လောကပါလတရား

လောကပါလတရား
Published 6 September 2021

လောက သို့မဟုတ် လူ့အဖွဲ့အစည်းကို စာရိတ္တ/အကျင့်အရ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ထားသော တရားကို လောကပါလတရားဟုခေါ်သည်။ လူ့အဖွဲ့အစည်းတစ်ရပ်တွင် လောကပါလတရားကို အလေးမထားသူများ တိုး၍တိုး၍ များပြားလာခြင်းက အဆိုပါလူ့အဖွဲ့အစည်းအား ပျက်စီးခြင်းဆီသို့ ရှေးရှုသွားစေသည်။ လောကပါလ တရားနှစ်ပါး၌ ဟိရီနှင့် သြတ္တပ္ပဟူ၍ ပါရှိပြီး ၎င်းတို့သည် မကောင်းမှုပြုရန် အရှက်နှင့် အကြောက်တို့ဖြစ်သည်။ ဟိရီသည် မကောင်းမှုပြုရမည်ကို ရှက်ခြင်းဖြစ်ပြီး သြတ္တပ္ပသည် မကောင်းမှုပြုရမည်ကို ကြောက်လန့်ခြင်းဖြစ်သည်။ မိမိကိုယ်တိုင် မကောင်းမှုပြုရမည်ကို ရှက်ကြောက်ရုံမက မိမိတို့လူ့အဖွဲ့အစည်းရှိ လူများကိုလည်း မကောင်းမှုပြုရမည်ကို ရှက်ကြောက်တတ်လာအောင် ပြုလုပ်ခြင်းသည် လောကပါလတရားကို ထိန်းသိမ်းခြင်းမည်ပေသည်။ တစ်နည်းအားဖြင့်ဆိုသော် မိမိ၏လောက၊ မိမိ၏လူ့အဖွဲ့အစည်းကို မပျက်စီးအောင် ထိန်းသိမ်းခြင်းဖြစ်သည်။

မကောင်းမှုဟူသည်ကား အဘယ်နည်း။ ဗုဒ္ဓဘာသာအရ “သတ်မှု၊ ခိုးမှု၊ ကာမေသု၊ သုံးခုကာယကံ” ဟူသော ကိုယ်အားဖြင့် ကျူးလွန်သည့် ကာယကံသုံးပါး၊ “ လှည့်စားရန် တိုက်၊ မိုက်မိုက်ကန်းကန်း၊ နှုတ်ကြမ်းလေခြင်း၊ သိမ်ဖျင်းစကား၊ ပြောဆိုငြား၊ လေးပါး ဝစီကံ” ဟူသော နှုတ်အားဖြင့်ကျူးလွန်သည့် ဝစီကံလေးပါးနှင့် “ သူ့ဥစ္စာမှာ၊ မတရားကြံ၍၊ ဖောက်ပြန်သေကျေ၊ ပျက်စီးစေငြား၊ အယူမှား သုံးပါးမနောကံ” ဟူသည့် မနောကံ သုံးပါးတို့သည် ဒုစရိုက်မှုများ ဖြစ်ကြသည်။ ထို့ကြောင့် ကာယကံသုံးပါး၊ ဝစီကံလေးပါးနှင့် မနောကံသုံးပါး စုစုပေါင်း ဒုစရိုက် ၁၀ ပါး ဖြစ်သည်။ ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ဒုစရိုက် ၁၀ ပါးကို မရှက်မကြောက် လွယ်ကူစွာ ကျူးလွန်လာနေခြင်းက လောကပျက် သုဉ်းခြင်းဆီသို့ ဦးတည်နေသည်ကို သတိပြုရမည် ဖြစ်သည်။

