မာကယ်ခေတ်လွန် ဂျာမနီနိုင်ငံရေးအခင်းအကျင်းသစ်-၂

မာကယ်ခေတ်လွန် ဂျာမနီနိုင်ငံရေးအခင်းအကျင်းသစ်-၂
စက်တင်ဘာ ၁၇ ရက်က ဟန်နိုဗာမြို့အနီးရှိ Laseroptik ကုမ္ပဏီ၌ အိန်ဂျလာမာကယ်က စမတ်ဖုန်းထုတ်လုပ်ရာတွင်အသုံးပြုသော မှန်ဘီလူးတစ်ခုအနီး ရပ်နေစဉ် (Photo: AFP)
စက်တင်ဘာ ၁၇ ရက်က ဟန်နိုဗာမြို့အနီးရှိ Laseroptik ကုမ္ပဏီ၌ အိန်ဂျလာမာကယ်က စမတ်ဖုန်းထုတ်လုပ်ရာတွင်အသုံးပြုသော မှန်ဘီလူးတစ်ခုအနီး ရပ်နေစဉ် (Photo: AFP)
Published 18 September 2021
မိုးဧအောင်

ပြိုင်ဘက်ပါတီများ

လက်ရှိအခြေအနေတွင် မာကယ်၏ ညွန့်ပေါင်းမဟာမိတ်ဖြစ်သော ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (Social Democratic Party - SDP) သည် ဂျာမန်မဲပေးသူတို့၏ ဟဒယကို ဖမ်းစားနိုင်ပုံရ၏။ တိုင်းပြည်တွင် သက်တမ်း အရင့်ဆုံးပါတီဖြစ်သော SDP သည် သမိုင်းကြောင်းတစ်လျှောက် အလုပ်သမားလူတန်းစားကို ကိုယ်စားပြု၍ ခိုင်မာသည့် လူမှုရေးစီမံချက်များကို ထောက်ခံလာခဲ့၏။ သို့သော် အလုပ်တို့၏ ပြောင်းလဲသွားသော သဘောသဘာဝအရ SDP ၏ နိုင်ငံရေး မျက်နှာသာရမှုတို့မှာ တဖြည်းဖြည်း လျော့ကျလာခဲ့သည်။ လွန်ခဲ့သော ၁၅ နှစ်လောက်ကပင် နိုင်ငံရေးအရ ကျရိပ်သန်းလာသည့်အတွက် SDP သည် မာကယ်၏ CDU အပါအဝင် သက်တမ်းနုပါတီ သုံးလေးခုနှင့် ‘အထူးမဟာမိတ်’ ဖွဲ့ခဲ့ပြီး၊ အကျိုးရလဒ်အချို့ ဆုပ်ဆုပ်ကိုင်ကိုင် ရရှိခဲ့၏။

SDP ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခြင်းခံရသူ အိုလက်ဖ်ရှော့ဇ်မှာ လက်ရှိဒုဝန်ကြီးချုပ်နှင့် ဖက်ဒရယ် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ မာကယ်ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအတွင်းမှ အိုလက်ဖ်သည် အရည်အချင်းလည်း ရှိ၊ တည်လည်း တည်ငြိမ်ကာ အတွေ့အကြုံရင့်ကျက်သူလည်း ဖြစ်၏။ မဲဆွယ်ပွဲအများစု၌ SDP ၏ အခြေအနေမှာ အနောက်တိုင်းဒီမိုကရေစီအတွင်းရှိ ဗဟိုလက်ဝဲပါတီများ ကြုံတွေ့နေကျ လောကဓံအတိုင်း ခေတ်နှင့်အဟပ်ကွာပြီး စစ်တမ်းအရ လူကြိုက်နည်းလျက်ရှိနေသည်။ သို့သော် ရွေးကောက်ပွဲနီးလာချိန်တွင် အခြားသော ကိုယ်စားလှယ်လောင်းများအပေါ် မဲဆန္ဒရှင်တို့ ဝေ၀ါးဝါးဖြစ်လာချိန်၌ SDP ၏ နိုင်ငံရေး သဘောတရားအရ ခိုင်မာမှုမှာ အားကိုးဖွယ် ဖြစ်နေသည်။ လက်ရှိ ခေါင်းဆောင်မှုအရဆိုသော် အစိုးရဖွဲ့နိုင်မည့် ပါတီအဖြစ်သို့ မရောက်နိုင်သေးပါ။

နှိုင်းယှဉ်တင်ပြရမည့် နောက်တစ်ပါတီမှာ အစိမ်းရောင်ပါတီ (Green Party) ဖြစ်၏။ ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲရာသီအစတွင် သောင်းသောင်းဖြဖြ ကြိုဆိုခြင်းခံခဲ့ရသော်လည်း လက်ရှိတွင် အစိမ်းများမှာ မျှော်လင့်သလို ထင်တိုင်းမပေါက်ခဲ့ကြပါ။ တစ်ချိန်က အယူအစွဲသန်လွန်းလှသည့်ပါတီ ဖြစ်ခဲ့သည့်အပြင် ကျဉ်းမြောင်းသောအမြင်၊ ဟိတ်ဟန်ထုတ်လွန်းခြင်းတို့ကလည်း အုပ်ချုပ်ရေးယန္တရားနှင့် လက်တွေ့အခြေအနေတို့အပေါ် ချဉ်းကပ်ရာတွင် သာ၍ဝေးရာဆီ ခရီးနှင်သလို ဖြစ်နေ၏။ ပါတီ၏ အဓိကလမ်းကြောင်းတွင် ညှိရခက်သော အမာသမား (Fundis) များထက် အမြင်မျှတသူ အလယ်အလတ်သမားများ (Realos) က နေရာရလာသည့်အတွက် မြို့ပြနေ ပရိုဖက်ရှင်နယ် လူတန်းစား၏ မဲများကိုရရှိခဲ့ပြီး ကျန်မဲဆန္ဒရှင်များကိုပါ စည်းရုံးဆွဲဆောင်နိုင်ရေးအတွက် အားထုတ်ရပါဦးမည်။ ရာသီဥတုပြောင်းလဲမှုတည်းဟူသော အကြောင်းအရာသည် ဂျာမန်အများစု၏ စိတ်ထဲတွင် တွေးနေကျဖြစ်သည့်အတွက်၊ သဘာဝဝန်းကျင်ကို ချစ်မြတ်နိုးတတ်သော ရှေးရိုးဆန်ဂျာမန် မဲဆန္ဒရှင်တို့မှာ အစိမ်းပါတီကို ရွေးချယ်ရန် အလားအလာ ရှိနေပါသည်။

အစိမ်းရောင်ပါတီ၏ တက်ကြွားကြွကြွ အချိန်ကာလမှာ သိပ်မကြာလိုက်ပါ။ အန်နာလီနာ ဘဲယားဘော့ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းပြီးချိန်က လူထုစစ်တမ်းအရ ထောက်ခံမှုအမြင့်ဆုံး ရခဲ့သော်လည်း ဘဲယားဘော့အပေါ် အယောင်ဆောင်ခြင်း၊ အခွန်ရှောင်တိမ်းခြင်း၊ ပိုင်ဆိုင်မှုများ စာရင်းပြသည်ထက် ပိုမိုများပြားနေခြင်းစသည့် စွပ်စွဲချက်များ ပေါ်ထွက်လာသည့်အခါရရှိပြီး ထောက်ခံမှုအရှိန်အဟုန် ကျဆင်းသွားခဲ့၏။ နောက်ထပ်စောကြောချက်တစ်ခုမှာ အသက် ၄၁ နှစ်ရှိ  ဘဲယားဘော့သည် ဖက်ဒရယ်အဆင့်၊ ပြည်နယ်အဆင့် ဝန်ကြီးရာထူးမျိုးတစ်ကြိမ်မှ တာဝန်မထမ်းဆောင်ဖူးသည့်အတွက် ယခုလိုထိပ်ဆုံးကရာထူးမျိုးကို အခက်ခဲဆုံး ဖြတ်သန်းရမည့်ကာလ၌ နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်ခြင်း ရှိမရှိဆိုသော မေးခွန်းဖြစ်၏။ ထိုအခြေအနေများ ပေါ်ပေါက်နေသည့်တိုင် အစိမ်းတို့ကတော့ ရွေးကောက်ပွဲနေ့တွင် ရလဒ်ကောင်းလိမ့်မည်ဟု မျှော်လင့်နေကြဆဲ ဖြစ်သည်။ ဝန်ကြီးချုပ်နေရာကို အနိုင်မရသည့်တိုင် သူတို့ပါတီအောင်ပွဲခံမည့် မဲဆန္ဒနယ်အရေအတွက်မှာ မာကယ်အလွန်ကာလ နိုင်ငံရေးအခင်းအကျင်းအတွက် အလေးထားရမည့် အင်အားပင် ဖြစ်ပါသည်။

