ကမ္ဘာ့ဟဲဗီးဝိိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖျူရီက လင်းနော့စ်လူးဝစ်နောက်ပိုင်း ပထမဆုံးအဖြစ် သရဖူပေါင်းစည်းချန်ပီယံလုပွဲအဖြစ် ထိုးသတ်ရမည့် ဂျိုရှူအာနှင့် ပွဲအစား အမေရိကန်လက်ဝှေ့သမား ဒီယွန်တေးဝိုင်လ်ဒါနှင့် တတိယပွဲ ထိုးသတ်ရခြင်းအကြောင်းကို ဖွင့်ဟပြောကြားခဲ့သည်။
ဂယ်ရီနဗီးလ်၏ The Overlap series အတွက် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် တိုင်ဆန်ဖျူရီက သူသည် ဂျိုရှူအာနှင့်ပွဲကို အလွန်ထိုးသတ်ချင်ခဲ့ကြောင်းနှင့် ၀ိုင်လ်ဒါတို့ဘက်မှ စိတ်မကျေပွဲအဖြစ် တတိယပွဲကို ပြန်လည်ထိုးသတ်ခွင့်ရရန် ဥပဒေလမ်းကြောင်းမှ ကြိုးပမ်းလာခဲ့ခြင်းကြောင့်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
သူက ''ဂျိုရှူအာနဲ့ ကျွန်တော် ထိုးဖို့အတွက် စကားပြောခဲ့ကြပြီး သဘောတူညီမှု ရခဲ့ပါတယ်။ ဒါပေမဲ့ ဘာသဘောတူလက်မှတ်မှ မထိုးခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ ရုတ်တရက်ပဲ ၀ိုင်လ်ဒါက ဥပဒေပိုင်းအရ သူနဲ့ ကျွန်တော် တတိယပွဲကို ထိုးသတ်ဖို့အတွက် ကြိုးစားလာခဲ့တယ်။ အမေရိကန်ရဲ့ အကောင်းဆုံးရှေ့နေတွေကို ငှားရမ်းခဲ့တယ်။ ဒီတော့ ကျွန်တော် ဘာမှ မတတ်နိုင်ပါဘူး။ ဒီတော့ တရားရုံးမှာလည်း အမှုရင်မဆိုင်ချင်တော့လို့ ကောင်းပြီ ထိုးကြတာပေါ့လို့ ဆုံးဖြတ်ခဲ့တာပါ။ တကယ်တော့ သူနဲ့ ကျွန်တော်က တတိယပွဲအတွက် စာချုပ်ရှိပေမဲ့ ကိုဗစ်ကြောင့် သက်တမ်းကျော်သွားပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စမှာ ကျွန်တော် မမှားသလို၊ ၀ိုင်လ်ဒါဘက်ကလည်း မမှားခဲ့ပါဘူး။ ကျွန်တော့်အတွက်တော့ တတိယပွဲ ထိုးရလည်း ဘာမှမဖြစ်ပါဘူး။ သူ့ကို ကြိုးဝိုင်းကြမ်းပြင်ပေါ်ကို နောက်တစ်ကြိမ် လှဲချလိုက်ရုံပါပဲ။ သူနဲ့ မထိုးဘဲ တရားရုံးရောက်ရင် ကျွန်တော်ဒေါ်လာ သန်း (၈၀)လောက်ကုန်သွားလိမ့်မယ်''ဟု ဆိုခဲ့သည်။