စစ်ဘေးရှောင်ပြည်သူများ အထိနာခဲ့သည့် ကိုဗစ်တတိယလှိုင်း

စစ်ဘေးရှောင်ပြည်သူများ အထိနာခဲ့သည့် ကိုဗစ်တတိယလှိုင်း
မြစ်ကြီးနား ဂျာမိုင်ကောင်း RC စစ်ရှောင်စခန်းကို တွေ့ရစဉ်
မြစ်ကြီးနား ဂျာမိုင်ကောင်း RC စစ်ရှောင်စခန်းကို တွေ့ရစဉ်
Published 16 September 2021
ထွန်းလင်းအောင် (မြစ်ကြီးနား)

  ကချင်ပြည်နယ်နဲ့ ကိုဗစ် တတိယလှိုင်း

ကချင်ပြည်နယ်မှာ ကိုဗစ် တတိယလှိုင်းလို့ ပြောလို့ရတာ ဇွန်လဆန်းပိုင်းမှ စပါတယ်။ ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ အသေအပျောက် အများဆုံးနဲ့ ကူးစက်မှုအမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ အခုအထိလည်း ကချင်ပြည်နယ်မှ မြို့ကြီးတွေက အရင်နှစ်လလို မများပေမဲ့ တောရွာတွေမှာ အစုလိုက်အပြုံလိုက် ကူးစက်ခံနေကြဆဲ ဖြစ်ပါတယ်။ သေနှုန်းတွေကတော့ အောက်ခြေသတင်းတွေအရ အရင်နှစ်လထက်စာရင် ကျပါတယ်။ မြို့နယ်အချို့ကိုလည်း အသွားအလာ ကန့်သတ်ပိတ်ဆို့တာတွေ လုပ်ကြရပါတယ်။ ဖားကန့်မှာ လူမှုပရဟိတလုပ်နေတဲ့ ဦးရွှေက “ဒီမှာလည်း ကူးစက်မှုက အတော်ကို မြင့်သွားတယ်။ ဆိတ်မူ တစ်ကြော၊ ဟောင်ပါး တစ်ကြော၊ ဆယ်ဇင်း အထိပေါ့လေ။ တစ်ကြောလုံးထိတာ။ ကူးတာကလည်း အားလုံးနီးပါး ဖြစ်သွားတယ်လို့ ယူဆရမှာပေါ့။ အိမ်တွေမှာ ကျိတ်ကု။ မရမှ စင်တာလာဆိုတော့ သေတာများတယ်။ ၅၀ ကျော်တော့ ရှိသွားတာပေါ့။ အခုဒီမှာ ဖြစ်နေတာက ရွှေ့ပြောင်းအလုပ်သမားတွေက ကျောက် ပဲ လုပ်စရာရှိတယ်။ တချို့အပိုင်းတွေ လုပ်ငန်းမဖြစ်တော့ ခိုးဆိုးလုတွေ အများကြီး ဖြစ်နေတယ်။ အုပ်စုဖွဲ့ ဓားခုတ် ဆိုင်ကယ်လု ဖြစ်နေကြတာ။ တစ်ရွာနဲ့ တစ်ရွာကူးရင်။ အကျပ်အတည်းက ကြာလေ မလွယ်လေပဲ”လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ မြစ်ကြီးနား၊ ဖားကန့်၊ မိုးကောင်း၊ ရွှေကူ၊ ဗန်းမော်၊ မိုးညှင်း၊ ၀ိုင်းမော်မြို့နယ်များတွင် သံသယဖြင့် သေဆုံးနှုန်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ တစ်ပြည်နယ်လုံး အတိုင်းအတာ ဆိုပါက လူတစ်ထောင်ထက်မနည်း ဆုံးပါးခဲ့သည့် အရေအတွက် ဖြစ်သည်ကို ယုံကြည်ကိုးစားရသည့် နာရေးကူညီမှုအသင်းများ၏ မှတ်တမ်းများအရ သိရပါတယ်။ အောက်ဆီဂျင် ပြတ်တောက် သေဆုံးမှုလည်း များလာတယ်။ ဖားကန့်နဲ့  မြစ်ကြီးနားမြို့တွင်သာ အောက်ဆီဂျင်စက်ရုံ ရှိသဖြင့် အောက်ဆီဂျင်ပြတ် သေဆုံးသူတွေ များသွားခြင်း ဖြစ်ပါတယ်။ ဇူလိုင်လကုန်ပိုင်းမှာတော့ ရွှေကူ၊ ဗန်းမော်၊ ၀ိုင်းမော်၊ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်းမြို့နယ်များမှာ အောက်ဆီဂျင်စက်ရုံ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်ကြပါတယ်။