ပြိုင်ဘက်ပါတီအဖြစ် လက်ယာစွန်း AfD (Alternative for Germany Party - AfD) ပါတီကို ဆက်လက်လေ့လာကြည့်ပါစို့။ AfD သည် ‘ပါတီကိုဆန့်ကျင်သောပါတီ’ အဖြစ် မြင်နေရသည့်တိုင် ဂျာမနီအရှေ့ပိုင်းရှိ ပြည်နယ် ၁၆ ခုလုံးတွင် အားပေးမှု အခိုင်အမာရရှိဆဲ ဖြစ်သည်။ နိုင်ငံလုံးဆိုင်ရာ ပါတီကြီးများ အားလုံးလိုလို ပေါင်းစည်းနိုင်မည့် အာမခံချက်မျိုး မမြင်ရသည့်တိုင် ပါတီဝင်များအနေနှင့်ကတော့ ‘သူဖြူလျှင် ငါမည်း’ ပြီး ‘ဗိုလ်တစ်ထောင်’ ဖြစ်နေခြင်းကို ပျော်မွေ့နေကြပုံရ၏။ အငြင်းအခုံပြုစရာ အချက်အလက်များ ရှိနေသည့်တိုင် AfD ရရှိမည့် မဲအရေအတွက်မှာ ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲကကဲ့သို့ ၁၀ ရာခိုင်နှုန်းဝန်းကျင် သေချာပေါက်ရပါလိမ့်မည်။ ထိုနှစ်က ရွေးကောက်ပွဲတွင် AfD အနေနှင့် ၁၂ ဒသမ ၆ ရာခိုင်နှုန်း မဲရခဲ့၏။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စတင်ချိန်က AfD သည် ဖက်ဒရယ်အစိုးရ၏ ကပ်ရောဂါအပေါ် တုံ့ပြန်မှု နှေးကွေးခြင်းအတွက် အပြစ်ဆိုခဲ့သော်လည်း ပိတ်ဆို့တားဆီးသည့် ကန့်သတ်ချက်များကို ထောက်ခံခဲ့၏။ သို့သော် ကန့်သတ်ချက်များ ပိုမိုတင်းကျပ်လိုက်သည့်အခါ AfD ၏ ဝေဖန်မှုများ ဖြည်းဖြည်းချင်း ကျယ်လောင်လာ၏။ နှာခေါင်းစည်းတပ်ခြင်း ဆန့်ကျင်သူများနှင့် ကန့်သတ်ပိတ်ဆို့ခြင်း ဆန့်ကျင်သူများကို ပါတီက လူသိရှင်ကြား ထောက်ခံလျက် ‘ဂျာမနီ - သို့သော် ပုံမှန်’ (Deutschland, Aber Normal) ဆိုသည့် ကြွေးကြော်သံအသစ်အရ ကာကွယ်ဆေးထိုးနှံခြင်း ဆန့်ကျင်သူများနှင့် ကိုဗစ်ကို အထူးအလေးမထားဘဲ နဂိုနေအတိုင်း ပြုမူနေထိုင်လိုသူများကိုပါ အင်အား ‘စု’ နိုင်ခဲ့၏။ ညွန့်ပေါင်းအစိုးရအတွင်း ဗ်ီကိုနေရာပေးရန် မနှစ်မြို့ကြသည့်တိုင် သူ့ပါတီ၏အမှတ်လက္ခဏာများဖြစ်သော အမျိုးသားရေးဝါဒ၊ လူမှုရေးအခြေ နဂိုနေဝါဒနှင့် စီးပွားရေး ဖြန့်ဖြူးပုံ ပြန်လည်ပြင်ဆင်ရေးကို အားပေးမည့်ဝါဒတို့သည် အနာဂတ်အတွက် တွန်းအားအဖြစ် တည်ရှိနေပါလိမ့်မည်။

