ရန်ကုန်လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၃၀ ရက်တွင်တင်သွင်းခဲ့သည့် အောက်ဆီဂျင်စက်ခြောက်ခုကို ရန်ကုန်မြို့သို့ ငါးခုနှင့်မော်လမြိုင်မြို့သ်ို့ တစ်ခုပို့ဆောင်

ရန်ကုန်လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၃၀ ရက်တွင်တင်သွင်းခဲ့သည့် အောက်ဆီဂျင်စက်ခြောက်ခုကို ရန်ကုန်မြို့သို့ ငါးခုနှင့်မော်လမြိုင်မြို့သ်ို့ တစ်ခုပို့ဆောင်
အောက်ဆီဂျင်တင်သွင်းလာမှုကိုတွေ့ရစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
အောက်ဆီဂျင်တင်သွင်းလာမှုကိုတွေ့ရစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
Published 31 August 2021

ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီနှင့် တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုမှ သြဂုတ် ၃၀ ရက်တွင် COVID-19 ရောဂါကာကွယ် ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခဲ့မှုအနက် အောက်ဆီဂျင်စက်ခြောက်ခုမှာ ရန်ကုန်မြို့ကို ငါးခုနှင့် မော်လမြိုင်မြို့သို့ တစ်ခုဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီနှင့် တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတင်သွင်းရာတွင် ကုမ္ပဏီ ၁၈ ခုမှ ယာဉ်အစီးရေ ၂၈ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်သုံးစီးဖြင့် ၅၉ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) လေးတန်၊  အောက်ဆီဂျင်အိုးခွံ ၄၉၀၀ ခု၊ Oxygen Plant ခြောက်ခု၊ Oxygen Generator တစ်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၃၈၈ ခု၊ Test Kit ၃၀၀၀၊ PPE ဝတ် ၂၅၀၀ စုံနှင့် နှာခေါင်းစည်း ၁၃ တန် တင်သွင်းခဲ့သည်။

အောက်ဆီဂျင်အရည် (Bowser) ယာဉ် သုံးစီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး အောက်ဆီဂျင် စက်ခြောက်ခုမှာ ရန်ကုန်မြို့သို့ ငါးခုနှင့် မော်လမြိုင်မြို့သို့ တစ်ခုဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် နိုင်ငံတစ်ဝန်း COVID-19 ရောဂါ တတိယလှိုင်းကူးစက် ဖြစ်ပွားနှုန်း မြင့်တက်လာခြင်းနှင့်အတူ ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အရေးပေါ်လိုအပ်မှုမှာလည်း မြင့်တက်လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါပစ္စည်းများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ  တင်သွင်းနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် လိုင်စင်လျှောက်ထားရန် လိုအပ်သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်းများနှင့် Liquid Oxygen များ တင်သွင်းမှုကို လိုင်စင် လျှောက်ထားရန်မလိုဘဲ ခွင့်ပြုထားပြီးဖြစ်သည်။

Oxygen Concentrator များ တင်သွင်းမှုကိုလည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုဘဲ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကင်းလွတ်ခွင့်ဖြင့် လျင်မြန်စွာတင်သွင်းခွင့် ပြုပေးလျက်ရှိသည်။

လတ်တလော COVID-19 ရောဂါသည် တတိယလှိုင်းအဖြစ် ကူးစက်ပျံ့ပွားမှု လျင်မြန်လျက်ရှိရာ COVID-19 ရောဂါ ကုသမှုလုပ်ငန်းစဉ်များအား အထောက်အကူပြုနိုင်စေရန်အတွက် COVID-19 ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများအနက်  သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအားလုံးနှင့် Liquid Oxygen တို့အား ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ ရက်မှ စတင်၍ သွင်းကုန်လိုင်စင်လျှောက်ထားရယူရန် မလိုအပ်ဘဲ သုံးလ ယာယီဖြေလျှော့၍ တင်သွင်းခွင့်ပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent