COVID-19 ကာကွယ်ဆေးများကို တရားဝင် ခွင့်ပြုထားသည့် နေရာများတွင် ထိုးနှံရန်နှင့် တရားမဝင် ရောင်းချသည်များ ထိုးနှံပါက ထိုးနှံပြီးကြောင်း အထောက်အထား ရရှိမည်မဟုတ်

COVID-19 ကာကွယ်ဆေးများကို တရားဝင် ခွင့်ပြုထားသည့် နေရာများတွင် ထိုးနှံရန်နှင့် တရားမဝင် ရောင်းချသည်များ ထိုးနှံပါက ထိုးနှံပြီးကြောင်း အထောက်အထား ရရှိမည်မဟုတ်
Published 14 September 2021

COVID-19 ကာကွယ်ဆေးများကို တရားဝင် ခွင့်ပြုထားသည့် နေရာများတွင် ထိုးနှံရန်နှင့် အွန်လိုင်းပေါ်တွင် တရားမဝင် ရောင်းချနေသည်များ ထိုးနှံပါက ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အထောက်အထား ရရှိနိုင်မည် မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

“ကာကွယ်ဆေးအတုတွေ မထိုးပါနဲ့။ ငွေကုန်မယ်။ အန္တရာယ်များတယ်။ ထိရောက်မှုလည်း မရှိဘူး။ ဒါ့အပြင် ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အထောက်အထားလည်း ဘာမှရမှာ မဟုတ်ပါဘူး။ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အထောက်အထားတွေက နောက်ပိုင်းမှာဆိုရင် ကာကွယ်ဆေး ထိုးပြီးတဲ့သူက  အခွင့်အလမ်း အများကြီးရလာနိုင်ပါတယ်။  ခုလက်ရှိမှာလည်း နိုင်ငံတော်တော်များများမှာ သူတို့နိုင်ငံ ဝင်ရောက်တဲ့ သူတွေမှာ ကာကွယ်ဆေး ထိုးပြီးသားလူတွေကို Quarantine မလို၊ Test မလိုဘဲနဲ့ ဝင်ရောက်မှုတွေ ပြုနေတာ ရှိပါတယ်။ နောက်ပိုင်း မြန်မာနိုင်ငံမှာ အတိုင်းအတာတစ်ခုအထိ  ကာကွယ်ဆေး လွှမ်းခြုံမှုတွေ ရရှိပြီဆိုရင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသားလူတွေ အထောက်အထား ခိုင်လုံတဲ့သူ၊ ခိုင်ခိုင်မာမာ ရှိတဲ့သူတွေ Test မလိုတာ၊ Quarantine လျှော့ပေါ့တာတို့၊ Quarantine မလိုတာ စသည်ဖြင့် ဒါမျိုးတွေလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီတော့ စိတ်ချရတဲ့ ကာကွယ်ဆေးတွေ ထိုးနှံပါ။ တရားဝင် ခွင့်ပြုထားတဲ့ နေရာမှာ ထိုးနှံပါ။  ထိုးနှံခွင့်ရှိတဲ့ သူတွေအနေနဲ့ဆိုရင် အမြန်ဆုံး ထိုးနှံပါ”ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ စျေးကွက်အတွင်း ကာကွယ်ဆေးအတုအပများ Online မှတစ်ဆင့်သော် လည်းကောင်း ၊ အခြားနည်းလမ်းဖြင့်သော် လည်းကောင်း ရောင်းချနေသည့် ကာကွယ်ဆေးများသည် တရားဝင် တင်သွင်းလာသည့် ကာကွယ်ဆေးများ မဟုတ်သောကြောင့်  ရောဂါကာကွယ်နိုင်ခြင်း မရှိသည့်အပြင် ဘေးအန္တရာယ် ဖြစ်ပွားနိုင်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် အသိအမှတ်ပြုထားသော ကာကွယ်ဆေးများကိုသာ ထိုးနှံကြရန်  ကျန်းမာရေးဝန်ကြီး ဌာနမှ တိုက်တွန်းနှိုးဆော်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် (MCCOC က ဦးစီးဆောင်ရွက်ခြင်းဖြင့် သုဝဏ္ဏဘူမိ Event Park တွင် သြဂုတ် ၂၄ ရက်က ကာကွယ်ဆေး ထိုးနှံရေးစင်တာ စတင်ဖွင့်လှစ်ခဲ့ပြီး ကြိုတင်စာရင်းပေးသူများကို ကာကွယ်ဆေး ထိုးနှံခဲ့သည်။

 

Most Read

Most Recent