ကချင်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းက မပြီးသေးပါဘူး။ အထူးသဖြင့် မြို့ထက် နယ်တွေက ရွာကြီးတွေမှာ ကူးစက်မှု မြင့်မားနေဆဲ ဖြစ်ပါတယ်။ ဗန်းမော်မြို့အခြေစိုက် အားနွဲ့သူဖေးမကူအဖွဲ့မှ ကိုရန်မျိုးအောင်က “အဓိကတော့ တောရွာတွေမှာ ကူးစက်မှု မြင့်နေဆဲလို့ ယူဆတယ်။ အယောက် ၂၀၀ လောက် စစ်ရင် ဆယ်ဂဏန်းကတော့ ဖြစ်နေတုန်းပဲ။ အရင်ကလို အောက်ဆီဂျင်လိုအပ်မှုက ဒီမှာတင်ထုတ်တော့ လုံလောက်ပြီ။ သေပျောက်နှုန်း ကူးစက်မှုက ကျတဲ့ဘက် ရောက်နေပါပြီ။ မြို့ပေါ်က လူတွေက ဖြစ်ပြီး လျော့နည်းသွားပါပြီ။ ရွာတွေကတော့ ကာကွယ် ထိန်းသိမ်းတာ၊ စနစ်တကျ ကာကွယ်တာ နည်းလွန်းတော့ ရွာလုံးကျွတ် ကူးကုန်တာ”လို့ ဆိုပါတယ်။

  စစ်ရှောင်စခန်းများနဲ့ ကိုဗစ်ကူးစက်မှု

စစ်ရှောင်စခန်း တည်ဆောက်ပုံတွေက နေရာကျဉ်းကျဉ်းမှာ လူအများကြီးကို ပြွတ်သိပ် ထည့်ထားရပါတယ်။ လူစုလူဝေးကလည်း အလိုလိုဖြစ်နေပါတယ်။ မြစ်ဆုံအထက်ပိုင်းမှ ပြန်လာတဲ့ လူငယ်တစ်ဦးထံမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က စတင်တွေ့ရှိခဲ့ပါတယ်။

ထိုစဉ်က အခြားစစ်ရှောင်စခန်းတွေပါ လန့်ဖျပ်ကုန်ပါတယ်။  အစိုးရအဖွဲ့နဲ့ လူမှုအဖွဲ့တွေက အင်တိုက်အားနဲ့ ရှိသမျှ စစ်ရှောင်စခန်းတိုင်း ပညာပေး၊ အသွားအလာ ကန့်သတ်ခဲ့ရပါသေးတယ်။ ထူးထူးခြားခြား ပြန့်ပွားမှုနှင့် ရိုက်ခတ်မှု သိပ်မရှိခဲ့ပါ။ စစ်ရှောင်စခန်းတွေအတွက်ကလည်း စိုးရိမ်စရာ လူတွေအုံနဲ့ကျင်းနဲ့ ရာဂဏန်းမှသည် ထောင်ဂဏန်းအထိ စုပြုံပြီး နေကြရပါတယ်။