အရောင်အသွေး စုံလင်လှသော ဂျာမနီ၏ပါတီနိုင်ငံရေးမှ နောက်ထပ်ဖော်ပြရမည့် လစ်ဘရယ်အင်အားစုမှာ လွတ်လပ်သော ဒီမိုကရက်တစ်ပါတီ (Free Democratic Party - FDP) ဖြစ်သည်။ FDP သည် ၂၀၁၇ ရွေးကောက်ပွဲ၌ ယခင်ကထက် မဲရရှိမှု နှစ်ဆတိုးကာ ၁၀.၉ ရာခိုင်နှုန်းထိ ရခဲ့သည့်ကာလမှ ယခုအချိန်ထိ သူ့အရှိန်ကို ထိန်းထားနိုင်ဆဲ ဖြစ်သည်။ စီးပွားရေးရော လူမှုရေးကဏ္ဍတွင် ပါလစ်ဘရယ်ပါတီ ဖြစ်သည့်အားလျော်စွာ စီးပွားရေးလုပ်ငန်းရှင်များ၊ ပရိုဖက်ရှင်နယ်များနှင့် ‘အစိုးရက စီးပွားရေး၌ ဝင်ရောက် စွက်ဖက်မှု မပြုရေးမူ’ ကို လက်ကိုင်ထားသည့် မဲဆန္ဒရှင်များအတွက် FDP သည် ‘ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်’ ဖြစ်၏။ နောက်ထပ် အဓိကအားသာချက်မှာ လူချစ်လူခင်ပေါပြီး စွမ်းရည်ပြည့်ဝသော ခေါင်းဆောင် ခရစ္စတီယန်လင်ဒ်နာ ဖြစ်၏။ သူ့ကိုထောက်ခံသူများကို TED-Talk စတိုင်မျိုးဖြင့် မိန့်ခွန်းပြောလေ့ရှိပြီး လင်ဒ်နာသည် ဆိုရှယ်မီဒီယာတွင် ထုနှင့်ထည်နှင့် လူစုထားနိုင်သူဖြစ်၏။ ယခုလရွေးကောက်ပွဲ၌ နောက်ထပ်ငါးရာခိုင်နှုန်း ထပ်ရခဲ့လျှင် အသစ်ဖွဲ့မည့် ညွန့်ပေါင်းအစိုးရတွင် FDP ၏ အခန်းကဏ္ဍ ပါဝင်လာပါတော့မည်။

နောက်ဆုံးအနေနှင့် ဖော်ပြရမည့်ပါတီမှာ လက်ဝဲပါတီ (Left-die Linke partei) ဖြစ်သည်။ ယခင်ပါတီဟောင်း ဒီမိုကရက်တစ် ဆိုရှယ်လစ်ဇင်နှင့် အသစ်အချို့ ပူးပေါင်းကာ ၂၀၁၇ တွင် ဖွဲ့စည်းခဲ့၏။ တစ်ချိန်က အရှေ့ဂျာမနီအခြေပြု မာ့က်စ်-လီနင်ပါတီဖြစ်ပြီး လက်ဝဲစွန်းရောက်သည်ဟု ရှုမြင်ခြင်းခံရပါသည်။ လက်ဝဲပါတီ၏ အမာခံနယ်မြေသည် အရှေ့ပိုင်းဖြစ်သော်ငြား ဂျာမနီနိုင်ငံတစ်လွှား ထောက်ခံမှုရရှိရေးအတွက် ကျန်ပြိုင်ဘက်ပါတီများနည်းတူ အောင်ပွဲရရန် လှုပ်ရှားလျက်ရှိပါသည်။ ပါတီသည် ဆိုဗီယက်မူအတိုင်း လျှောက်လှမ်းနေသည့်အတွက် အများစုမှာစိတ်မသက်မသာ ဖြစ်ကြရပြီး ဂျာမနီနိုင်ငံရေးလောကအတွက် AfD ကဲ့သို့ ‘ဖျက်မြင်း’ ပင် ဖြစ်ပါ၏။

