■ အာတီတာနေရာ အစားထိုးရန် ကွန်တီကို အာဆင်နယ် ဆက်သွယ်နေ

■ အာတီတာနေရာ အစားထိုးရန် ကွန်တီကို အာဆင်နယ် ဆက်သွယ်နေ
Published 12 September 2021

အာဆင်နယ်အသင်းသည် လက်ရှိအသင်းနည်းပြ အာတီတာ၏နေရာကို အစားထိုးရန်အတွက် အီတလီလူမျိုးနည်းပြ ကွန်တီကို ဆက်သွယ်လျက်ရှိနေကြောင်း အီတလီအားကစားဂျာနယ်လစ်တစ်ဦးဖြစ်သူ ပယ်လ်မာရီက အတိအလင်းထုတ်ဖော်ပြောကြားခဲ့ သည်။

အာဆင်နယ်အသင်းသည် ယခုရာသီအစပွဲစဉ်များတွင် ရလဒ်ဆိုးများကြုံတွေ့ခဲ့ရ၍ အာတီတာမှာ ဖိအားများကြုံတွေ့လျက်ရှိနေပြီး အာဆင်နယ်အသင်းတာဝန်ရှိသူများက အသင်းလက်မဲ့ဖြစ်နေသူ ကွန်တီကို ၎င်း၏နေရာအစားထိုးရန် မျက်စိကျနေကြောင်း သိရသည်။

အသက် (၅၂)နှစ်အရွယ်ရှိသူ ကွန်တီသည် ပြီးခဲ့သည့်ရာသီက ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အင်တာမီလန်အသင်းအား ပထမဆုံးစီးရီးအေချန်ပီယံဆု ပြန်လည်ရယူပေးခဲ့သည်။

သို့သော် ကလပ်အသင်းဘုတ်အဖွဲ့နှင့် အပြောင်းအရွှေ့စီမံကိန်းများအပေါ် သဘောတူညီမှုမရရှိခြင်းကြောင့် မေလ(၂၆)ရက်တွင် အသင်းနှင့် လမ်းခွဲခဲ့ပြီး လက်ရှိအချိန်တွင် အသင်းလက်မဲ့ဖြစ်နေသူတစ်ဦးဖြစ်သည်။

ကွန်တီကို အာဆင်နယ်အသင်း ချဉ်းကပ်နေသည့်သတင်းများမှာ ပြီးခဲ့သည့်လကတည်းက ထွက်ပေါ်နေခြင်းဖြစ်သည်။

ကွန်တီ၏အေးဂျင့်ဖြစ်သူ ပတ်စတိုရယ်လိုက အာဆင်နယ်နှင့် သဘောတူညီမှုရရှိထားသည်ဆိုသည့် သတင်းများကို ပြီးခဲ့သည့်အပတ်က ငြင်းဆန်ခဲ့သည်။

ကွန်တီသည် ဘောလုံးလောကမှ တစ်နှစ်ခန့်အနားယူရဖွယ်ရှိသည်ဟု သူ၏မိတ်ဆွေများကို ပြောကြားထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Most Read

Most Recent