စခန်းတစ်ခုမှာ မိသားစု နှစ်ဆယ်မှ ၈၀၀ ကျော်ရှိတဲ့ စစ်ရှောင်စခန်းပေါင်း အစိုးရ ထိန်းချုပ်နယ်မြေမှာ  မြစ်ကြီးနားခရိုင်တွင် စခန်းပေါင်း ၄၁ စခန်း၊ ဗန်းမော်မြို့ခရိုင်တွင် ၂၈ စခန်း၊ မိုးညှင်းခရိုင်တွင် ၂၈ စခန်း၊ ပူတာ အိုခရိုင်တွင် နှစ်စခန်း စုစုပေါင်း ၉၅ ခုရှိပြီး အိမ်ထောင်စုပေါင်း ၉၃၀၀ စု၊ အသက် ၁၂ နှစ်အထက် အမျိုးသား ၁၃၃၅၆ ဦး၊ အမျိုးသမီး ၁၅၄၇၆ ဦးရှိပြီး ၁၂ နှစ်အောက် ကျား-၈၀၁၉ ဦး၊ မ-၀၇၉၅၀ ဦးရှိကာ အားလုံးစုစုပေါင်း ၄၄၈၀၁ ဦးရှိကြောင်း မှတ်တမ်းများအရ သိရပါတယ်။  စခန်းအများစုလည်း ကူးစက်ခံရကာ သေဆုံးခဲ့သူများလည်း ရှိခဲ့ပါတယ်။ ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ်မှ အတွင်းရေးမှူး (၃) ဖြစ်သူ (ချင်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ ကော်မတီ-KHCC ) ဝင်ဖြစ်သူ ဦးခါးလီက “ကျွန်တော်တို့ ကိုဗစ်တတိယလှိုင်းမှာ ကူညီခဲ့သလောက်ဆိုရင် လူဦးရေ ၈၀၀ ကျော်လောက် ဖြစ်သွားတယ်။ ဆုံးပါးတာကတော့ နှစ်ဦးလားပဲ ကြားပါတယ်။ ရောဂါတွေ စခန်းတွေမှာ ပြန့်လာတော့  ကျွန်တော်တို့ အဖွဲ့အစည်းပေါင်းစုံကို အကူအညီတောင်းရတယ်။ ရောဂါဖြစ်ပြီး သူတွေကို အစာအာဟာရ ကူညီနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်။ လတ်တလော WFP က အကူအညီတွေ မရနိုင်သေးတာက ဘဏ်ကိစ္စ အခက်တွေကြောင့်ပါ။ နိုင်ငံရေး အပြောင်းအလဲတွေရှိတော့  တချို့အကူအညီတွေက  ကျွန်တော်တို့လည်း ကြန့်ကြာမှုတွေ ရှိနေတာပဲ။  အဓိကတော့ အခြေခံအစားအစာနဲ့ ဆေးဝါးပဲ။ ဆန်ဆီဆားပဲပေါ့။ ကူညီပေးနေတဲ့ မိတ်ဖက် အဖွဲ့အစည်းတွေကိုလည်း အကူအညီတောင်းထား ရပါတယ်။ စစ်ရှောင်စခန်းတွေကတော့ ကြိုတင် အသွားအလာတွေ ကန့်သတ်တာ။ စည်းကမ်းချက်တွေ ချမှတ်တာတွေ လုပ်ကြရတာပေါ့။ စစ်ရှောင်တွေသာမက  ပြည်သူတွေလည်း တောတောင်မှာ လုပ်စားကြတဲ့အခါ လုံခြုံရေး အခြေအနေအရ ထိခိုက်မှုတွေ ဖြစ်သွားတယ်။ ကျွန်တော်တို့လည်း ထိန်းချုပ်လို့မရတော့ အန္တရာယ်တွေကို ကြိုတင်ရှောင်တာ။ နေ့လယ်လုပ်ပြီး ညမှာ ပြန်အိပ်တာ။ ကြိုတင် သတိပေးထားရင် မသွားမလာကြဖို့ သတိပေးကြရတယ်။ အခုလိုအခြေအနေမှာ စားရေးမှာ အများဆုံး ထိခိုက်မှုတော့ ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ စောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေကလည်း နောက်တစ်ချိန် ဒီလိုဖြစ်လာရင် ရှောင်ရန်၊ ဆောင်ရန်တွေလည်း အများကြီးရလိုက်တယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး လူထုထဲမှာလည်း ထဲထဲဝင်ဝင်ကို သတိပြုဆင်ခြင်စရာတွေ ရလိုက်ကြပါတယ်။ ကျွန်တော်တို့ ကူညီပေးနေရတဲ့ စာရင်းတွေအရဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်မှာ စစ်ဘေးရှောင်ပေါင်း တစ်သိန်း နှစ်သောင်း ဝန်းကျင် ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