အနာဂတ်အခင်းအကျင်း မှန်းဆချက်များ

၂၀၂၁ ခု၊ စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲအပြီး ဂျာမနီတွင် ညွန့်ပေါင်းအစိုးရ ပေါ်ထွက်လာမည်မှာ မှန်သော်လည်း မည်သည့်ပါတီများက မည်သို့ပုံစံဖြင့် အဓိကအတွဲအစပ် လုပ်သွားကြမည်ကို တိတိကျကျ ခန့်မှန်းရန် ခက်ခဲလှသည်။

နောက်တက်လာမည့်အစိုးရအား မည်သည့်ပါတီက ဦးဆောင်ဖွဲ့စည်းသည်ဖြစ်စေ၊ ကိုရိုနာဗိုင်းရပ်စ်ကပ်အတွင်း နွံနစ်နေသည့် တိုင်းပြည်၏ စီးပွားရေးကို လမ်းကြောင်းမှန်ပေါ် ‘တင်’ ပေးရပါမည်။ ဖက်ဒရယ်ကျန်းမာရေး ဝန်ကြီး၏အဆိုအရ ဂျာမန် ၆၁ ဒသမ ၂ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးပြီး ဖြစ်ကြ၏။ ကာကွယ်ဆေးထိုးနှံမှုအတိုင်းအတာမှာ တစ်စုံတစ်ရာ ကျေနပ်ဖွယ်ဖြစ်သည့်တိုင်လာမည့် ဆောင်းရာသီ ဝင်စပြုချိန်တွင် ရောဂါကူးစက်မှု မြင့်တက်လာမည့်အရေး၊ ဆေးရုံများ၏ ကြံ့ကြံ့ခံနိုင်မှုနှင့် ဒယ်လ်တာကဲ့သို့ ကူးစက်နှုန်း မြင့်မားသော ဗီဇထွန်းဗိုင်းရပ်စ်များအတွက် အကြောက်တရားက ကြီးစိုးနေဆဲ ဖြစ်ပါသည်။

ကပ်ရောဂါသည် ဂျာမနီနိုင်ငံ၏ လူမှုကူညီရေးစနစ်ကို အက်ကြောင်းထင်စေခဲ့၏။ ကပ်ရောဂါကာလအတွင်း အစိုးရကကုမ္ပဏီများကို အရေးပေါ်ရန်ပုံငွေများ ထောက်ပ့ံခဲ့သည့်တိုင်၊ လုပ်ငန်းငယ်များနှင့် ကိုယ်ထူကိုယ်ထ ဆိုင်လေးများမှာ ဤအကူအညီနှင့် ဝေးကွာဆဲဖြစ်ပါသည်။ ကာကွယ်ဆေးများကို ဦးဦးဖျားဖျား ထိုးပေးခဲ့သော်လည်း ထူထဲသိပ်သည်းလှသည့် ဗျူရိုကရေစီနှင့် ပြုရပြင်ရခက်လွန်းသော နည်းဥပဒေများကြောင့် ဆေးအာနိသင်နှင့် ဂျာမန်တို့၏ ကိုယ်ခံအားကို ဆန်းစစ်မှု မပြုရသေးပါ။ နောက်တက်လာမည့်အစိုးရသည် ဤကိစ္စကို ပြတ်ပြတ်သားသား ကိုင်တွယ်ရမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်ခေတ်နှင့်အညီ တိုင်းပြည်၏ အင်တာနက်လှိုင်းနှုန်းကိုပါ မြှင့်တင်ပေးရန် လိုလာပါလိမ့်မည်။