ဒုစရိုက် ၁၀ ပါးနှင့် ဆန့်ကျင်ဘက်မှာ သုစရိုက် ၁၀ ပါး ဖြစ်သည်။ ပါဏာတိပါတာ ဝေရမဏိ (သူတစ်ပါး၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရမည်)၊ အဒိန္နာဒါနာ ဝေရ မဏိ (သူတစ်ပါး၏ ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြည်ရမည်)၊ ကာမေသုမိစ္ဆာစာရာ ဝေရ မဏိ (ကာမဂုဏ်မိုက်မှား သူများမယားကို ပြစ်မှားလွန်ကျူးခြင်းမှ ရှောင်ကြဉ်ရမည်) ဟူသည့် ကာယသုစရိုက်သုံးပါးသည်လည်းကောင်း၊ အပိသုဏဝါစာ (ကွဲပြားစကားကို မပြောကြားဘဲ ညီညွတ်စကား ပြောရမည်)၊ သစ္စာဝါစာ (လိမ်ညာမှုကို ရှောင်ရှားကာ မှန်သော စကားကို ပြောဆိုရမည်)၊ သဏှာဝါစာ (ဆဲရေးတိုင်းထွာခြင်းမပြုဘဲ သိမ်မွေ့နူးည့ံသောစကားကို ပြောဆိုရမည်) နှင့် သာတ္တကဝါစာ (အကျိုးမဲ့သိမ်ဖျင်းသောစကားကို ပြောကြားခြင်းမပြုဘဲ အကျိုးရှိသည့် စကားကို ပြောဆိုရမည်) ဟူသည့် ဝစီသုစရိုက် လေးပါးသည်လည်းကောင်း၊ အနဘိဇ္ဈာ (သူတစ်ပါးပစ္စည်းဥစ္စာကို ကိုယ့်ဥစ္စာဖြစ်ရေး မတွေးမကြံဘဲ ရှောင်လွှဲကာ အလိုနည်းရမည်)၊ အဗျာပါဒ (သူတစ်ပါးပျက်စီးရေးကို မတွေးမကြံဘဲ အမြဲတစေ မေတ္တာပွားများရမည်) နှင့် သမ္မာဒိဋ္ဌိ (ကမ္မဝါဒီကို မသွေဖီဘဲ ကံနှင့်အညီ ကြံဆမှု မှန်ကန်ရမည်) ဟူသည့် မနောကံသုစရိုက်သုံးပါးသည်လည်းကောင်း သုစရိုက်များ ဖြစ်ကြသည်။

ဒုစရိုက်နှင့် သုစရိုက်တို့သည် မည်သည့်အရာကမှန်ပြီး မည်သည့်အရာက မှားသည် ဟူ၍ ဓမ္မနှင့် အဓမ္မကို ပြဋ္ဌာန်းသည့်အရာများဖြစ်သကဲ့သို့ လူ့အဖွဲ့အစည်းဝင် အားလုံးတို့၏ ယုံကြည်ချက်လည်း ဖြစ်နိုင်သည်။ ဒုစရိုက်နှင့် သုစရိုက်တို့သည် လူသားကို တိရစ္ဆာန်များမှနေ၍ အခွဲခြားပေးနိုင်ဆုံး စံတန်ဖိုးများ ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ လူသားတို့ သည် ဒုစရိုက်နှင့် သုစရိုက်၊ ဓမ္မနှင့် အဓမ္မကို ပိုင်းခြားနိုင်သောကြောင့်သာ သတ္တဝါများထဲ ၌ အဆင့်အမြင့်ဆုံး ဖြစ်နေရခြင်းဟု ဆိုနိုင်သည်။ လောကပါလတရားသာ မရှိပါက လူ့အဖွဲ့အစည်းဝင်တို့၏အကြား ဆက်ဆံရေး ပျက်သုဉ်းသွားမည် ဖြစ်သောကြောင့် လူ့အဖွဲ့အစည်းအနေဖြင့် ရေရှည်တည်တံ့ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။ ၎င်းအပြင် ဒုစရိုက်နှင့် သုစရိုက်တို့သည် တရားဥပဒေ၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။ တရားဥပဒေ စိုးမိုးရေးက လူ့အဖွဲ့အစည်းကို တိုးတက်အောင် ပြုလုပ်ပေးနိုင်သည်။

ထို့ကြောင့် လူ့အဖွဲ့အစည်းတစ်ရပ် ပြဿနာ နည်းနိုင်သမျှ နည်းစွာဖြင့် မှန်မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက်လာရေး၌ ဒုစရိုက်နှင့် သုစရိုက်ကို ပိုင်းခြားကာ လောကပါလ တရားနှင့်အညီ နေထိုင်ရေးသည် လွန်စွာအရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာလ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်