  ကိုဗစ်တတိယလှိုင်းနဲ့ စစ်ဘေးရှောင်များရဲ့ အခက်အခဲ

စစ်ရှောင်စခန်းအများစုဟာ မြစ်ကြီးနား နှင့် ၀ိုင်းမော်မြို့မှာ ရှိကြပါတယ်။ သူတို့ရဲ့ အဓိက မှီခိုအားထားရာက WFP က ပေးတဲ့ တစ်ဦးလျှင် တစ်လ ၁၁၀၀၀ ကျပ်နှင့် သက်ကြီး၊ မသန်စွမ်းနှင့် လုပ်အားမရှိတဲ့ မိသားစု တစ်ဦးလျှင်ပေးသည့် တစ်ဦးလျှင် တစ်လ ၁၅၀၀၀ ကျပ် ထောက်ပံ့သည့် ထောက်ပံ့မှု ဖြစ်ပါတယ်။ WFP ထောက်ပံမှုက စက်တင်ဘာလအထိဆိုပါက မထောက်ပံ့နိုင်သေးသည်မှာ သုံးလရှိနေပြီ ဖြစ်တယ်။  မြစ်ကြီးနား၊ စီတာပူ၊ ဆွတ်ငိုင်တောင် စစ်ဘေးရှောင်စခန်းမှ ကလေး ငါးယောက် မိခင်  အသက် ၅၁ နှစ်အရွယ် ဒေါ်လုထွယ်က  “WFP က အထောက်အပံ့ မရသေးတော့ ဆန်နဲ့ တခြားဟာကို အကြွေးယူထားရတယ်။ ခက်တာက အရင် ကိုဗစ်မဖြစ်ခင် ဆန်တစ်တင်းခွဲအိတ်က သုံးသောင်း။ ငွေတိုးပေါ့။ အခုက လေးသောင်း လေးထောင် ပြောနေတယ်။ ကျွန်မက ကိုဗစ်ကူးခံရပြီး ပျောက်တာ မကြာသေးတော့ အားရှိအောင် အသားပါတာလေး စားချင်တယ်။ စျေးမနိုင်ဘူး။ ကြက်ဥ၊ ငါး ဒါလောက်ပဲ ဝယ်နိုင်တယ်။ အများဆုံးက ဖရုံသီး၊ အသီးအရွက် ပေါ့။ အပြင်ဝင်ငွေတွေမှ မရှိတော့တာ။ အခုလည်း သားသမီး နှစ်ယောက်က ဘွဲ့ရတွေ။ အပြင်အလုပ် မရနိုင်ဘူး။ စားသောက်ဆိုင်တွေလည်း မဖွင့်နိုင်ကြသေးဘူး။  အလုပ် အရင်ကရှိပြီးသားတွေတောင် အခုက မခေါ်သေးဘူးလေ။ ဖုန်းဘေလေး တစ်ထောင်၊ နှစ်ထောင်ကိုမှ ကြာတော့ မလုပ်ပေးနိုင်တော့ ဘူး။ အခုလည်း တခြားလူများတဲ့ စခန်းတွေ တချို့တွေဆို ညနေစာကို ဆန်ပြုတ်ထဲ ခေါက်ဆွဲတွေ ဖောက်ပြီး စားကြရတယ်လို့ ကြားတယ်။ ထုတ်တော့ မပြောဘူးပေါ့လေ”ဟု ညည်းတွားပါတယ်။

စစ်ဘေးရှောင်များအတွက် နောက်ထပ် အကြီးမားဆုံး ကျောထောက်နောက်ခံ နှစ်ခု က တောင်ယာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း တစ်ပိုင်တစ်နိုင် ထွက်လုပ်ခြင်းနှင့် နေ့စားလုပ်ငန်းများ ဖြစ်ပါတယ်။

တောင်ယာလုပ်ငန်းအတွက် တောတောင်စိုက်ခင်းတွေမှာ ညအိပ်ညနေ နေကြရပါတယ်။ လမ်းတွေမှာ၊ စိုက်ခင်းအနီးမှာ ပစ်ခတ်မှုဖြစ်ရင် ပစ်ပြေးကြရတာတွေ ရှိပါတယ်။ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း တိုက်ပွဲတွေက စစ်ဘေးရှောင်များ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်မှုရှိခဲ့ပါတယ်။ စစ်ရှောင်တွေကို ယခင်အစိုးရအဖွဲ့များက  ဆိုင်ကယ်ပြင်၊ စက်ပြင်၊ လက်သမား၊ ပန်းရံ၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ရက်ကန်းရက်၊ စက်ချုပ်၊ အလှပြင်၊ မုန့်ဖုတ်၊ ဆံပင်ညှပ်စသည့် အသက်မွေး သင်တန်းမျိုးစုံ ပေးခဲ့ပါတယ်။ နေ့စားလုပ်ငန်းတွေကလည်း ကိုဗစ်တတိယလှိုင်းကြောင့် အသွားအလာ ကန့်သတ်မှုတွေ လုပ်ရာမှ လုပ်ငန်းရပ်ဆိုင်းသည့်အဆင့်တွေ ဖြစ်လာပါတယ်။

