ၊ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းနှင့် ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူများက မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပို့ငွေများဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားငွေဝင်ရောက်မှုထက် နိုင်ငံခြားငွေပြန်လည်အသုံးပြုမှု ပိုမိုများပြားသဖြင့် နိုင်ငံခြားငွေလိုအပ်ချက် ပိုမိုကြီးမားခြင်းအပြင် COVID-19 ဖြစ်ပွားနေမှု၊ အရေးပေါ် နိုင်ငံခြားရေးငွေ လိုအပ်ချက်များကြောင့် အမေရိကန်ဒေါ်လာစျေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ နိုင်ငံခြား ငွေကြေးစျေးကွက်တွင် အရောင်းအဝယ်ပြုလုပ်သည့် စျေးနှုန်းလည်း မြင့်တက်လာခဲ့ကြောင်း၊ အမေရိကန် ဒေါ်လာစျေးနှုန်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၁ ကျပ်မှ စက်တင်ဘာတွင် ကျပ် ၁၇၅၀ အထိ မြင့်တက်ခဲ့ခြင်းကြောင့် ဗဟိုဘဏ်အနေနှင့် နိုင်ငံခြားငွေစျေးပြိုင်လေလံမှတစ်ဆင့် ဖေဖော်ဝါရီလမှ စက်တင်ဘာ ၁၄ ရက်အတွင်း နိုင်ငံခြားငွေလိုအပ်ချက်ကို ဝင်ရောက်ဖြည့်ဆည်းသည့်အနေဖြင့် အမေရိကန် ဒေါ်လာ ၁၃၆ ဒသမ ၈ သန်း ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗဟိုဘဏ်နေဖြင့် နိုင်ငံခြား ငွေကြေးစျေးကွက်အတွင်း လိုအပ်နေသော နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သော်လည်း စျေးနှုန်းကျဆင်းခြင်းမရှိဘဲ ဆက်တိုက်မြင့်တက်နေခြင်းသည် COVID-19 တတိယလှိုင်းကာလတွင် ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းရန် လိုအပ်ခြင်းကြောင့် ကုန်သွယ်မှုအတွက် စီးထွက်ငွေသည် ဇွန်လအတွင်း မြင့်မားခဲ့သဖြင့် စျေးကွက်အတွင်း အမေရိကန်ဒေါ်လာ လိုအပ်ချက် ပိုမိုလာခြင်းကြောင့်ဖြစ်သည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချေးငွေပြန်ဆပ်ရန်ကာလကို နောက်ထပ်ခြောက်လ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့သည့် COVID-19 ရန်ပုံငွေမှ ချေးငွေများ

COVID-19 ရန်ပုံငွေမှချေးငွေ ရယူထားသူများအနေဖြင့် ချေးငွေပြန်ဆပ်ရန် ကာလကိုချေးငွေကာလ သက်တမ်း (၁) နှစ် (၆) လစေ့ရောက်သည့်နေ့မှစ၍ ဒုတိယအကြိမ်အဖြစ် နောက်ထပ်ခြောက်လ ထပ်မံသက်တမ်း တိုးမြှင့်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက စက်တင်ဘာ ၁၁ ရက်တွင် အသိပေးကြေညာခဲ့သည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား ချေးငွေသက်တမ်း တစ်နှစ် (အတိုးနှုန်း၁ %) ဖြင့် ကိုဗစ်-၁၉ ရန်ပုံငွေမှချေးငွေထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်မှစတင်ထုတ်ပေးခဲ့ပြီး၂၀၂၁ ခုနှစ် မတ် ၁၇ ရက်တွင် ကိုဗစ်- ၁၉ ရန်ပုံငွေမှချေးငွေ ရယူထားသူများအနေဖြင့် ချေးငွေပြန်ဆပ်ရန်ကာလကိုချေးငွေ ကာလသက်တမ်း တစ်နှစ်စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်ခြောက်လသက်တမ်း တိုးမြှင့်ပေးပါကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ပထမအသုတ်ချေးငွေ ရရှိသူများသည် မူလချေးငွေသက်တမ်း တစ်နှစ်နှင့် ထပ်မံခွင့်ပြုထားသည့် (၆) လ ကာလမှာ အောက်တိုဘာလတွင် စတင်၍ ချေးငွေသက်တမ်းကာလ ထပ်မံပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ တတိယလှိုင်း သက်ရောက်မှုကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ပြန်လည်ပေးဆပ်ရန် အခက်အခဲများရှိနေသဖြင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေပြန်လည် ပေးဆပ်ရမည့်ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်ခြောက်လ ထပ်မံသက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသူများအနေဖြင့် ချေးငွေပြန်ဆပ်ရန်ကာလကို ချေးငွေကာလသက်တမ်း (၁) နှစ် (၆) လ စေ့ရောက်သည့်နေ့မှစ၍ ဒုတိယအကြိမ်အဖြစ် နောက်ထပ်ခြောက်လ ထပ်မံသက်တမ်း တိုးမြှင့်ပေးပါကြောင်း ကြေညာထားသည်။

COVID-19 ကြောင့် ထိခိုက်မှုရှိနေသော ငါး၊ ပုစွန်မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ COVID-19 ရန်ပုံငွေမှ ချေးငွေထုတ်ချေးမည်ဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်မှ ၃၀ ရက်အတွင်း ချေးငွေများ လျှောက်ထားရမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ သိရသည်။

အဆိုပါမွေးမြူရေးလုပ်ငန်းများ၊ ငါး၊ပုစွန်မွေးမြူရေးလုပ်ငန်းများသို့ ထုတ်ချေးမည့် ချေးငွေများကို အတိုးနှုန်းတစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးယူခွင့်ပြုမည်ဖြစ်သည်။

ချေးငွေလျှောက်လွှာများကို ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနများ၏ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်တို့တွင် ရယူနိုင်ကြောင်းနှင့် လျှောက်လွှာများကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ မှ ၃၀ ရက်အတွင်း ကုန်သည်စက်မှုအသင်းချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးများတွင် လက်ခံသွားမည်ဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်ထက် ကျော်လွန်တင်ပြလာသည့် လျှောက်လွှာများကို လက်ခံဆောင်ရွက်ခြင်းပြုမည် မဟုတ်ကြောင်း သိရသည်။

Most Read

Most Recent