လူမှုဆက်ဆံရေးနှင့် နှိမ့်ချတတ်မှု

လူမှုဆက်ဆံရေးနှင့် နှိမ့်ချတတ်မှု
Published 16 September 2021

မိမိတို့အနေဖြင့် နေရာတိုင်းတွင် ကျွမ်းကျင်မှုမရှိကြောင်း အမှန်တကယ် တွေးမိသူမှာ  အနည်းငယ်သာ ရှိသည်။ သို့သော် နှိမ့်ချတတ်ရန်ကား ပို၍ပင် ခက်ခဲလှပေသည်။ အထူးသဖြင့် တစ်ကိုယ်တော် အရည်အသွေးနှင့် ပြိုင်ဆိုင်မှုကို အားပေးသော လူ့အဖွဲ့အစည်းတစ်ရပ်၌ နေထိုင်ရသည့်အခါတွင် ဖြစ်သည်။ ယင်းကဲ့သို့သော ယဉ်ကျေးမှုတစ်ရပ်၌ပင်လျှင် နှိမ့်ချတတ်မှုသည် အရေးကြီးသော အရည်အသွေး တစ်ရပ်ဖြစ်သည်။ နှိမ့်ချတတ် အောင် သင်ယူခြင်းသည် စိတ်ပိုင်းအဆန်ဆုံး ဓလေ့များအနက် အရေးအကြီးဆုံး ဖြစ်သည်။ နှိမ့်ချတတ်မှုသည် အခြားသူများနှင့် ဆက်ဆံရေးကို ပိုမိုပြည့်စုံစေမှုနှင့် ပိုမိုကောင်း မွန်စေမှုတို့ကို ဖြစ်စေသည့်အပြင် မိမိအပေါ် လေးစားမှုကိုလည်း ပိုမိုရရှိနိုင်သည်။

(၁) မိမိ၌ အကန့်အသတ်ရှိမှုများကို လက်ခံပါ - မိမိအနေဖြင့် တစ်စုံတစ်ရာ၌ သို့မဟုတ် အရာရာ၌ အကောင်းဆုံး မဟုတ်သည်ကို ဝန်ခံပါ။ မိမိ၌ မည်မျှပင် အစွမ်းအစ ရှိ စေကာမူ မိမိထက် တစ်စုံတစ်ရာ ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်သူက အမြဲတမ်း ရှိနေ သည်။ ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်သူများကို ကြည့်ပြီး မိမိအနေဖြင့် တိုးတက်နိုင် မည့် အလားအလာများကို စဉ်းစားပါ။

(၂) မိမိ၏ အပြစ်အနာအဆာများကို သိမြင်ပါ - လူတို့သည် အခြားသူများကိုသာ ပို၍ အကဲဖြတ် ဝေဖန်လေ့ရှိကြသည်။ ယင်းမှာ အခြားသူများကို ကြည့်ရသည်မှာ မိမိ ကိုယ်မိမိ ကြည့်ရသည်ထက် ပိုမိုလွယ်ကူသောကြောင့် ဖြစ်သည်။ ယင်းသည် အကျိုးဖြစ် ထွန်းမှု မရှိတတ်သကဲ့သို့ ထိခိုက်နိုင်မှုက ပို၍များသည်။ အခြားသူများကို ဝေဖန်ပြစ်တင် ခြင်းက ဆက်ဆံရေး ပျက်ပြားစေသည်။ မိတ်သစ်ဆွေသစ်များ ရရှိရန်အတွက်လည်း အ ဟန့်အတား ဖြစ်စေသည်။ ပို၍ဆိုးသည်မှာ ယင်းကဲ့သို့ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲ သူ များ မျက်ချေးကိုသာ မြင်ခြင်းသည် မိမိကိုယ်တိုင်အား တိုးတက်အောင်ပြုလုပ်ရန် အဟန့် အတား ဖြစ်နေခြင်းဖြစ်သည်။ လူတိုင်း အမှားလုပ်တတ်ကြသည်သာ ဖြစ်၏။