  ကေအိုင်အို ထိန်းချုပ်နယ်မြေက စစ်ဘေးရှောင်စခန်းများ

စစ်ရှောင်လူဦးရေက အစိုးရထိန်းချုပ်နယ်မြေထက် ကေအိုင်အို ထိန်းချုပ်သည့် တရုတ်နယ်စပ် တစ်ကြောမှာ ပိုများပါတယ်။ ကေအိုင်အို ထိန်းချုပ်နယ်မြေမှာတော့ စစ်ရှောင်စခန်း ၂၅ ခုမှာ လူဦးရေ ၄၆၀၀၀ ကျော် နေထိုင်ကြောင်း  စာရင်းတွေအရ သိရသည်။ မိုင်ဂျာယန်မှာ လူ နှစ်ထောင်ကျော် ကူးစက်ခဲ့ပြီး လိုက်ဇာမြို့ပေါ်မှာတော့ လူ ရာဂဏန်းသာ ရှိပါတယ်။ ကေအိုင်အို ပြန်ကြားရေးဗိုလ်မှူးကြီး နော်ဘူက “ကျွန်တော်တို့တော့ ဒီမှာရှိနေတဲ့သူတွေ အားလုံး နှစ်သောင်းကျော် ကာကွယ်ဆေးထိုးပြီးပြီ။ စစ်ရှောင်စခန်းတွေလည်း ပါတယ်။ ထပ်လည်း ထိုးနေတုန်း။ နှစ်ကြိမ်ထိုးရတဲ့ တရုတ်ဆေး ဆင်နိုဗစ် ခေါ်တဲ့ဆေးပေါ့။ အခုတော့ ကိုဗစ်က လိုက်ဇာမြို့နဲ့ မိုင်ဂျာယန်မှာ တစ်ရာကျော် ရှိတယ်။ ထိန်းချုပ်နိုင်ပါပြီ။ အခုထပ်တွေ့တာ မရှိတော့ဘူး။ လိုက်ဇာမြို့ပေါ်မှာတော့ တစ်ဦး ဒီရောဂါနဲ့ ဆုံးတယ်လို့ အတည်ပြုနိုင်ပါတယ်။ ဆိုးဆိုးရွားရွား ဖြစ်သွားတဲ့ အခြေအနေ မဖြစ်သွားဘူးပေါ့။ အဓိကတော့ စည်းကမ်းနှင့် ပညာပေးပေါ့”လို့ ဆိုပါတယ်။

  စစ်ဘေးရှောင်တွေအပါ အုပ်စု ၂၃ အုပ်စုတွင် ကိုဗစ်ကာကွယ်ဆေး ထိုးတော့မည်

ကချင်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာန စာရင်းတွေအရ ကိုဗစ် တတိယလှိုင်းမှာ ကူးစက်ခံရသူပေါင်း တစ်သောင်း လေးထောင်ကျော် ရှိခဲ့ပါတယ်။ သေဆုံးမှုနှုန်း လေးရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်းကြားရှိခဲ့ပြီး သေဆုံးသူ ၆၀၀ ကျော် ရှိခဲ့ပါတယ်။ အပြင်လူမှုကူညီရေး စာရင်းများတွင်မူ သံသယဖြင့် သေဆုံးသူမှာ အနည်းဆုံး တစ်ထောင်ကျော် ရှိနေပါတယ်။ လက်ရှိမှာ ကချင်ပြည်နယ် ပြည်နယ်ကျန်းမာရေးဌာနက တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးကို ပြည်ထောင်စုခွဲတမ်းအလိုက် ထိုးပေးနေပါတယ်။

ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်တွေအပါ အုပ်စု ၂၃ အုပ်စုကို ကိုဗစ်ကာကွယ်ဆေး ထိုးတော့မှာ ဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာတင့်နိုင် က ဆိုပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ပေါင်ရှင်းပြည်နယ်ခွဲက နယ်စပ်ချင်း ထိစပ်နေသည့်  ၀ိုင်းမော်၊ မြစ်ကြီးနား အဓိက မြို့နယ် နှစ်ခုကို  လူဦးရေ ၇၅၂၀၀ အတွက် လှူဒါန်းထားကြောင်း၊ ယင်းကာကွယ်ဆေးများ ရက်ပိုင်းတွင် ရောက်မည် ဖြစ်ကြောင်း၊ အုပ်စု ၂၃ စုကို အဓိက ထားပြီး စုဖွဲ့အလုပ်သမားများ၊ စစ်ဘေးရှောင်များ၊ ကုန်စုံဆိုင်များ၊ အသက် ၄၀ နှင့်အထက် အုပ်စုများ ပါဝင်မည် ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက ဆိုပါတယ်။

