■ ဘရာဇီးလ် နှင့် ပီရူး
ဘရာဇီးလ်က ခြေစစ်ပွဲအုပ်စုအဆင့်ကို သက်သောင့်သက်သာဖြတ်သန်းနေတယ်လို့ ပြောနိုင်တယ်။ ခြေစစ်ပွဲအောင်မြင်ဖို့ အခက်အခဲမရှိတဲ့အနေအထားကိုလည်း ပိုင်ဆိုင်ထားတယ်။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အခြေစိုက်ကစားသမားတွေ ရွေးချယ်ခွင့်မရပေမဲ့ ချီလီကို အဝေးကွင်းမှာ အနိုင်ကစားထားတယ်။ ဘရာဇီးလ်နည်းပြ ထိထီက ခြေစစ်ပွဲအောင်မြင်ခွင့်လက်မှတ်ကို ခပ်စောစောရယူထားချင်နေပုံရလို့လည်း ဒီလိုပွဲမျိုးမှာ ဘရာဇီးလ် အာရုံစိုက်ကစားပါလိမ့်မယ်။ ပရီးမီးယားလိဂ်အခြေစိုက်ကစားသမားတွေ မပါဝင်ပေမဲ့လည်း အယ်ဗာတန်၊ ပါကွယ်လ်တာ၊ ဗင်နီစီယပ်စ်၊ ဂါဘရီယဲလ်ဘာဘိုဆာတို့အပြင် ၀ါရင့် ဟော့ခ်၊ အဲလ်ဗတ်စ်တို့လို ကစားသမားတွေရှိနေတယ်။ နေမာက ကိုယ်အလေးချိန်မြင့်တက်နေတယ်လို့ ဝေဖန်ခံနေရပေမဲ့ တကယ်တမ်းအားစိုက်ကစားမယ်ဆိုရင် အမှားများတဲ့ပီရူးခံစစ် အခက်တွေ့ပါလိမ့်မယ်။ ပြီးခဲ့တဲ့ကိုပါအမေရိကမှာ ဆုံတွေ့တုန်းက ပီရူးက ဘရာဇီးလ်ကို အခက်တွေ့အောင် လုပ်နိုင်ပေမဲ့ ဒီတစ်ခါဆုံတွေ့မှုမှာ ဘရာဇီးလ် ရလဒ်ကောင်းပါလိမ့်မယ်။ (၂)ဂိုးပြတ်လောက် နိုင်မယ်ထင်တယ်။
■ ဥရုဂွေး နှင့် အီကွေဒေါ
ဘရာဇီးလ်နဲ့ အာဂျင်တီးနားပြီးရင် ခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့်ချက်အားကောင်းနေတဲ့နှစ်သင်းပါ။ အစဉ်အလာအတိုင်း နှစ်သင်းပေါင်းဂိုးများနိုင်ပြီး ဥရုဂွေးအမှတ်ရမယ်။
■ ပါရာဂွေး နှင့် ဗင်နီဇွဲလား
ဗင်နီဇွဲလားက မျှော်လင့်ချက်မဲ့သလောက်ဖြစ်နေပါပြီ။ ပါရာဂွေးက ရလဒ်တွေဆက်တိုက်ဆိုးနေပေမဲ့ ဒီပွဲမှာ အနိုင်ရခဲ့ရင် အခြေအနေကောင်းနိုင်သေးလို့ အမှတ်ပြည့်ရမယ်။
■ အာဂျင်တီးနား နှင့် ဘိုလစ်ဗီးယား
အာဂျင်တီးနားက နောက်ပိုင်းနှစ်တွေအတွင်း အတည်ငြိမ်ဆုံးပုံစံမြင်နေရတယ်။ ကွင်းလယ်က ဒီပေါလ်၊ ဆယ်လ်ဆိုတို့နဲ့ တည်ငြိမ်လာပြီး တိုက်စစ်ကတော့ မက်ဆီ၊ မာတီနက်ဇ်၊ ဒီဘားလား၊ ကော်ရီယာတို့နဲ့ အကောင်းဆုံးစုဖွဲ့မှုလို့ဆိုရမယ်။ အာဂျင်တီးနား (၂)ဂိုးပြတ်လောက် နိုင်ပါလိမ့်မယ်။
■ ကိုလံဘီယာ နှင့် ချီလီ
ဖယ်လ်ကာအိုကို ပြန်ရွေးထားတဲ့ ကိုလံဘီယာရဲ့လုပ်ရပ်က အံ့အားသင့်စရာကောင်းပြီး ပြီးခဲ့တဲ့ဘိုလစ်ဗီးယားနဲ့ပွဲမှာလည်း ပွဲပြီးခါနီးမှအသုံးပြုခဲ့တာတွေ့ရတယ်။ ချီလီက ကိုလံဘီယာထက်စုဖွဲ့မှုကောင်းပေမဲ့ အသင်းလိုက်ဟန်ချက်မညီတာ တွေ့ရတယ်။ နှစ်သင်းစလုံးအမှတ်လိုနေပြီး သရေပွဲဖြစ်မယ်။