 (၃) မိမိ ရရှိလာမှုများအတွက် ကျေးဇူးတင်တတ်ပါစေ - ဘွဲ့တစ်ခုကို ထူးထူးချွန်ချွန် အောင်မြင်ရရှိခြင်းအား တွေးကြည့်ပါ။ အချိန်များစွာ လေ့လာသင်ယူမှုနှင့် မိမိ၏ ကြိုးစား အားထုတ်မှုအတွက် ယင်းက ထိုက်တန်သည်ဟု ဆိုနိုင်သည်။ သို့သော် မိမိကဲ့သို့ပင် ဉာဏ်ကောင်းပြီး ကြိုးစားသော အခြားသူတစ်ဦးမှာမူ မိဘအထောက်အပံ့ ကောင်းစွာ မရရှိ၍ ဘဝ၌ နိမ့်ကျသော နေရာကိုသာ ရရှိနေသည်ဆိုပါက မိမိသည်လည်း သူ၏နေရာ မျိုး  ရောက်ရှိနိုင်သည်ကို စဉ်းစားတတ်ရန် လိုသည်။

 (၄) အမှား လုပ်မိမည်ကို မကြောက်ပါနှင့် - နှိမ့်ချတတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် မိမိအနေဖြင့် အမှားလုပ်မိနိုင်သည်ကို နားလည်ခြင်းလည်း ပါဝင်သည်။ အခြားသူများ သည်လည်း အမှားလုပ်မိတတ်သည်ကို နားလည်ရမည်ဖြစ်ပြီး ယင်းသဘောထားမျိုးဖြင့်  မိမိအပေါ် ဖိစီးနေမှုများကို ဖယ်ရှားရမည်ဖြစ်သည်။ သို့သော် ဖြစ်ကတတ်ဆန်း နမော်နမဲ့ လုပ်ရမည်ဟုကား မဆိုလို။ သိသာထင်ရှားလှသော အမှားကြီးကြီးများ မလုပ်မိစေရန် သတိပြုရှောင်ရှားရမည်သာ ဖြစ်သည်။

 (၅) မိမိအမှားကို ဝန်ခံပါ - အခြားသူများအနေဖြင့် ဒေါသထွက်ကာ မိမိအပေါ် စိတ်ဆိုးမည်ကို စိုးရိမ်ရသော်လည်း ဖုံးကွယ်နေမည့်အစား အမှားကို ဝန်ခံလိုက်ခြင်း သည်သာ ပို၍ကောင်း၏။ ခေါင်းဆောင်တစ်ဦးအဖြစ်၊ မိဘအဖြစ်၊ မိတ်ဆွေတစ်ဦးအဖြစ်၊ အမှားလုပ်မိပါက မိမိသည် ပြီးပြည့်စုံသူတစ်ဦး မဟုတ်ကြောင်း ဝန်ခံလိုစိတ်ရှိခြင်းအပေါ် အခြားသူများက အသိအမှတ်ပြုကြမည်သာဖြစ်ပြီး မိမိအနေဖြင့်လည်း မိမိကိုယ်တိုင်နှင့်  လက်ရှိအနေအထားကို တိုးတက်အောင် ကြိုးစားနိုင်မည်ဖြစ်သည်။ အမှားကို ဝန်ခံခြင်း သည် မိမိသည် ခေါင်းမာသူ၊ တစ်ကိုယ်ကောင်းဆန်သူ၊ အခြားသူများ၏ အထင်ကြီးမှု ကိုသာ လိုလားသူ မဟုတ်ကြောင်း ပြသခြင်း ဖြစ်သည်။

 (၆) ကြွားဝါမှုကို ရှောင်ကြဉ်ပါ - ကောင်းသောရည်ရွယ်ချက်ဖြင် ့မိမိကိုယ်ကိုယ် အထင်ကြီးလေးစားခြင်းနှင့် မိမိလုပ်ဆောင်နိုင်မှုများအပေါ် ဂုဏ်ယူခြင်းတို့မှာ ဘာမျှ ပြဿနာမရှိပေ။ အခြားသူများသည်လည်း မိမိကဲ့သို့ပင် ဖြစ်လိမ့်မည်။ မိမိအနေဖြင့် တစ် စုံတစ်ရာကို အမှန်တကယ် ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ခံစားရပါက  အခြားသူများအနေဖြင့် ယင်းကို သတိပြုနှင့်ပြီးသား ဖြစ်ပေလိမ့်မည်။ မိမိက ယင်းကို ကြွားဝါခြင်း မရှိဘဲ နှိမ့်ချ၍နေပါက ပို၍ပင် ချီးကျူးစရာ ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ လူသည် တစ်ဦးတည်းနေ၍ရသည့် သတ္တဝါမဟုတ်ဘဲ အခြားသူများနှင့် ဆက်ဆံရသည်သာ ဖြစ်သောကြောင့် လူလူချင်းဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်နှင့် ရေရှည် တည်တံ့ရန်တို့အတွက် နှိမ့်ချတတ်မှုသည် မရှိမဖြစ် လိုအပ်သည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်)