ကာကွယ်ဆေးများကို ကချင်ပြည်နယ်တွင် ယခင်အစိုးရ လက်ထက်က အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီးကို လူပေါင်း ၅၃၄၀၅ ဦး နှစ်ကြိမ်ပြည့် ထိုးနှံခဲ့ပြီး လွန်ခဲ့တဲ့ ဇူလိုင်မှ စတင်ကာ လူပေါင်း ၉၇၉၂၀ ဦးကို တရုတ်နိုင်ငံထုတ် ဆင်နိုဖမ်း ကိုဗစ်ကာကွယ်ဆေးနဲ့ အကျဉ်းကျသူများနှင့် အချုပ်ကျသူများကို ဆင်နိုဗစ်ဆေး ထိုးနိုင်ခဲ့ကြောင်း ပြည်နယ် ကျန်းမာရေးမှူးက ဆိုပါတယ်။ 

ဒေါက်တာတင့်နိုင်က “ကချင်ပြည်နယ်မှာ တတိယလှိုင်းက ကူးစက်၊ သေဆုံးနှုန်း ကျသွားပါပြီ။ တွေ့နှုန်းက ဆယ်ရာခိုင်နှုန်းတော့ ရှိသေးတယ်။ ကျေးရွာတွေမှာတော့ ကျန်နေတယ်။ အိန္ဒိယ ကိုဗစ်ရှီးနဲ့ တရုတ် ဆင်နိုဖမ်း ပေါင်းထိုးပြီးတာ တစ်သိန်းကျော်ပါပြီ။ အခုက တရုတ်က နယ်စပ်ဒေသတွေမှာ ကူးစက်မှုဖြစ်ရင် သူ့ဆီ ရိုက်ခတ်တော့ မြစ်ကြီးနား၊ ၀ိုင်းမော်အတွက် လူဦးရေ ၇၅၂၀၀ စာကို ပေါင်ရှန်းပြည်နယ်က လှူပေးတယ်။ ဒီရက်ပိုင်း ရောက်တာနဲ့ ထိုးမယ်။ ဗန်းမော်ခရိုင်နှင့် ရှမ်းမြောက်အတွက်လည်း တယ်ဟုန်ဘက်က လှူမယ်လို့ သတင်းရတယ်။ ကျွန်တော်တို့က စစ်ရှောင်တွေ အားလုံးပါတယ်။ အလုပ်သမားတွေ၊ ငှက်ပျောခင်း လုပ်သားတွေ၊ အုပ်စု ၂၃ စုပေါ့။ အားလုံးနီးပါးပဲ ထိုးမှာပါ။ အခြားဆေးတွေ ရွေးစရာမရှိရင် ရတဲ့ဆေး ထိုးရမှာပေါ့။ အထူးသဖြင့် ဘယ်ကိုဗစ်ဗိုင်းရပ်စ်ဖြစ်ဖြစ် အသက်အန္တရာယ် ခြိမ်းခြောက်မှုကို လျှော့ချနိုင်တယ်လို့ တွေ့ချက် ရှိတာကိုး။ ဖြစ်ပြီးတာနဲ့ ကိုယ်ခံအားနှင့် အချိန်အကြာကြီး  အပြည့်အဝ ကာကွယ်နိုင်တယ်လို့  မတွေ့ထားဘူးလေ။ အရင်လှိုင်းတွေတုံးက ကူးစက်ခံရသူတွေ နောက်လှိုင်းမှာလည်း အပြင်းအထန် ခံရတာတွေ ရှိနေတယ်။ ရတဲ့ ကိုဗစ်ကာကွယ်ဆေးက ထိုးကို ထိုးထားရမှာ”ဟု ဆိုသည်။

စစ်ဘေးရှောင်ပြည်သူများ ကိုဗစ်လှိုင်းများကို ကာကွယ်နိုင်ကြပါစေသတည်း။