မကြာမီနှစ်များ၌ ဂျာမနီသည် နိုင်ငံတကာစင်မြင့်တွင် ပိုမိုကျယ်ပြန့်သော ခေါင်းဆောင်မှုကို ရယူနိုင်မည့် အခွင့်အလမ်း ရှိနေပါသည်။ အမျိုးသားအကျိုးစီးပွားအတွက် အတ္တလန်တစ် သမုဒ္ဒရာကိုဖြတ်၍ အမေရိကန်နှင့် နီးကပ်စွာ ပေါင်းခဲ့သလို ဥရောပညီညွတ်ရေးနှင့် နိုင်ငံတကာအစီအစဉ် တည်ငြိမ်ရေးကိုပါ အားထုတ်နိုင်ခဲ့၏။ ဥရောပသမဂ္ဂ၌ ပေါ်ပြူလာအဖြစ်ဆုံးနှင့် စီးပွားရေးအတောင့်တင်းဆုံးနိုင်ငံ ဖြစ်သည့်အားလျော်စွာ ဂျာမနီသည် မိမိနေရာကို ခိုင်မာစွာရပ်တည်လျက် သံခင်းတမန်ခင်းကို ပိုင်နိုင်စွာ အသုံးချတတ်ပါက ဥရောပကို နောက်ထပ်မြင့်မားသည့် နေရာရောက်အောင် စွမ်းဆောင်ပေးနိုင်ပါသည်။ EU ရော NATO ပါ သူတို့၏ ချမှတ်ထားသော ဆောင်ရွက်ရန်တာဝန်များ ပြီးမြောက်စေရန်အလို့ငှာ ပြန်လည်ပြုပြင် ခွန်အားဖြည့်ဖို့ လိုအပ်နေချိန်လည်း ဖြစ်ပါသည်။

ဂျာမနီ၏ အသစ်ဖြစ်ထွန်းလာမည့် နိုင်ငံရေး ဦးဆောင်မှုသည် အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်တို့နှင့် ပစ္စက္ခဆက်ဆံရေးရေချိန်ကို ပြန်လည်တွက်ချင့်ရလိမ့်မည်။ မာကယ်သည် ဤသုံးနိုင်ငံအကြား ဂျာမနီ၏ အားမျှခြေတစ်ရပ်ကို ရှာဖွေနိုင်ခဲ့ပြီး နောင်လာမည့် အစိုးရသည် ကမ္ဘာ့နိုင်ငံရေးစစ်တုရင်ကို ဘက်စုံကြည့်ပြီး ရွှေ့တတ်ဖို့ လိုအပ်ပါသည်။ ကိစ္စရပ်များစွာတွင် အမေရိကန်ကို အမှန်တကယ် လိုအပ်မလိုအပ် ဂျာမန်အများစုက မေးခွန်းထုတ်လျက်ရှိ၏။ ဥရောပကို မယုံကြည်သော ထရန့်လက်ထက်လွန်မြောက်၍ အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့သော ဂျိုးဘိုင်ဒင်လက်ထက်တွင် အတ္တလန္တိတ်မဟာ မိတ်သဘောတူညီချက်များကို အဓိကထားလျက်ရှိနေသေးသည့်တိုင် ဂျာမနီသည် လွတ်လပ်သော ကိုယ့်လမ်းကိုယ်ထွင်သည့် တိုင်းပြည်ဖြစ်ကြောင်း ပြသနိုင်ရပါမည်။

အကြီးအကျယ် သဘောထားကွဲလွဲနိုင်သည့် စိန်ခေါ်မှုများ ရင်ဆိုင်ရသည့်အခါတိုင်း နောက်တက်မည့်အစိုးရသည် မာကယ်ကျင့်သုံးခဲ့သော ‘အလယ်တည့်တည့်မှာ ရပ်တည်’ (Middle of the road) သည့် နည်းလမ်းကို ပြန်လည်သတိရကြဖို့လိုပါသည်။ သမိုင်းကြောင်းအရ ပြန်လှန်သော် ဂျာမန်မဲဆန္ဒရှင်များသည် ‘အဆန်းကွန့်ခြင်း’ ထက် ‘တည်ငြိမ်မှုကို ထိန်းသိမ်းခြင်း’ ကို ပိုမိုလိုလားကြပါသည်။ ဂျာမနီတွင် ကောက်ယူခဲ့သော စစ်တမ်းများက ဖော်ပြသည့် လူထုအမြင်အရ မာကယ်ထားရစ်ခဲ့သော အမွေသည် အနာဂတ်ဂျာမနီအပေါ် အကျိုးသက်ရောက်မှုအဖြစ် အဓွန့်ရှည်စွာ တည်တ့ံနေမည်မှာလည်း မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါတော့သည်။